အနောက်နိုင်ငံများက တာဝေးပစ်လက်နက်များပေးမည်ဆိုပါက ယူကရိန်းတွင် အခြေအနေပိုဆိုးလာမည်ဟု ရုရှားသတိပေး

အနောက်နိုင်ငံများက တာဝေးပစ်လက်နက်များပေးမည်ဆိုပါက ယူကရိန်းတွင် အခြေအနေပိုဆိုးလာမည်ဟု ရုရှားသတိပေး
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ပက်စကော့ကို  ဇန်နဝါရီလထဲ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ် (Photo – AFP)
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ပက်စကော့ကို  ဇန်နဝါရီလထဲ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ် (Photo – AFP)
Published 20 January 2023
Ref : AFP 

အနောက်နိုင်ငံများက ရုရှားကိုတိုက် ခိုက်နိုင်စွမ်းရှိသော နောက်ထပ်လက်နက်များအား ယူကရိန်းထံပေးမည်ဆိုပါက ယူကရိန်းတွင် အခြေအနေပိုဆိုးလာမည်ဟု ရုရှားက ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးလိုက်သည်။

“ဒါဟာ အလွန်အန္တရာယ်များမယ့် အနေအထားဖြစ်လာနိုင်ပါတယ်။ ဒါဟာ ပဋိပက္ခကိုအနေအထားသစ်တစ်ရပ် ရောက်သွားစေမှာဖြစ်ပါတယ်။ ကမ္ဘာ့လုံခြုံရေးနဲ့ ဥရောပနိုင်ငံအားလုံးရဲ့လုံခြုံရေးရှုထောင့်ကကြည့်ရင် ကောင်းတဲ့ နိမိတ်လက္ခဏာမဟုတ်ပါဘူး” ဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က သတင်းထောက်များကို ပြောကြားသည်။

အနောက်နိုင်ငံများက ယူကရိန်းထံ ပိုမိုအားကောင်းသော လက်နက်များပေးပို့ရန် စဉ်းစားသုံးသပ်ရေးအတွက် အရေးပါသော အလှူရှင် အစည်းအဝေးကို မကျင်းပမီ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူထံမှ အထက်ပါသတိပေးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သည် ယူကရိန်းကို စစ်ရေးထောက်ပံ့မှုများပြုလုပ်ရေးအတွက် ဂျာမနီနိုင်ငံ ရမ်စတိန်းမြို့ရှိ ၎င်း၏ လေတပ်အခြေစိုက်စခန်းတွင် မဟာမိတ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ယူကရိန်းက အနောက်နိုင်ငံများပံ့ပိုးသည့်လက်နက်များကို ရုရှားကို ပစ်မှတ်ထားရန် သို့မဟုတ် ၂၀၁၄ ခုနှစ် ယူကရိန်းထံမှ သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ကို ပစ်မှတ်ထားရန် အသုံးပြုမည်ဆိုပါက ရုရှားက လက်တုံ့ပြန်ရလိမ့်မည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်အနာတိုလီ အန်တိုနော့က ပြောကြားခဲ့ပြီးနောက် ပြောရေးဆိုခွင့်ရှိသူ ပက်စကော့က သတိပေးပြောကြားခြင်းဖြစ်သည်။

“ဒါဟာ လူတိုင်းအတွက် သိသာထင်ရှားသင့်ပါတယ်။အမေရိကန်တွေ ဒါမှမဟုတ် နေတိုးက ဇယ်လန်းစကီးအစိုးရကို ဘယ်လိုလက်နက်တွေ ထောက်ပံ့ပေးနေပါစေ အရေးမဟုတ်ပါဘူး။ ကျွန်တော်တို့က အဲ့ဒီလက်နက်တွေကို ဖျက်ဆီးပစ်မှာပါ”ဟု ၎င်းက ပြောကြားသည်။

“ရုရှားကို အနိုင်ယူဖို့ ရိုးရိုးရှင်းရှင်းလေး မဖြစ်နိုင်ပါဘူး”ဟု သံရုံးက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်အနာတိုလီ အန်တိုနော့က ဖော်ပြထားသည်။

သီးခြားအနေဖြင့်လည်း ရုရှားသမ္မတ ဟောင်းဒီမီထရီမက်ဗီဒက်က ယူကရိန်းအတွက် အနောက်၏ စဉ်ဆက်မပြတ်ထောက်ပံ့မှုက နျူကလီးယားစစ်ပွဲထံ ဦးတည်သွားစေနိုင်သည်ဟု သတိပေးပြောကြားသည်။

ရုရှားစစ်တပ်က ယူကရိန်းတောင်ပိုင်းရှိ အိုရီကိဗ်မြို့အနီးတွင် ဒေသတွင်းထိုးစစ်ကို လုပ်ဆောင်သည်ဟု ရုရှားခန့်ထားသောတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ အိုရီကိဗ်အနီးက ရှေ့တန်းစစ်မျက်နှာသည် လချီ ရှေ့မတိုး နောက်မဆုတ်အနေအထားဖြစ်နေသော နေရာဖြစ်သည်။

“ကျွန်တော်တို့ရဲ့စစ်သားတွေဟာ အိုရီကိဗ်အနီးမှာ ဒေသဆိုင်ရာထိုးစစ်ကိုဆင်နွှဲခဲ့ကြပါတယ်”ဟု ယူကရိန်း၏ ဇာပိုရီရှားဒေသတွင် ရုရှားဖွဲ့စည်းပေးထားသောအာဏာပိုင်အဖွဲ့၏ အကြီးအကဲဗလာဒီမာရိုဂေါ့က ပြောကြားကြောင်း ရုရှားအစိုးရမီဒီယာက ဖော်ပြသည်။

ရှေ့တန်းစစ်မျက်နှာသည် မဆိုစလောက်ပြောင်းလဲသွားသည်ဟု ရိုဂေါ့ကပြောကြားပြီး ယူကရိန်းစစ်သားအချို့ ပြန်ဆုတ်သွားသည်ဟု ဆိုသည်။ ရုရှားစစ်သားများသည် ၎င်းတို့ နေရာယူထားသောနေရာများကို ဆက်လက်ထိန်းထားပြီးဇာပိုရီရှားဒေသတွင် လွတ်မြောက်နယ်မြေ တဖြည်းဖြည်းတိုးလာသည်ဟု ၎င်းကဆိုသည်။                  

Most Read

Most Recent