ဟောလိုးဝင်းညက ဆိုးလ်မြို့ရှိ အီထယ်ဝန်တွင် လူအုပ်တိုးဝှေ့ ကသောင်းကနင်းဖြစ်မှုကြောင့် သေဆုံးခဲ့သူများထဲတွင် ရုရှားနိုင်ငံ သူတစ်ဦးလည်းပါပြီး ၎င်း၏အလောင်းကို မိခင်နိုင်ငံသို့ပြန်ပို့ရန် တောင်ကိုရီးယားမင်းသမီး လီယောင်အေးက စရိတ်ကျခံကူညီပေးသွားမည်ဖြစ်သည်။
သေဆုံးသူ ပါ့ခ်ဂျူလီယာနာ(အသက် ၂၅ နှစ်)၏ ဖခင်က သမီးဖြစ်သူအလောင်းကို မွေးရပ်နိုင်ငံသို့ပြန်သယ်ရန် ကုန်ကျစရိတ်ကြီးလွန်းသည့်အကြောင်း မီဒီယာမှတစ်ဆင့်ဖွင့်ဟထားပြီး ဘိုးဘွားရိပ်သာတစ်ခုတွင် အလုပ်လုပ်နေသည့် ဖခင်အဖို့ အလောင်းပြန်သယ်စရိတ်(ခန့်မှန်း အမေရိကန်ဒေါ်လာ ၅,၀၀၀) မှာ မတတ်နိုင်ပေ။
၎င်း၏အခက်အခဲကိုကြားပြီးနောက် လီယောင်အေးက Korean Welfare Foundation for the Disabled အဖွဲ့မှတစ်ဆင့် ၎င်းကူညီထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။၎င်းအဖွဲ့တွင် လီက ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အကြံပေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။
အီထယ်ဝန်ဖြစ်ရပ်အတွင်း သေဆုံးသူ ၁၅၆ ဦးထဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ နိုင်ငံခြားသား ၂၆ ဦးလည်းပါဝင်ခဲ့ပြီး သေဆုံးသူ ကိုရီးယားနိုင်ငံသားများအားပေးသည့် ကူညီထောက်ပံ့မှုများနည်းတူ ၎င်းတို့အတွက်လည်း ပေးအပ်သွားမည်ဟု တောင်ကိုရီးယားအစိုးရက ကတိပြုထားသည်။သေကျေ၊ ဒဏ်ရာရခဲ့သူ နိုင်ငံခြားသားများ၏ မိသားစုများအနေဖြင့် စျာပနစရိတ်ဝမ် ၁၅ သန်းအပါအဝင် ငွေကြေးအကူအညီများ ရမည်ဖြစ်သည်။