မင်းသား ခရစ္စတိုဖာလီသည် iQiyi ၏ ဒရာမာဇာတ်လမ်းတွဲ Danger Zone ဖြင့် အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်သည့် ရွှေခေါင်းလောင်းဆုပေးပွဲတွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီးနောက် ယင်းဆုသည် ၎င်း၏တတိယမြောက် ရွှေခေါင်းလောင်းဆု ဖြစ်လာခဲ့သည်။
အသက် ၅၁ နှစ်အရွယ် လီက မင်းသမီးဖန်းဝေါင်းနှင့် ၎င်း၏သားဇက်တို့အပါအဝင် ၎င်း၏မိသားစုနှင့်အတူ ညစာစားနေစဉ်ဖုန်းမှတစ်ဆင့် ဆုပေးပွဲအခမ်းအနားကို ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
သူသည် ခြေထောက်ဒဏ်ရာဟောင်းကို ပြန်လည်ခံစားခဲ့ရပြီးနောက် ထိုင်ဝမ်တွင်ပြုလုပ်သည့် ဆုပေးပွဲကို လူကိုယ်တိုင်တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။
လီက သူသည် ဆုရရှိနိုင်လိမ့်မည်ဟုအစောပိုင်းတွင် တွေးထင်ထားခဲ့ခြင်းမရှိသည့်အပြင် ၎င်း၏ ဆန်ခါတင်ဝင်မှုနှင့်ပတ်သက်၍ အများကြီးမစဉ်းစားမိသော်လည်း ၎င်းနှင့်ပတ်သက်သည့် ဆုအမျိုးအစားကို ရွေးချယ်ရန် ကြေညာမည့်အချိန်တွင် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့ဖုန်းမှာ တိုက်ရိုက်ကြည့်ရတာက တကယ့်အခမ်းအနားမှာ ပြုလုပ်နေတာထက် နည်းနည်းနောက်ကျနေတယ်။ အဲဒါကြောင့် ကျွန်တော်ရလဒ်ကို မကြည့်ရသေးခင် ကျွန်တော့်ဆီ ဖုန်းတွေခေါ်ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဆုရတာလား မရတာလားဆိုတာကို သိချင်နေမိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မင်းသမီး ဖန်းနှင့်ဇက်တို့၏ တုံ့ပြန်မှုကို AsiaOne သတင်းဌာနက မေးမြန်းရာ၌ လီက “သူတို့တွေ(ဖန်းနဲ့လီ) ကျွန်တော်နဲ့တူတူ ထမင်းစားပွဲဝိုင်းမှာ ရှိနေကြတာပါ။ ရုတ်တရက် ကျွန်တော်ထရပ်လိုက်ပြီး လက်တွေကိုလေထဲ မြှောက်လိုက်တာကို တွေ့လိုက်တဲ့အခါ ကျွန်တော်ဆုရသွားပြီဆိုတာကို သူတို့သတိထားမိခဲ့ကြတယ်” ဟု ပြောကြားခဲ့သည်။
“သူတို့တွေအားလုံးအော်ဟစ်ခဲ့ကြပြီး ကျွန်တော်ဇနီးက သူ့တီရှပ်အကျႌကို သွားလဲခွင့်ပြုဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်” ဟု လီကဆိုသည်။ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုအတွက် လီနှင့်အတူ ဆန်ခါတင်စာရင်းဝင်သူများမှာ ဝူကန်ရမ် (Seqala:Formosa 1867)၊ ချန်ချီယာကွမ် (Heaven on the 4th Floor)၊ ချန်ကွမ်ချန် (Light the Night)၊ လီကွမ်တင်း (Tears on Fire) နှင့် ဆုအန်းရှီလင်း (Gold Leaf) တို့ဖြစ်သည်။