သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီဖျက်သိမ်းရန်တင်ပြမှုအပေါ် အတည်ပြု၍ ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ဖျက်သိမ်းကြောင်း UEC ကြေညာ

သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီဖျက်သိမ်းရန်တင်ပြမှုအပေါ် အတည်ပြု၍ ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ဖျက်သိမ်းကြောင်း UEC ကြေညာ
Published 28 October 2022

သူရဦးရွှေမန်းဦးဆောင်သော ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီ ဖျက်သိမ်းရန်တင်ပြမှုအပေါ် အတည်ပြု၍ ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ဖျက်သိမ်း ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာ ၂၇ ရက်တွင် ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို မှတ်ပုံတင်အမှတ်(၁၁၂)၊ ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၅၈/၂၀၁၉) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် တင်ပြချက်နှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင်ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်(၁၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉(က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းရန် အတည်ပြုခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင်ပါရှိသည်။

သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့်  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

မိမိနှင့် ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ်ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ခြင်းတို့ကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းနှင့် ပါတီဖျက်သိမ်းခြင်းကို အတည်ပြုနိုင်ရန်အတွက်လည်း သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အောက်တိုဘာ ၁၂ ရက်တွင်  ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖွဲ့စည်းရန် စတင်ဆောင်ရွက်စဉ်မှစ၍ ပါတီတည်ထောင်ပြီး စည်းရုံးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲဝင်ပြီးနောက် ယခုနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဆုံးဖြတ်လုပ်ဆောင်သည့်အချိန်အထိ ငွေ၊ ပစ္စည်း၊ လုပ်အားတို့ဖြင့် ပါဝင်ကူညီ အားပေးခဲ့ကြသူများအား ကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ကြောင်းလည်း သူရဦးရွှေမန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်နေရာမျှ အနိုင်ရရှိခဲ့ခြင်းမရှိသလို ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းမှာလည်း ယင်းရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ကျင်းပခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းမရှိသော်လည်း NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသည့် သူရဦးရွှေမန်းသည် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို တည်ထောင်ရန်အတွက် ဆောင်ရွက်ချိန်တွင် သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် သက်တမ်းတိုးခွင့်ကို NLD လွှတ်တော် ကိုယ်စာလှယ်အများစုပါဝင်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က ပယ်ချခဲ့သည်။

Most Read

Most Recent