မင်းသားရမ်ချာရန်နှင့် Jr NTR တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမော်လီ လက်စွမ်းပြရိုက် ကူးထားသည့် RRR ရုပ်ရှင်ဇာတ်ကားသည် အမေရိကန်ပြည်ထောင်စုကချီးမြှင့်သည့် Saturn Award for Best Internation al Film (အင်္ဂလိပ်စကားပြောမဟုတ်သည့် တစ်နှစ်တာအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု) ရရှိထားသည်။
အနောက်နိုင်ငံပရိသတ်များ၏ အားပေးနှစ်သက်မှုရထားသည့် ၎င်းဇာတ်ကားကို ဂျပန်တွင်ပြသထားသည်မှာ မကြာသေးဘဲ သရုပ်ဆောင်များအပါအဝင် RRR အဖွဲ့က ပရိုမိုးရှင်းပြုလုပ်ရန် ဂျပန်သို့သွားရောက်ခဲ့သည်။ဂျပန်ပရိသတ်များကိုလည်း RRR က စိတ်မပျက်စေခဲ့ပေ။
ပြည်တွင်းပြည်ပတွင် အောင်မြင်မှုသရဖူဆောင်းရင်း နောက်ထပ်အောင်မြင်မှုတစ်ခုက Academy of Science Fication, Fantasy and Horror Films မှ Saturn Award ဆု ဖြင့် ဂုဏ်ပြုခံရခြင်းဖြစ်သည်။
ဒါရိုက်တာရာဂျာမော်လီသည် Saturn Award ကို Baahubali: The Conclusion ဇာတ်ကားဖြင့်လည်း ရထားသည့်အတွက် ယခုဆုရမှုက ဒုတိယအကြိမ်ဖြစ်သည်။
RRR သည် ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း ဗြိတိသျှအုပ်စိုးမှုကိုဆန့်ကျင်သည့် အိန္ဒိယတော်လှန်ရေးသမားနှစ်ဦး (ရမ်ချာရန် နှင့် Jr NTR တို့သရုပ်ဆောင်) အကြောင်းကို ရိုက်ကူးထားပြီး မင်းသမီးအလီယာဘတ်က ရမ်ချာရန်၏ချစ်သူနေရာမှပါဝင်ကာ မင်း သားအဂျေးဒီဗ်ဂန်လည်း အထူးသရုပ်ဆောင်ထားသည်။
ဇာတ်လမ်းဇာတ်အိမ်ကောင်းလှသည့် အက်ရှင်ဒရာမာ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် အော်စကာရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် အိန္ဒိယမှဝင်ရောက်ယှဉ်ပြိုင်မည့် ဇာတ်ကားအဖြစ်လည်း ရွေးချယ်ခံထားရကာ ဆုအမျိုးအစား ၁၄ ဆုအတွက် ဝင်ပြိုင်ထားသည်။
ဇာတ်ကားဖန်တီးရှင် ရာဂျာမော်လီအတွက် အကောင်းဆုံးဒါရိုက်တာဆု၊ ခေါင်းဆောင်မင်းသားနှစ်ဦးအတွက် အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု၊ အလီယာဘတ်နှင့် အဂျေးတို့အတွက် အကောင်းဆုံးဇာတ်ပို့မင်းသား၊မင်းသမီးဆုတို့ မျှော်လင့်နိုင်ကာ နောက်ထပ်ရင်ခုန်နိုင်သည့်ဆုက အကောင်းဆုံးရုပ် ရှင်ဇာတ်ကားဆုပင်ဖြစ်သည်။