ပူတင်က မိမိကို ဒုံးကျည်ဖြင့်တို်က်ခိုက်မည်ဟု ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင် ဖွင့်ဟ

ပူတင်က မိမိကို ဒုံးကျည်ဖြင့်တို်က်ခိုက်မည်ဟု ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင် ဖွင့်ဟ
ဇယ်လန်းစကီးနှင့် ဘော်ရစ်ဂျွန်ဆင်တို့ စကားလက်ဆုံကျနေပုံကို ယူကရိန်းသမ္မတရုံးက ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ပေးသောပုံ၌ တွေ့ရစဉ် (Photo-AFP)
ဇယ်လန်းစကီးနှင့် ဘော်ရစ်ဂျွန်ဆင်တို့ စကားလက်ဆုံကျနေပုံကို ယူကရိန်းသမ္မတရုံးက ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ပေးသောပုံ၌ တွေ့ရစဉ် (Photo-AFP)
Published 30 January 2023
  Ref:AFP

သမ္မတဗလာဒီမာပူတင်သည် ယူကရိန်းနိုင်ငံထဲသို့ ရုရှားတပ်များ ဝင်ရောက်ရန် အမိန့်မပေးမီဒုံးကျည်တိုက်ခိုက်မှုဖြင့် ဘော်ရစ်ဂျွန်ဆင်ကို ပုဂ္ဂိုလ်ရေးပစ်မှတ်ထားရန် ခြိမ်းခြောက်ခဲ့သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင်က ပြောကြားသည်။

ပေါ်တင်ခြိမ်းခြောက်မှုသည် ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုမတိုင်မီ ဖုန်းပြောဆိုမှုအတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်လွှင့်မည့် ဘီဘီစီသတင်းမှတ်တမ်းသစ်အရ သိရသည်။

ဂျွန်ဆင်နှင့် အခြားအနောက်ခေါင်းဆောင်များသည် ယူကရိန်းအတွက် ထောက်ခံမှုကို အလောသုံးဆယ်ပြသခဲ့ကြပြီး ရုရှား တိုက်ခိုက်မှုကို တားဆီးရန် အလျင်အမြန်ကြိုးစားခဲ့ကြသည်။

“တစ်ခါတုန်းက သူက ကျွန်တော့်ကို ခြိမ်းခြောက်တဲ့ပုုံစံပြောခဲ့တာပါ။ ဘော်ရစ်ရေ၊ ကျူုပ်ကတော့ ခင်ဗျားကို မထိခိုက်စေချင်ပါဘူး။ ဒါပေမဲ့ ဒုံးကျည်နဲ့ဒါမှမဟုတ် ဒုံးကျည်နဲ့ တူတဲ့ဟာတစ်ခုခုနဲ့ဆို တစ်မိနစ်မကြာဘူး” ဟု ပူတင်ပြောခဲ့ကြောင်းဘော်ရစ်ဂျွန်ဆင်က ပြန်လည်ပြောကြားသည်။

ဂျွန်ဆင်သည် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးကို အလှိုက်လှဲဆုံး အနောက်နိုင်ငံထောက်ခံသူတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။

နေတိုးအဖွဲ့ထဲ ယူကရိန်းဝင်ရောက်မည့် အလားအလာမရှိကြောင်း ကျူးကျော်မှုမတိုင်မီက ၎င်းက ပူတင်အားအကြိတ်အနယ်ပြောခဲ့သည်ဟု ဆိုသည်။ ကျူးကျော်မှုမှန်သမျှသည် ရုရှားနယ်စပ်များတွင် နေတိုးမဟာမိတ် နည်းနည်းမဟုတ်၊ များများရှိလာမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည်ဟု ဂျွန်ဆင်က ပူတင်အား သတိပေးပြောကြားခဲ့သည်ဟု ဆိုသည်။

“ဘော်ရစ်၊  ယူကရိန်းဟာ မကြာမီနေတိုးအဖွဲ့ထဲဝင်ဦးမှာမဟုတ်ဘူးလို့ ခင်ဗျားပြောတာပါဆိုပြီး ပူတင်ကပြောပါတယ်” ဟု ဂျွန်ဆင်က ပြောကြားသည်။ 

“မကြာမီဆိုတာ ဘာလဲ။ ယူကရိန်းဟာ ကြိုမြင်နိုင်တဲ့အနာဂတ်အထိ နေတိုးအဖွဲ့ထဲဝင်မှာမဟုတ်ပါဘူး။ ဒါကို ခင်ဗျားကောင်းကောင်းသိပါတယ်” ဟု ဂျွန်ဆင်က ပူတင်အား ပြန်လည်ပြောကြားခဲ့သည်ဟု ဆိုသည်။

ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းနှင့်စပ်လျဉ်း၍ ဂျွန်ဆင်က “သူက အလွန်တည်ငြိမ်တဲ့လေသံနဲ့ပြောတယ် ထင်ပါတယ်။ သူပြောနေကျအစွဲကင်းတဲ့ လေသံမျိုးနဲ့ပြောတာပါ။ သူစေ့စပ်ဆွေးနွေးတာလုပ်ဖို့ ကျွန်တော်ရဲ့ကြိုးပမ်းမှုတွေကို သဘောတူလိုက်တဲ့ ပုံစံမျိုးပါ” ဟု ဆိုသည်။

ဘီဘီစီသတင်းမှတ်တမ်းသည် ယူကရိန်းမကျူးကျော်မီနှစ်များတွင် ရုရှားခေါင်းဆောင်ပူတင်နှင့် အနောက်တို့ သဘောထားကွဲလွဲမှုမြင့်တက်လာခြင်းကို ဖော်ပြထားသည်။

ရုရှားတိုက်ခိုက်မှုမခံရမီ နေတိုးအဖွဲ့ထဲဝင်ရန် ပျက်ပြားသွားသောရည်မှန်းချက်များအကြောင်း ပြန်လည်ပြောပြနေသော ဇယ်လန်းစကီးကိုလည်း သတင်းမှတ်တမ်းက ဖော်ပြထားသည်။   

“မနက်ဖြန်မှာ ရုရှားဟာ ယူူကရိန်းကို ကျူးကျော်မယ်ဆိုတာ ခင်ဗျားသိထားတယ်ဆိုရင် အဲ့ဒီကျူးကျော်တာကို ကျွန်တော်ဟန့်တားနိုင်တဲ့ တစ်ခုခုကို ခင်ဗျားဘာကြောင့် မပေးခဲ့တာလဲ။ ဒါမှမဟုတ် အဲ့ဒါကို ခင်ဗျားမပေးနိုင်ရင် ကျူးကျော်တာကို ခင်ဗျားဘာ သာရပ်ပစ်ပေါ့ဗျာ” ဟု ဂျွန်ဆင်က ပြောကြားကြောင်း ဘီဘီစီသတင်းမှတ်တမ်းသစ်တွင် ဖော်ပြထားသည်။                                                        

Most Read

Most Recent