မုံရွာတွင် ကုန်စုံဆိုင်တစ်ဆိုင်ကို လူအချို့က ဝင်ရောက်ပြီး ငွေညှစ်တောင်းခံရာ မပေးသဖြင့် ဆိုင်ရှင် လင်မယားကို ဓားဖြင့်ခုတ်ရာ အမျိုးသားဖြစ်သူ သေဆုံးခဲ့ကြောင်း မေတ္တာစေရာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်း ချမ်းမြေ့သုခ ကုန်စုံဆိုင်ပိုင်ရှင်မိသားစုမှာ ဆိုင်ပိတ်နေချိန်တွင် ဆိုင်ကယ်များ စီးနင်းလာသည့် လူလေးဦးက ဓားများ ကိုင် ဆောင်ကာ ဆိုင်အတွင်းဝင်ရောက်၍ ငွေတောင်းခဲ့ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ ပတ်ဝန်းကျင်က ပြောတာတော့ ဆိုင်ကိုလာတဲ့လူ လေးယောက်မှာ သေနတ်အတု တစ်လက်ပါတယ် လည်းပြောတယ်။ အနုကြမ်းစီးတဲ့ ပုံစံပေါ့။ ဆိုင်ရှင်အကိုက တုတ်နဲ့ ရိုက်တော့ သေနတ်အတုက လွတ်ကျပြီး ပါလာတဲ့ဓားတွေနဲ့ လုပ်တဲ့သဘောပေါ့” ဟု ပတ်ဝန်းကျင်၏ ပြောကြားချက်ကို ကိုးကားပြီး အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ ဓားဖြင့် ၀ိုင်းခုတ်မှုကြောင့် ဆိုင်ပိုင်ရှင် ကိုစိုးရာဇာမှာ ညာဘက် လက်မောင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျော ပြတ်ရှဒဏ်ရာ နှစ်ချက်၊ ရင်ဘတ်ပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ အမျိုးသမီးဖြစ်သူ မခင်ချမ်းမြေ့သိန်းမှာ ဘယ်ဘက်ပါးနှင့် ဘယ်ဘက် လက်ချောင်း ပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း အသင်းထံမှ သိရသည်။
“ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အစ်ကို သွေးထွက်လွန်နေတယ်။ သွေးထိန်းတာလည်း ဘယ်လိုမှ မရတော့ဘူး။ အဲ့ဒါနဲ့ တတ်နိုင်သလောက် သွေးထိန်းပြီး ဆေးရုံကို လိုက်ပို့တယ်။ ဆေးရုံကို ရောက် ချိန်မှာတော့ အသက်ဆုံးရှုံးသွားတယ်။ ဆိုင်ရှင်အစ်မက ပါးမှာ တစ်ချက်နဲ့ လက်ချောင်းက အကြောပြတ်သလို ဖြစ်သွားတယ်။ သူကတော့ အခုထိ Operation လုပ်နေရတယ်” ဟု မေတ္တာစေရာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဇန်နဝါရီ ၂၁ ရက်တွင် သေဆုံးခဲ့သည့် ကုန်စုံဆိုင်ပိုင်ရှင် ကိုစိုးရာဇာ၏ အလောင်းအား ဆေးရုံမှ တစ်ဆင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။