တောင်အာဖရိကကမ်းလွန် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နှင့် ရုရှားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

တောင်အာဖရိကကမ်းလွန် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နှင့် ရုရှားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
၂၀၂၂ ခုနှစ်က တရုတ်နှင့် ရုရှားစစ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် (Photo – AFP)
၂၀၂၂ ခုနှစ်က တရုတ်နှင့် ရုရှားစစ်သင်္ဘောများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် (Photo – AFP)
Published 20 January 2023
Ref : AP

တရုတ်နှင့် ရုရှားသည် လာမည်လတွင် တောင်အာဖရိကနိုင်ငံကမ်းလွန် အိန္ဒိယသ မုဒ္ဒရာထဲတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြု လုပ်မည်ဖြစ်ပြီး ယင်းသည် ယူကရိန်းစစ်ပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေချိန်တွင် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး တောင်အာဖရိကနိုင်ငံနှင့် ၎င်းတို့အကြား ဆက်ဆံရေးမြင့်တက်နေမှုကို ဖော်ပြသည့် လက္ခဏာတစ်ခုဖြစ်သည်။

တောင်အာဖရိကစစ်တပ်က ၎င်းတို့သည် ရုရှား၊ တရုတ်ရေတပ်များနှင့် တောင်အာဖရိကအရှေ့ဘက် ကမ်းရိုးတန်း ဒါဘန်မြို့နှင့် ရစ်ချက်ဘေးမြို့များအနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိပြုလုပ်မည့် နိုင်ငံစုံ ရေကြောင်းစစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်သွားမည်ဟု ဇန်နဝါရီ ၁၉ ရက်က ပြောကြားခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်က ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှု တစ်နှစ်ပြည့် အချိန်အခါနှင့် တိုက်ဆိုင်နေပြီး ရုရှားနှင့် တရုတ်တို့၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုး ရေးအတွက် ကြိုးပမ်းမှုများကို ပိုမိုအာရုံစိုက်စေနိုင်မည်ဖြစ်သည်။

ထို့ပြင် အာဖရိကတိုက်၏ ထိပ်သီးနိုင်ငံဖြစ်သည့် တောင်အာဖရိကသည်လည်း ယူကရိန်းအပေါ် ရုရှား၏ လုပ်ဆောင်မှုများကို ရှုတ်ချရန်နှင့် အနောက်နိုင်ငံများဘက်မှ ရပ်တည်ရန် ငြင်းဆိုထားသည့် နိုင်ငံဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်သည် တောင်အာဖရိကနိုင်ငံသို့ သွားရောက်ပြီး တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နာလီဒီပန်ဒါနှင့် ဆွေးနွေးပွဲများ မပြုလုပ်မီ ရက်ပိုင်းအလိုတွင် ယခုကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

တောင်အာဖရိကအစိုးရက ၎င်းသည် ယူကရိန်းအရေးတွင် ကြားနေအဖြစ်ရပ်တည်ကြောင်းနှင့် သံတမန်ရေးနှင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

သို့သော် လာမည့် ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် တောင်အာဖရိကအစိုးရအနေနှင့် ရုရှားဘက်မှ ခိုင်မာစွာ ရပ်တည်ခြင်း ဖြစ်သည်ဟု အဓိက အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။

တောင်အာဖရိက အစိုးရကမူ ၎င်းသည် မည်သည့်ဘက်တွင်မျှ ရပ်တည်ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ရေးအတွက်သာ တောင်းဆိုခဲ့သည်။

တောင်အာဖရိက လက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းပါဝင်ထားသည့် တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SANDF) ကမူ လာမည်လတွင်ပြုလုပ်မည့် ရေတပ်စစ်ရေး လေ့ကျင့်မှုများသည် တောင်အာဖရိက၊ ရုရှား နှင့် တရုတ်အကြား ယခင်ကတည်းကကောင်းမွန်နေသည့် ဆက်ဆံရေးများကို ပိုမိုခိုင်မာစေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများကို စစ်ဆင်ရေးစွမ်းရည်များနှင့် အတွေ့အကြုံများကို မျှဝေရန် ရည်ရွယ်ကြောင်း SANDF က ပြောကြားခဲ့သည်။

ယင်းသုံးနိုင်ငံသည် ၂၀၁၉ ခုနှစ်ကလည်း ကိပ်တောင်းတွင် အလားတူ ရေတပ် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ရုရှားနှင့် တရုတ်သည် ပြီးခဲ့သည့်လက အရှေ့တရုတ်ပင်လယ်တွင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

အနောက်နိုင်ငံများ၏ အဓိက မိတ်ဖက် ဖြစ်သည့် တောင်အာဖရိကသည် ပြီးခဲ့သည့်နှစ်က ယူကရိန်းစစ်ပွဲတွင် ရုရှားအား ရှုတ်ချရန် ကုလသမဂ္ဂတွင် မဲခွဲမှု၌ မဲမပေးဘဲ လက်ရှောင်ခဲ့သည့် အာဖရိကနိုင်ငံအချို့တွင် ပါဝင်ခဲ့သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂကမူ တောင်အာဖရိကသည် ရုရှားအား ဝေန်ရှုတ်ချလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။    

Most Read

Most Recent