ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ထိခိုက်ပျက်စီးနေသော စွမ်းအင်ကဏ္ဍအတွက် အမေရိကန်က ပမာဏများပြားသော ငွေကြေးအကူအညီပေးမည်

ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ထိခိုက်ပျက်စီးနေသော စွမ်းအင်ကဏ္ဍအတွက် အမေရိကန်က ပမာဏများပြားသော ငွေကြေးအကူအညီပေးမည်
ဓာတ်အားပြတ်တောက်နေသဖြင့် ယူကရိန်းမြို့ကြီး Lviv ရှိ ကော်ဖီဆိုင်တွင် ဖယောင်တိုင်မီးဖြင့် လူများထိုင်နေကြပုံကို နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (Photo-AFP)
ဓာတ်အားပြတ်တောက်နေသဖြင့် ယူကရိန်းမြို့ကြီး Lviv ရှိ ကော်ဖီဆိုင်တွင် ဖယောင်တိုင်မီးဖြင့် လူများထိုင်နေကြပုံကို နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (Photo-AFP)
Published 29 November 2022
Ref:AFP

ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ရုရှားက တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပေါ်သော ထိခိုက်ဆုံးရှုံးမှုများကို ကိုယ်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ယူကရိန်းအတွက် ပမာဏများပြားသော ဘဏ္ဍာရေးအကူအညီကို နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်မည်ဟု မျှော်လင့်ကြောင်း အကြီးတန်းအမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

ရိုမေးနီးယားမြို့တော်ဘူခါရက်၌ ပြုလုပ်သည့် နေတိုးအစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်က အသေးစိတ်ကြေညာမည့် အကူအညီသည် ပမာဏများပြားမည်ဖြစ်ပြီး ယင်းသည် အပြီးသတ်အကူအညီ မဟုတ်ဟု အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းက အဆိုပါကိစ္စကို အသေးစိတ်ပြောကြားခြင်း မရှိပေ။

ဘိုင်ဒင်အစိုးရသည် ယူကရိန်းနှင့် မောလ်ဒိုဗာတို့အတွက် စွမ်းအင်အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ လျာထားသည်ဟု ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် နှီးနှောဖလှယ်ပွဲမတိုင်မီ ယခုအကူအညီဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြင်သစ်တွင် ကျင်းပမည့် နှီးနှောဖလှယ်ပွဲမှာ ယူကရိန်းအရပ်သားတော်လှန်ရေးကို ကူညီထောက်ပံ့ရန် နိုင်ငံတကာအလှူရှင်များက ကျင်းပမည့် ကွန်ဖရန့်ဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားသည်။

ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသော ရုရှားဒုံးကျည်စစ်ဆင်ရေးကြောင့် မဟာဓာတ်အားလိုင်း၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့သည်ဟု ယူကရိန်းအစိုးရက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

“ရုရှားတွေ လုပ်နေတဲ့အရာကတော့ ကြီးမားတဲ့ထရန်စဖော်မာရုံကြီးတွေကို ပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။ ဒါတွေဟာ ဓာတ်အားပေးစက်ရုံတွေဖြစ်ရုံသာမက ဗို့အားများတဲ့ စထရန်ဖော်မာရုံတွေဖြစ်ပါတယ်။ စွမ်းအင်ထုတ်လုပ်ရေးကနေ ဖြန့်ဖြူးရေးအထိ စွမ်းအင်ကွန်ရက်တစ်ခုလုံးက မောက်ကမဖြစ်အောင် ရည်ရွယ်တာဖြစ်ပါတယ်” ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားသည်။

နေတိုးနိုင်ငံခြားရေးဝန်ကြီးများသည် နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဘူခါရက်မြို့၌ အစည်းအဝေးပြုလျက်ရှိသည်။ ရုရှားစတင်ကျူးကျော်ကတည်းက နေတိုးက ယူကရိန်းအတွက်ပေးအပ်နေသော အကူအညီကိစ္စကို အဆိုပါအစည်းအဝေးတွင် ဆွေးနွေးလျက်ရှိသည်။

ဂျီ ၇ ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ဂျာမနီနိုင်ငံသည် ယူကရိန်းတွင် ဖြစ်ပွားနေသောစစ်ပွဲကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ပြဿနာကို ဆွေးနွေးရန် နေတိုးအစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက် နေ့ခင်းပိုင်းတွင် ကျင်းပခဲ့သည်။

အခြားနိုင်ငံများအနေဖြင့်လည်း ယူကရိန်းစွမ်းအင်ကဏ္ဍအတွက် အကူအညီများ အင်တိုက်အားတိုက်ပေးကြရန် အမေရိကန်က ဆော်သြထားသည်ဟု သိရသည်။

စစ်ပွဲကြောင့် ယူကရိန်းမှပြေးလာသူများကို လက်ခံထားသောနိုင်ငံများထဲတွင် မောလ်ဒိုဗာနှင့် ရိုမေးနီးယားတို့လည်း ပါဝင်နေသည်။

 

 

Most Read

Most Recent