သထုံမြို့နယ်တွင် အမှတ် (၂၇၂) အစုန် ကုန်ရထား မိုင်းထောင်ဖောက်ခွဲခံရမှုတွင်အိမ်ဆောက်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ် ဇလီဖားတုံးအတုံး ၁၈၀၊ သစ်သားဇလီဖားတုံး အတုံး ၃၀ နှင့် တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက ထုတ်ပြန်

သထုံမြို့နယ်တွင် အမှတ် (၂၇၂) အစုန် ကုန်ရထား မိုင်းထောင်ဖောက်ခွဲခံရမှုတွင်အိမ်ဆောက်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ် ဇလီဖားတုံးအတုံး ၁၈၀၊ သစ်သားဇလီဖားတုံး အတုံး ၃၀ နှင့် တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက ထုတ်ပြန်
Published 17 December 2022

မွန်ပြည်နယ် သထုံမြို့မှ အိမ်ဆောက်ပစ္စည်းများတင်ဆောင်လာသည့် သထုံ-ပဲခူး -မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၂၇၂) အစုန် ကုန်ရထားတွဲဆိုင်းသည်  ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မီးရထားလမ်း မိုင်တိုင် (၁၂၄/၉-၁၀)သို့အရောက်၌ KNLA အဖွဲ့နှင့် PDF များက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်းတစ်လုံး ဖောက်ခွဲခဲ့မှုကြောင့် ကုန်ရထားတွဲ ၁၀ တွဲ လမ်းချော်တိမ်းမှောက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ၎င်းင်းတွဲဆိုင်းများပေါ်တွင်တင်ဆောင်ထားသည့် အိမ်ဆောက်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ပြီး ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ် ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး အတုံး ၃၀၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှ ထွက်ခွာမည့် အမြန်ရထားခရီးစဉ် ခြောက်ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွားပြည်သူဦးရေ ၄၅၀၀ ခန့် အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ KNLA အဖွဲ့နှင့် PDF များ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးခဲ့ရသည့်အတွက် မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သော KNLA အဖွဲ့မှ အ ကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF များအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်ထိ မီးရထားလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း ၁၀၂ ကြိမ်၊ မီးရထားလမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း ၃၄ ကြိမ်နှင့် မီးရထားဘူတာများအား မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း ကိုးကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent