လာမယ့်ရွေးကောက်ပွဲအတွက် UEC ဘာတွေပြင်ဆင်နေပြီလဲ

လာမယ့်ရွေးကောက်ပွဲအတွက် UEC ဘာတွေပြင်ဆင်နေပြီလဲ
နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကို တွေ့ရစဉ်
နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကို တွေ့ရစဉ်
Published 20 November 2022

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မှားယွင်းမှု၊ အားနည်းပျက်ကွက်မှုနဲ့ ဥပဒေချိုးဖောက်မှုတွေ မဖြစ်ပေါ်စေဖို့အ တွက် အခြေခံကျတဲ့ ဥပဒေမူဘောင်ဆိုင်ရာ စိစစ်ပြင်ဆင်ခြင်းနဲ့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်”

ဒီစကားကို ပြောကြားလာသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ပဲ ဖြစ်ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက်က ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခင်မောင်ဦးက ပြောကြားခဲ့တာပါ။

ဦးခင်မောင်ဦးရဲ့ စကားအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်တွေကို ပြင်ဆင်ဖြည့် စွက်ပယ်ဖျက်ထားတာတွေ ဆောင်ရွက်ပြီးပြီလို့ နားလည်ရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘယ်ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါနဲ့ပတ်သက်လို့ ဦးခင်မောင်ဦးက “ဒီနေရာမှာ အရေးကြီးပြီးတော့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများမှာ ပါရှိတဲ့ မဲစာရင်းများပြုစုခြင်းနဲ့ မဲစာရင်းများ စိစစ်ခြင်းအပိုင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံတွင် မဲပေးခြင်း၊ မဲရေတွက်ခြင်းနဲ့ မဲရလာဒ်ထုတ်ပြန်ခြင်း အပိုင်းတို့ကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ရက်ပေါင်း ၉၀ အထက် မဲပေးခွင့် ပယ်ဖျက်

အငြင်းပွားမှုတွေရှိခဲ့ပြီး ဒေသ ခံတွေ လက်မခံဘဲ ကန့်ကွက်ခဲ့ကြတဲ့ ရက်ပေါင်း ၉၀ အထက် မဲပေးခွင့်ကို ခွင့်မပြုတော့ဘဲ ပယ်ဖျက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“အငြင်းပွားဖွယ်နဲ့ ဒေသခံတွေ လက်မခံတဲ့ ကန့်ကွက်နေတဲ့ ယခင်ရက်ပေါင်း ၁၈၀၊ ယခုပြင်ဆင်တဲ့အခါမှာ ရက်ပေါင်း ၉၀ နေထိုင်ခဲ့ တဲ့သူတွေကို မဲစာရင်းမှာ ထည့်သွင်းပြီး မဲပေးခွင့်ပြုခြင်းကို ပယ်ဖျက်ခြင်းကို ဆောင်ရွက်ခဲ့တယ်”လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

NLD အစိုးရလက်ထက်တုန်းက ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင် တွေနဲ့ပတ်သက်ပြီး ရက်ပေါင်း ၉၀ အထက်လို့ နည်းဥပဒေကို ပြင်ဆင်ခဲ့တာပါ။

ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်တွေအနေနဲ့ မိမိရောက်တဲ့ မဲဆန္ဒနယ်ရဲ့ မဲစာရင်းပါဖို့ဆိုရင် ပုံစံ ၃ (က) နဲ့ လျှောက်ထားပြီး ဆန္ဒမဲပေးခွင့်ရရှိအောင် ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ခွင့်ပြုခဲ့တဲ့အတွက် မဲစာရင်းတွေ ရှုပ်ထွေးပြီး ဒေသခံတိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်မှုတွေ အမြောက်အမြား ဖြစ်ပေါ်ခဲ့တယ်လို့ မေ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲတွေမှာ ဦးခင်မောင်ဦးက ပြောကြားထားပါတယ်။

“ဒါကြောင့် နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ရက်ပေါင်း ၉၀ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များကို ခွင့်မပြုတော့ဘဲ မဲဆန္ဒနယ်ပြင်ပရောက်တဲ့ အခြားမဲဆန္ဒရှင်တွေဟာ မိမိရောက်ရာဒေသမှာ ဆန္ဒမဲပေးလိုပါက မဲစာရင်းထည့်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး ပါရှိရမယ့်အထောက်အထားပုံစံများနဲ့အတူ ရောက်ရှိရာဒေသမှာ အိမ်ထောင်စု လူဦးရေ ပုံစံ (၆၆/၆) နဲ့ ပူးတွဲပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားမှသာ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းမှာ ထည့်သွင်းပေးမှာဖြစ်ပြီး မဲပေးခွင့်ရမှာဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

မဲစာရင်းပြုစုခြင်း

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ ပြုစုရာမှာ အိမ်ထောင်စု၊ လူဦးရေ စာရင်းကို လဝကပုံစံ (၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ် စတာတွေနဲ့ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းမပြုဘဲ ရှိကောက်စနစ်နဲ့ ဆောင်ရွက်ခဲ့တာကြောင့် မှားယွင်း ပြီး မဲမသမာမှုဖြစ်စေတဲ့ မဲဆန္ဒရှင် စာရင်း ၁၁ ဒသမ ၃ သန်းကျော် မဲဆန္ဒရှင်ပေါင်းရဲ့ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ကော်မရှင်သစ်အနေနဲ့ လက်ရှိမဲစာရင်းပြုစုရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကပြုစုတဲ့ လူဦးရေစာရင်းနဲ့ လဝက၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့  လူဦးရေစာရင်းကို အခြေခံထားတယ်လို့ ဦးခင်မောင်ဦးက မေ ၁၉ ရက်က သတင်းစာရှင်း လင်းပြောကြားထားပါတယ်။

“ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ် ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ မဆန့်ကျင်တဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကို သူတို့ကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းမှာ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနဲ့ ဖြည့်စွက်ခြင်းတွေကို သက်ဆိုင်ရာဌာန အသီးသီးတို့က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

မဲစာရင်းပြုစုရာမှာ အခြေခံရ မယ့် စာရင်းများဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားတဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ကို ရယူပြုစုထားတဲ့ စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်ကျေးရွာအလိုက် ကောက်ယူထားတဲ့ မြေပြင်လူဦးရေ စာရင်းတို့ကို ဦးစွာတိုက်ဆိုင်စစ်ဆေးတယ်လို့ သိရပါတယ်။

ဒီလို တိုက်ဆိုင်စစ်ဆေးပြီး ဖြစ်တဲ့ အခြေခံလူဦးရေစာရင်းများကို ရယူပြီး ကနဦးမဲဆန္ဒရှင်စာရင်း စိစစ်ခြင်းစနစ်၊ IVLS အသုံးပြု စိစစ်ခြင်းနဲ့ တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများဆီ ပေးပို့ခြင်း စတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများက မြေပြင်စိစစ်အတည်ပြုပြီး ပြန်လည်ပေးပို့လာတဲ့ စာရင်းများကိုရယူကာ လစဉ် Up Date ပြုလုပ်နေတဲ့အတွက် မှန်ကန်ပြည့်စုံတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ရရှိအောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“စိစစ်ပြုစုထားတဲ့ အခြေခံ မဲဆန္ဒရှင်စာရင်းများကို အခြေခံပြီး မဲရုံအရေအတွက်နဲ့ မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ လိုအပ်မယ့် မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်များ၊ မဲရုံ သုံးပစ္စည်းများ တွက်ချက်စာရင်း ပြုစုခြင်းများကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ မဲရုံများ လျာထားခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုဝင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာလည်း တိုင်းဒေသကြီး/ပြည်နယ် သုံးခုရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ မဲရုံများလျာထားသတ်မှတ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်တဲ့တိုင်းဒေသကြီး/ပြည်နယ် လေးခုကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို မကြာမီ အတည်ပြု ပြဋ္ဌာန်းတော့မှာဖြစ်တယ်လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျင်းပပေးရမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များဖြစ်တဲ့ ဥပဒေမူဘောင်ဆိုင်ရာများကို ယခင်ရွေးကောက်ပွဲ အတွေ့အကြုံ၊ ပြောင်းလဲကျင့်သုံးမယ့်ရွေး ကောက်ပွဲစနစ်တို့နဲ့အညီ သုံးသပ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ဟာ မကြာမီအတည်ပြုပြဋ္ဌာန်းတော့မှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဒီဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရာမှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲများနဲ့ နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီများအနက် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိတဲ့ ပါတီစုစုပေါင်းဟာ ၂၀ ခန့်သာရှိကြောင်း၊ ပါတီအများစုက ကိုယ်စားလှယ်နေရာ မရရှိဘဲ ထောက်ခံမဲပမာဏကို ကြည့်ပါက ရာဂဏန်းနဲ့ ထောင်ဂဏန်းသာ ရရှိခဲ့ကြောင်း၊ ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် လောင်းအရေအတွက်ကို ကြည့်ပါက အနည်းဆုံး မဖြစ်မနေယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်ဦးရေ သုံးဦးကိုသာ အိမ်ဖြည့်အနေနဲ့ ယှဉ်ပြိုင်တဲ့ ပါတီများကို တွေ့ရမှာဖြစ်ကြောင်း ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

“ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာမှာ နိုင်ငံရေး ပါတီများရဲ့ အခန်းကဏ္ဍဟာအလွန် အရေးကြီးတဲ့အတွက် ခိုင်မာအား ကောင်းတဲ့ နိုင်ငံရေးပါတီဖြစ်ပေါ်လာရေး ရည်ရွယ်ပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်း ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

မကြာမီအချိန်မှာ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ် ပြဋ္ဌာန်းမှာဖြစ်တဲ့အတွက် လက်ရှိနိုင်ငံရေးပါတီများကလည်း ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ရမှာဖြစ်သလို နိုင်ငံရေးပါတီအသစ် တည်ထောင်မှတ်ပုံ တင်လိုတဲ့ ပါတီများကိုလည်း တည်ထောင်မှတ်ပုံတင်ခွင့်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သတိပြုဆောင်ရွက်ဖို့လိုအပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းအခန်းကိုလည်း ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်ခဲ့တယ်လို့ ဦးခင်မောင် ဦးက ဆိုပါတယ်။

“ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းအခန်းကို အသစ်ဖြည့်စွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနဲ့ ပြစ်ဒဏ်များကို သင့်လျော်မျှတအောင် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်”လို့ သူက ရှင်းပြပါတယ်။

PR စနစ် ကျင့်သုံးမယ်

လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ သဘောတူညီချက်ရရှိခဲ့တဲ့အတွက် PR စနစ်ကို အသုံးပြုသွားမယ်လို့ UEC က ထုတ်ပြန်ပြောဆိုထားပါတယ်။

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့  နိုင်ငံရေးပါတီတွေ လေးကြိမ်တိတိ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်း အပါအဝင် မဲဆန္ဒနယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အစုအဖွဲ့အလိုက် ဆောင်ရွက် ခဲ့ပြီးပြီလို့ သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ PR စနစ်ကို ကျင့်သုံးမှာဖြစ်တဲ့အတွက် PR စနစ်နဲ့ကိုက်ညီတဲ့ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ရေးဆွဲပြီး ဖြစ်တယ်လို့လည်း ဦးခင်မောင်ဦးက ဆိုပါတယ်။

“PR စနစ်က တကယ်တမ်းတော့ တစ်ဦးထက်ပိုတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက် တင်မြှောက်ဖို့အတွက် မဲဆန္ဒတွေကို ကျယ်ပြန့်စွာသတ်မှတ်တယ်။ ဒီထဲမှာ ပါတီတွေ တစ်သီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်တယ်။ သူတို့ရတဲ့ မဲရဲ့ အချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာများ ရရှိတဲ့အတွက် ဒါ မျှတကောင်းမွန်တဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးသွားမယ့် အနေအထားဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

PR စနစ်ကို ကျင့်သုံးရာမှာ မဲဆန္ဒရှင်တွေ လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ဖို့အတွက် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Close List PR) ကို ကျင့်သုံးမယ်လို့ UEC က ထုတ်ပြန်ပြောဆိုထားပါတယ်။

“Close List PR မှာဆိုရင်တော့ မဲဆန္ဒရှင်တွေက ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပါတီကိုဖြစ်စေ၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းဖြစ် စေ တစ်ဦးတည်း၊ တစ်ခုတည်းကိုသာ ဆန္ဒပြုပြီးကာကျမှ မဲပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမဲပေးတဲ့အခါမှာ သူတို့ရတဲ့ မဲအပေါ်မှာ မူတည်ပြီးကာကျမှ သက်ဆိုင်ရာပါတီတွေ ရယ် တစ်သီးပုဂ္ဂလတွေက အချိုး အစားအတိုင်း ကိုယ်စားလှယ်နေရာများ ရရှိမှာဖြစ်ပါတယ်။ ဒီ PR စနစ်ကို ကျင့်သုံးတဲ့အခါ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်နိုင်တဲ့အနေအထားမျိုး ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ PR စနစ်ကို ပြောင်းလဲကျင့်သုံးမှဖြစ်ပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေတွေမှာ သတ်မှတ်ထားတဲ့ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ပေးရမယ့် ကိုယ်စားလှယ်ဦးရေ အရေအတွက်ကိုတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ မဲဆန္ဒနယ်မြေတွေကိုတော့ ကော်မရှင်ရဲ့ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အတိုင်း သတ်မှတ် ထုတ်ပြန်ကြညာသွားမယ်လို့ သိရပါတယ်။

မဲပေးတဲ့စနစ်

သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေတွေမှာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အီလက်ထရွန်နစ်ဘုတ်တင်စနစ်ကို လိုအပ်ပါက အသုံးပြုနိုင်ဖို့ ထည့်သွင်း ရေးဆွဲထားတယ်လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

“ဥပဒေကတော့ ထွက်မလာသေးပါဘူး။ ဒါကြောင့် အီလက်ထရွန်နစ် ဘုတ်တင်ကို အသုံးပြုတဲ့အခါမှာ ပယ်မဲမရှိဘူး။ တိကျတယ်။ ပြီးခါကျ မသမာမှုပြုလုပ်လို့ မရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီစနစ်တွေကို တကယ်လို့ သုံးနိုင်ရင်လည်း သုံးလို့ရအောင် လေ့လာမှုတွေ ဆောင်ရွက်နေတာ ရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာတော့ မဲရုံမှာ မဲပေးခြင်း၊ မဲဆန္ဒနယ်အတွင်းမှာ ကြိုတင်မဲပေးခြင်းနဲ့ မဲဆန္ဒနယ်ပြင်ပမှာ ကြိုတင်မဲပေးခြင်းတွေကို အသုံးပြုခဲ့ပါတယ်။ မဲရုံမှာ မဲပေးခြင်းနဲ့ မဲဆန္ဒနယ်အတွင်းမှာ ကြိုတင်မဲပေးတဲ့အခါ တံဆိပ်တုံးထု မဲပေးရပြီး မဲဆန္ဒနယ်ပြင်ပမှာ ကြိုတင်မဲပေးပါက အမှန်ခြစ် ခြစ်ပြီး မဲပေးရတာလည်း ဖြစ်ပါတယ်။

“တကယ်လို့ အခြေအနေအားလုံး အဆင်ပြေချောမွေ့ပြီးကာကျမှ သုံးစွဲလို့သင့်ရင် အီလက်ထရွန်နစ် ဘုတ်တင်စနစ်ကို သုံးစွဲနိုင်အောင် လေ့လာပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဘယ်စနစ်နဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကတော့ ဥပဒေလည်း ထွက်လာပါ့မယ်။ ကျွန်တော်တို့ ထုတ်ပြန်ကြေညာမှာလည်း ဖြစ်ပါ တယ်။ လုံလောက်တဲ့အချိန်ယူပြီး ကာကျမှ မဲဆန္ဒရှင်တွေ၊ ပါတီတွေနဲ့လည်း ဆက်သွယ်ပြီးကာကျမှ အတည်ပြုပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရှိ မရှိ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲက လုပ်ငန်းစဉ် (၅) ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ UEC က ဆိုထားပါတယ်။

နောက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အကြား အလပ်မရှိအောင် ကျင်းပနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း UEC တာဝန်ရှိသူတွေက ပြောကြားထားပေမဲ့လည်း ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးတဲ့ကိစ္စတွေလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး စတဲ့ နေရာတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးခင်မောင်ဦးက “တိုင်းတစ်တိုင်းလုံး၊ ပြည်နယ်တစ်ခုလုံး မဟုတ်ပေမဲ့ တချို့နေရာလေးတွေ ရှိပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့ အခက်အခဲရှိတဲ့နေရာမှာလည်း လုပ်နိုင်သမျှ ဆောင်ရွက်လျက်ရှိတယ်။ ဆောင်ရွက်တဲ့အခါမှာ စာရင်းဇယားတွေလည်း ရရှိလျက်ရှိတယ်။ လုပ်ဆောင်လျက်ရှိတယ်”လို့ ဆိုပါ တယ်။

နောက်ပြီး မဲရုံတွေမှာ မဲဆန္ဒ ရှင်တွေအနေနဲ့ လုံခြုံအေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံ ရေးကလည်း အရေးကြီးတဲ့အတွက် ကော်မရှင်အနေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ လုံခြုံရေးနဲ့ပတ်သက်လို့ ကော်မရှင်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နောက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဒါတွေနဲ့ ပူးပေါင်းဆက်စပ်ပြီးကာကျမှ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကော်မရှင်အနေနဲ့ မဲစာရင်း ပြုစုတာတွေ၊ နိုင်ငံရေးပါတီတွေကို စစ်ဆေးတာတွေ၊ ဥပဒေမူဘောင်တွေကို ပြင်ဆင်ဖြည့်စွက်ဖျက်သိမ်းတာတွေ၊ ရွေးကောက်ပွဲစနစ်ပြောင်းလဲတာတွေ အစရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နေပေမဲ့လည်း လာမယ့် ၂၀၂၃ ခုနှစ် မှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိ မရှိကိုတော့ တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

“ရွေးကောက်ပွဲတွေ ကျင်းပမယ် မကျင်းပဘူးဆိုတာတော့ ကာလအတိုင်းအတာအရ လိုနေပါသေးတယ်။ နီးကပ်တဲ့အခြေအနေကျမှ ကျွန်တော်တို့က လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါတွေကိုလည်း အသိပေးထုတ်ပြန်သွားမှာ ဖြစ်ပါတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုဝင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

Most Read

Most Recent