အပူချိန်အနုတ် ၁၅ ဒီဂရီအထိအေးခဲနေသည့် ရေခဲခန်းတစ်ခုထဲ ဝင်ရိုက်ခဲ့ရသည့် Mili ရုပ်ရှင်ဇာတ်ကားကြီးကြောင့် ခေါင်းဆောင်မင်းသမီး ဂျန်ဗီကပူးရ်မှာ စိတ်ကျန်းမာရေးထိခိုက်ခဲ့ပြီး အိပ်မက်ဆိုးများ ခြောက်လှန့်ခဲ့သည့်နေ့ရက်များလည်း ကြုံခဲ့ရသည်။
ထိပ်တန်းဘောလိဝုဒ်မင်းသမီးကြီး ဆရီဒေဝီ (English Vinglish ဇာတ်ကား၏ အဓိကဇာတ်ဆောင်) ၏ သမီးဖြစ်သူ ဂျန်ဗီကပူးရ် ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားသည့် Mili ဇာတ်ကားသည် လာမည့်နိုဝင်ဘာ ၄ ရက်တွင် ရုံတင်ပြသမည်ဖြစ်ပြီး ဇာတ်ကားပရိုမိုးရှင်းအတွက် ဂျန်ဗီသည် နယူးဒေလီတွင် အလုပ်များလျက်ရှိသည်။
PTI မီဒီယာနှင့် လတ်တလောအင်တာဗျူးတွင် ဂျန်ဗီက ၎င်းဇာတ်ကားအတွက် ကြိုးစားထားပုံများကို ဖွင့်ဟခဲ့ပြီး စိတ်ကျန်းမာရေးထိခိုက်ခဲ့သည်ကိုပါ ပြောပြခဲ့သည်။
ထိုဇာတ်ကားရိုက်ပြီးနောက် ဂျန်ဗီသည် အေးခဲမှောင်ပိန်းနေသည့် နေရာတစ်ခုတွင် ပိတ်မိနေသည့် အိပ်မက်ဆိုးများမက်ခဲ့သည်။ “ဒီဇာတ်ကားက ကျွန်မရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေခဲ့တယ်။ရှုတင်ကနေ အိမ်ပြန်ရောက်လို့ အိပ်လိုက်ပြီဆိုရင် ရေခဲခန်းထဲမှာ ရှိနေတုန်းပဲဆိုတဲ့ အိပ်မက်မျိုးပဲမက်တယ်။ နေလို့လည်း မကောင်း၊ နှစ်ရက်သုံးရက်လောက် အကိုက်အခဲပျောက်ဆေးပြင်းပြင်းတွေ သောက်လိုက်ရတယ်” ဟု ဂျန်ဗီက ဆိုသည်။
Good Luck Jery ဇာတ်ကားသရုပ်ဆောင်လည်းဖြစ်သည့် ဂျန်ဗီက ရေခဲခန်းထဲ ၁၅ နာရီနေရပြီး ငိုကြွေးခဲ့ရခြင်းသည် မက်မောစရာဖန်တီးမှုမျိုးမဟုတ်ဟု ဆိုသည်။ ဇာတ်ကားအတွက် ဂျန်ဗီသည် အနုတ် ၁၅ ဒီဂရီအထိ အပူချိန်ကျနေသည့် ရေခဲခန်းထဲတွင် ကြိုးစားသရုပ်ဆောင်ခဲ့ရသည်။
ဇာတ်လမ်းထဲတွင် ဂျန်ဗီက Mili ဟုခေါ်သည့် သူနာပြုဇာတ်ကောင်နေရာမှဖြစ်သည်။ သူနာပြုဘွဲ့ရလည်းဖြစ်၊ ကဖေးဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ် ဝင်လုပ်နေသူလည်း ဖြစ်သည်။ ကုန်တိုက်တစ်ခုရှိ ၎င်းကဖေးဆိုင်တွင် အလုပ်လုပ်ရင်း ရေခဲခန်းထဲ ပိတ်မိသွားသည့် ဇာတ်လမ်းဖြစ်သည်။
သည်းထိတ်ရင်ဖို Mili ဇာတ်ကားကြီးကို ထုတ်လုပ်သူမှာ ဂျန်ဗီ၏ဖခင် ဘိုနီကပူးရ်ဖြစ်သည်။ ဂျန်ဗီသည် ၂၀၁၈ ရုပ်ရှင် Dhadak ဖြင့် ဘောလိဝုဒ်လောကသို့ စတင်ထိုးဖောက်လာခဲ့သည်။