ရန်ကုန်-ပုဂံ တိုက်ရိုက်အမြန်ရထား အစုန် အဆန် ခရီးစဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး နေ့စဉ်ပြေးဆွဲမည်ဟုသိရ

ရန်ကုန်-ပုဂံ တိုက်ရိုက်အမြန်ရထား အစုန် အဆန် ခရီးစဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး နေ့စဉ်ပြေးဆွဲမည်ဟုသိရ
Published 22 January 2023
ဇော်ဝင်းချစ်(တောင်ငူ)

ရန်ကုန်-ပုဂံ တိုက်ရိုက် အမြန်ရထား အစုန် အဆန် ခရီးစဉ်အား ဇန်နဝါရီ ၂၃ ရက်နေ့မှ စတင်၍ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်မှပုဂံသို့ အစုန်ခရီးစဉ်နှင့် ပုဂံမှရန်ကုန်သို့ အဆန်ခရီးစဉ် နှစ်ခုလုံးအား နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန် အသိပေးချက်အရသိရသည်။

ရန်ကုန်-ပုဂံ တိုက်ရိုက်အမြန်ရထားခရီးစဉ်လမ်းကြောင်းအား ရန်ကုန်-ပြည်(ရွှေတံခါးဘူတာ)-တောင်တွင်းကြီး-ပုဂံလမ်းဖြစ်သည့် ရထားလမ်းပိုင်းမှ ပြေးဆွဲသွားမည်ဖြစ်ကာ ရန်ကုန်နှင့်ပုဂံအရောက် ရထားခုတ်မောင်းရန် ကြာမြင့်ချိန် ၁၉ နာရီ ၄၅ မိနစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ပုဂံ တိုက်ရိုက် အမြန်ရထားခရီးစဉ်နေ့စဉ်ပြေးဆွဲရာတွင် ရန်ကုန်မှ ပုဂံသို့ အမှတ် (၆၁) အစုန်ရထားခရီးစဉ်အား ရန်ကုန်မှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင်စတင်ထွက်ခွာ၍ ပုဂံသို့ နောက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး ပုဂံမှ ရန်ကုန်သို့ အမှတ်(၆၂) အစုန်ရထားခရီးစဉ်အား ပုဂံမှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ နောက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးချက်အရသိရသည်။

ရန်ကုန်-ပုဂံ တိုက်ရိုက်အမြန်ရထားခရီးစဉ်အတွက် လက်မှတ်နှုန်းထားမှာရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် ၇၂၀၀ ကျပ်၊ အထက်တန်းလက်မှတ်တစ်စောင်လျှင် ၁၄၄၀၀ ကျပ်နှင့် အိပ်စင်အတွက် ၁၉၈၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပုဂံ တိုက်ရိုက်အမြန်ရထားခရီးစဉ် လမ်းတစ်လျှောက် ကြားဘူတာများဖြစ်သည့် သာယာဝတီ၊လက်ပံတန်း၊မင်းလှ၊ အုတ်ဖို၊ကြို့ပင်ကောက်၊ဇီးကုန်း၊နတ္တလင်း၊ပေါင်းတည်၊ပုတီးကုန်း၊သဲကုန်း၊ဆင်မြီးဆွဲ၊ပြည် ( ရွှေတံခါး)၊အောင်လံ၊ဆတ်သွား၊တောင်းတွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊စုတည်စသော ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ပြီး နေ့စဉ် ပိတ်ရက်မရှိ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။

 

Most Read

Most Recent