မော်လမြိုင် ရန်ကုန် လူစီးရထား ခရီးစဉ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေ

မော်လမြိုင် ရန်ကုန် လူစီးရထား ခရီးစဉ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေ
Published 15 December 2022

မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ထွက်ခွာမည့် လူစီးရထား ခရီးစဉ်များ ဒီဇင်ဘာ ၁၅  ရက်မှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေပြီးဖြစ်ကြောင်း မော်လမြိုင်ဘူတာ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

“ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက မိုင်းခွဲခံရလို့ ပျက်ဆီးသွားတဲ့ ရထားတွဲတွေ၊ ရထားလမ်းနဲ့ တံတားတွေကို မနေ့က အားလုံး ဖယ်ရှား ရှင်းလင်းတာ၊ ပြုပြင်တာတွေ ပြီးသွားတဲ့အတွက် ဒီနေ့မှာ မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်တွေဖြစ်တဲ့ မော်လမြိုင်ဘူတာက မနက် ၉ နာရီ ထွက်တဲ့ အမှတ် ၉၀ အစုန် မော်လမြိုင် - ရန်ကုန် အမြန်ရထားခရီးစဉ် နဲ့ ည ၈ နာရီအချိန်မှာထွက်မယ့် အမှတ် ၈၂ အစုန် မော်လမြိုင် - ရန်ကုန် လေအိတ်အမြန်ရထား ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီး ဖြစ်ပါတယ်”ဟု မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သထုံမြို့နယ် ကလိကျွန်းကျေးရွာ နှင့် တံတားဦးကျေးရွာကြာတွင်း ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက သထုံဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် အမှတ် ၂၇၂ အစုန် ကုန်တင်ရထားမှာ မိုင်းခွဲခံရသည့်အတွက် အတွဲ (၁၅) တွဲပါရှိသော ကုန်တင်ရထားမှ အတွဲ ၉ တွဲမှာ တိမ်းမှောက်ခဲ့ပြီး၊ အတွဲ ၃ တွဲမှာ တိမ်းစောင်းသွားကြောင်း၊ ရထားလမ်းနှင့် ချောင်းကူးတံတားတစ်စင်းမှာလည်း ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ဒီဇင်ဘာလ ၁၃ ရက် ည ၈ နာရီ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ရထားခရီးစဉ် နှင့် ဒီဇင်ဘာလ ၁၄ ရက် နံနက် ၉ နာရီနှင့် ည ၈ နာရီအချိန်များတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ရထားခရီးစဉ်များဖျက်သိမ်းခဲ့ရပြီး ရထားလက်မှတ်ခများအား ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက် ည ၈ နာရီအချိန်ခန့်ကလည်း ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိကျေးရွာ မဟာဗောဓိ ပေါ်တော်မူစေတီတော်အနောက်ဘက်အနီးရှိ ရန်ကုန် - မော်လမြိုင် မီးရထားလမ်း မိုင်တိုင်အမှတ် ၁၆၂/၈အနီးရှိ တံတားအမှတ် ၁၂၅ မှာ မိုင်းဖောက်ခွဲ ဖျက်ဆီးခံခဲ့ရဖူးကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၊ ည ၁၁ နာရီအချိန်ခန့်က မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသော လူစီးမီးရထားမှာ ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအနီး ရထားလမ်းမိုင်းခွဲခံရသည့်အတွက် ရထားလမ်းပျက်ဆီးကာ ရထားတွဲ နှစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent