ဇန်နဝါရီလ (၉) ရက် မှ (၁၁) ရက်၊ သုံးရက်အတွင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နှင့် ရေဖြူမြို့နယ်များတွင် အမျိုးသား၊ အမျိုးသမီး (၆) ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဇန်နဝါရီလ (၉) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်နေ အသက် (၅၀) နှစ်အရွယ်ခန့်ရှိ ဦးကျော်လွင်ဆိုသူမှာ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဦးကျော်လွင်ကို သေနတ်သမားတွေက သူ့နေအိမ်မှာပဲ သေနတ်နဲ့သုံးချက်လာပစ်သွားတယ်။ ဘယ်အဖွဲ့ကလာပစ်သွားလဲဆိုတောတော့ မသိဘူး။ ဦးကျော်လွင် က သေနတ်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အလားတူ ဇန်နဝါရီလ (၁၀) ရက် မွန်းလွဲပိုင်းအချိန်က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာတွင် အသက် (၆၃) နှစ်အရွယ်ရှိ ဒေါ်မာမာဇင် ဆိုသူမှာ ၎င်း၏နေအိမ်တွင်ရှိနေစဉ် အမည်မသိသေနတ်သမားများရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ဒေါ်မာမာဇင် တွင် လည်ပင်း၊ မျက်လုံး နှင့် နားထင်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ဒေါ်မာမာဇင်က ရန်ကုန်ဘက်ကလို့ သိရတယ်။ ကျောက်ဆင်ရွာသားနဲ့ အိမ်ထောင်ကျပြီး ရွာမှာပဲနေထိုင်နေသူပါ။ ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်သွားလဲဆိုတာကိုတော့မသိရဘူး။ သူ့ရဲ့ရုပ်အလောင်းကို ညနေပိုင်းမှာ ထားဝယ်ဆေးရုံကိုပို့ဆောင်လိုက်တယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် ဇန်နဝါရီလ (၁၁) ရက်၊ မွန်းတည့် (၁၂) နာရီဝန်းကျင်အချိန်ခန့်က လောင်းလုံးမြို့နယ် ဝေဒီမြို့ဟောင်းကျေးရွာနေ အသက် (၆၀) နှစ်ခန့်အရွယ် ဒေါ်တင်သန်း ဆိုသူမှာ ၎င်း၏နေအိမ်ဈေးဆိုင်တွင်ရှိနေစဉ် သေနတ်သမားနှစ်ဦးရောက်ရှိလာပြီး ဈေးဝယ်ဟန်ဆောင်ကာ သေနတ်ဖြင့်ပစ်ခတ်သွားသည့်အတွက် သေဆုံးခဲ့ကြောင်းနှင့် မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့်လာရောက်ပစ်ခတ်သွားခြင်းမသိရကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
ထို့အတူ ဇန်နဝါရီလ (၁၁) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က ရေဖြူမြို့နယ် နဘုလယ်ကျေးရွာအုပ်စု၊ လဲရှောင်ကျေးရွာနေ အသက် (၅၀) နှစ်ကျော် အရွယ်ရှိ ဦးစိုးသိန်း ဆိုသူမှာ ၎င်းကျေးရွာရှိ ဘိလိယက်ခုံတွင် ရှိနေစဉ် လက်နက်ကိုင်ထားသူများရောက်ရှိလာပြီး ဦးခေါင်းအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်သွားကြောင်း နှင့် ဦးစိုးသိန်းမှာ အခင်းဖြစ်ရာ နေရာ၌တွင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဦးစိုးသိန်း က အရင် NLD လက်ထက်တုန်းက လဲရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့သူပါ။ (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးမှူးဆက်မလုပ်ပဲ ရာထူးက နုတ်ထွက်ထားသူလို့ သိရတယ်။ သူ့ကို ဘယ်သူတွေက ဘာကြောင့် သေနတ်နဲ့ ပစ်သတ်သွားလဲတော့ မသိဘူး” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
၎င်းအပြင် ဇန်နဝါရီ (၁၁) ရက် နံနက်ပိုင်းက ရေဖြူမြို့နယ် သဗြေဇွန်းကျေးရွာအနီး ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမည်မသိ အမျိုးသားနှစ်ဦး ရုပ်အလောင်းအားတွေ့ရှိခဲ့ရကြောင်း နှင့် ၎င်းရုပ်အလောင်းနှစ်ခုအား နံနက် (၁၀) နာရီအချိန်ခန့်တွင် လူနာတင်ယာဉ်ဖြင့် ရေဖြူဆေးရုံသို့ ပို့ဆောင်လိုက်သကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀) ရက် မွန်းလွဲပိုင်းက ရေဖြူမြို့နယ် ပိတောက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဝင်း ဆိုသူမှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ထားဝယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။