ဒုတိယဝန်ကြီးချုပ်နှစ်ဦး၊ ဝန်ကြီးသုံးဦး၊ အခြားထိပ်တန်းတာဝန်ရှိသူများ စည်းကမ်းချိုးဖောက်ရာတွင် မိမိတာဝန်ရှိသည်ဆိုကာ ဗီယက်နမ်သမ္မတငုယင်ဆွင်ဖူ ရာထူးမှ နုတ်ထွက်

ဒုတိယဝန်ကြီးချုပ်နှစ်ဦး၊ ဝန်ကြီးသုံးဦး၊ အခြားထိပ်တန်းတာဝန်ရှိသူများ စည်းကမ်းချိုးဖောက်ရာတွင် မိမိတာဝန်ရှိသည်ဆိုကာ ဗီယက်နမ်သမ္မတငုယင်ဆွင်ဖူ ရာထူးမှ နုတ်ထွက်
ဗီယက်နမ်သမ္မတအဖြစ် ငုယင်ဆွင်ဖူ အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ရိုက်ထားသောပုံတွင် တွေ့ရစဉ် (Photo-AFP)
ဗီယက်နမ်သမ္မတအဖြစ် ငုယင်ဆွင်ဖူ အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ရိုက်ထားသောပုံတွင် တွေ့ရစဉ် (Photo-AFP)
Published 17 January 2023
Ref:APA, Bloomberg

ဗဟိုပါတီကော်မတီက ငုယင်ဆွင်ဖူကို ဗီယက်နမ်သမ္မတအဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ဇန်နဝါရီ ၁၇ ရက်တွင် သဘောတူလိုက်သည်ဟု ဗီယက်နမ်အစိုးရမီဒီယာက ဖော်ပြသည်။

ကော်မတီအထူးအစည်းအဝေးမှ ထုတ်ပြန်သောထုတ်ပြန်ချက်အရ ငုယင်ဆွင်ဖူသည် ကွန်မြူနစ်ပါတီနှင့် အစိုးရအဖွဲ့တို့၏ အရေးပါသောခေါင်းဆောင်ဖြစ်သည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ကော်မတီနှင့် ပေါ်လစ်ဗျူရိုတို့က ၎င်းကို ယုံကြည်မှုရှိခဲ့ပြီး အရေးကြီးသောရာထူးအများအပြားတွင် တာဝန်အပ်နှင်းထားသည်။

၂၀၁၆-၂၀၂၁ ခုနှစ် ကာလအတွင်းတွင် ဝန်ကြီးချုပ်အဖြစ် ငုယင်ဆွင်ဖူသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့်၎င်းဦးဆောင်သည့် ကိုဗစ်တိုက်ဖျက်မှုသည် အရေးပါသော ရလဒ်များရရှိခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ဒုတိယဝန်ကြီးချုပ်နှစ်ဦး၊ ဝန်ကြီးသုံးဦးတို့ ရာထူးမှထွက်သွားခြင်းအပါအဝင် တာဝန်ရှိသူအချို့ နုတ်ထွက်သွားခြင်းအတွက် ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းတွင်တာဝန်ရှိသည်ဟုဆိုသည်။ ဒုတိယဝန်ကြီးချုပ်နှစ်ဦးသည် ရာထူးမှ နုတ်ထွက်သွားကြပြီး ဝန်ကြီးနှစ်ဦးနှင့် အခြားသောတာဝန်ရှိသူအချို့မှာ ရာဇဝတ်မှုစွဲချက်များကို ရင်ဆိုင်နေကြရသည်။ ၎င်းတို့သည် စည်းကမ်းချိုးဖောက်ခဲ့ကြကြောင်း၊ ယင်းသို့ ချိုးဖောက်ခြင်းက ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ ထို့ကြောင့် ယင်းသို့ထိပ်တန်းတာဝန်ရှိသူများ နုတ်ထွက်ခြင်း၊ စည်းကမ်းချိုးဖောက်ခြင်းတို့မှာ ၎င်းတွင် တာဝန်ရှိကြောင်း ကောင်းမွန်စွာ သတိပြုမိသောကြောင့် ငုယင်ဆွင်ဖူသည် အပ်နှင်းထားသော ရာထူးတာဝန်များမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီး အငြိမ်းစားယူရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်၏ သြဇာအကြီးမားဆုံးရာထူး လေးခုထဲက တစ်ခုဖြစ်သည့် ဝန်ကြီးချုပ်ရာထူးတွင် ငါးနှစ် ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ငုယင်ဆွင်ဖူကို အမျိုးသားလွှတ်တော်က သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်မှုကို ဦးဆောင်ခဲ့ကြသော ဒုတိယဝန်ကြီးချုပ်များဖြစ်သည့် ဖမ်ဘင်မင်နှင့် ဗူဒူဒမ်တို့သည် နေရပ်သို့ပြန်လည်ပို့ဆောင်သည့်လေကြောင်းခရီးများ၊ ကိုဗစ်ဆေးစစ်ကိရိယာ ထုတ်လုပ်သော လုပ်ငန်းတစ်ခုနှင့်ဆက်စပ်နေသော အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခြင်းများအတွက် တာဝန်ရှိသည်ဆိုကာ နုတ်ထွက်သွားကြပြီးနောက် ငုယင်ဆွင်ဖူ နုတ်ထွက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် ငုယင်ဆွင်ဖူသည် နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို ဦးဆောင်ရာတွင် အောင်မြင်မှုရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် ဒုတိယဝန်ကြီးချုပ်နှစ်ဦး၊ ဝန်ကြီးသုံးဦး တို့အပါအဝင် အခြားတာဝန်ရှိသူများ ကျူးလွန်သည့် စည်းကမ်းချိုးဖောက်မှုများ၊ အမှားများအတွက် ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေးဆိုင်ရာ တာဝန်ကိုယူခြင်းဖြစ်ပြီး ၎င်း၏နုတ်ထွက်စာကို တင်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုတိယသမ္မတဗိုသီအန်းဆွင်သည် အမျိူးသားလွှတ်တော်က သမ္မတသစ်ကို မရွေးချယ်မီ ယာယီသမ္မတဖြစ်လာမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြသည်။

 

Most Read

Most Recent