ကမ္ဘာကျော်ကေပေါ့ပ်အဖွဲ့ BTS နှင့် တွေ့ခွင့်ရရေး တောင်ကိုရီးယားသို့သွားရန် အစီအစဉ်ဆွဲထားသည့် အသက် ၁၃ နှစ်နှင့် ၁၄ နှစ်အရွယ်မိန်းကလေးနှစ်ဦး ဇန်နဝါရီ ၇ ရက်က ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
သို့သော် လူပျောက်အတိုင်ခံထားရသည့် ၎င်းမိန်းကလေးနှစ်ဦးကို နေအိမ်မှ မိုင်ပေါင်း ၇၅၀ ကျော်အကွာတွင် ရှာတွေ့ခဲ့သည်ဟု ရဲတပ်ဖွဲ့ကကြေညာသည်။
၎င်းတို့၏နေအိမ်များကို ရှာဖွေစစ်ဆေးရာ BTS နှင့်တွေ့ရန်ရည်ရွယ်ချက်ဖြင့် ကိုရီးယားသို့သွားရန် စီစဉ်ထားသည်များကို ရဲများက ဒိုင်ယာရီမှတ်တမ်းတစ်ခုတွင် တွေ့ခဲ့ရသည်။ “ဒိုင်ယာရီထဲမှာ ရထားချိန်တွေမှတ်ထားတာတွေ့တယ်၊ နောက်ထပ်သူငယ်ချင်းတစ်ဦးနဲ့ထွက်ပြေးဖို့ သူတို့ကကြံထားတာ၊ အဲဒီသူငယ်ချင်းကိုလည်း စစ်မေးပြီးပြီ” ဟု ရဲမှူးဆိုသူကပြောသည်။
ရဲတပ်ဖွဲဲ့အဆိုအရ ထွက်ပြေးသွားသည့် မိန်းကလေးနှစ်ဦးသည် လာဟိုးမြို့သို့ ရထားဖြင့်ရောက်သွားပြီး လာဟိုးရဲတပ်ဖွဲ့က ၎င်းတို့ နှစ်ဦးကို ထိန်းသိမ်းထားသည်။ ထို့ကြောင့် ကရာချိ နှင့်လာဟိုး ရဲတပ်ဖွဲ့ချင်းပူးပေါင်း၍လည်း မိန်းကလေးများကို အိမ်ပြန်ပို့ရေး စီမံခဲ့ရသည်။
ထို့ပြင် မိဘများအနေဖြင့် မိမိတို့သားသမီးများ အွန်လိုင်းတွင် မည်သည့်အရာများ ကြည့်ရှုနေသည်ကိုသိရှိနိုင်အောင် ၎င်းတို့၏ဖုန်းသုံးချိန်ကို သေချာစောင့်ကြည့်ကြရန်လည်း ကရာချိရဲမှူးက မေတ္တာရပ်ခံထားသည်။
ကေပေါ့ပ်ရေစီးကြောင်းသည် ပါကစ္စတန်မှမဟုတ်ဘဲ တစ်ကမ္ဘာလုံးကို စိမ့်ဝင်ပျံ့နှံ့ လျက်ရှိပြီး ပါကစ္စတန်တွင် BTS ပိုစတာများ၊ သီချင်းအယ်လ်ဘမ်များ ရောင်းရသည့်အပြင် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများကလည်း ရေပန်းစားလှသည်။
အဖွဲ့ဝင်ခုနစ်ဦးဖြင့်ဖွဲ့စည်းထားသည့် BTS တွင် အသက်အကြီးဆုံးဖြစ်သည့် ဂျင် စစ်မှုထမ်းနေသည့်အတွက် အဖွဲ့လိုက်လှုပ်ရှားမှုများကိုမူ မြင်ရဦးမည်မဟုတ်ပေ။ ဂျင် (အသက် ၃၀) သည် ဒီဇင်ဘာ ၁၃ ရက်က စတင်စစ်မှုထမ်းလိုက်ပြီး စစ်မှုထမ်းကာလ ၁၈ လကြာမြင့်မည်ဟု ခန့်မှန်းရသည်။ BTS ၏အေဂျင်စီကမူ ၂၀၂၅ ခုနှစ်မှ အဖွဲ့လိုက် ပြန်မြင်ရမည်ဖြစ်ပြီး ကြားကာလများတွင် တစ်ကိုယ်တော်လှုပ်ရှားမှုများဘက်ကိုသာ အာရုံစိုက်လိမ့်မည်ဟု ကြေညာထားသည်။