ကန်ညေးဝက်စ်က လူမှုမီဒီယာ Application Parler ကို ဝယ်ယူရန် သဘောတူညီ

ကန်ညေးဝက်စ်က လူမှုမီဒီယာ Application Parler ကို ဝယ်ယူရန် သဘောတူညီ
Published 18 October 2022

အမေရိကန်ရက်ပ်အဆိုတော် ကန်ညေးဝက်စ်က အမေရိကန်ကွန်ဆာဗေးတစ်များအကြား လူသိများတဲ့ လူမှုမီဒီယာပလက်ဖောင်းဖြစ်သော Parler ကိုဝယ်ယူရန် မူအရသဘောတူညီခဲ့သည်ဟု မိခင်ကုမ္ပဏီ Parlement Technologies က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်လာ ၅၆ သန်းတန်ကြေးရှိ နက်ရှ်ဗေးလ်အခြေစိုက် Parler က၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း သဘောတူညီချက်ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သော်လည်း သဘောတူညီချက်တန်ဖိုးအသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေ။

၂၀၁၈ ခုနှစ်က မိတ်ဆက်ခဲ့သော Parler သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်လွှတ်တော်အဓိကရုဏ်းများဖြစ်ပွားပြီးနောက် ဖယ်ရှားခံခဲ့ရပြီးနောက်တွင် Google နှင့် Apple တို့၏ App Stores များတွင် ပြန်လည်ထည့်သွင်းထားသည်။

Parler သည် Twitter ၏ လွတ်လပ်စွာ ပြောဆိုနိုင်သော အခြားရွေးချယ်စရာများအဖြစ် Gettr၊ Gabနှင့် Truth Social အပါအဝင် လူမှုမီဒီယာပလက်ဖောင်းအများအပြားတွင် အပါအဝင်ဖြစ်သည်။

လွန်ခဲ့သည့်လက အလုံးစုံစစ်ဆေးပြုပြင်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိခင်ကုမ္ပဏီအသစ် Parlement Technologies ကုမ္ပဏီကို ဖန်တီးတည်ထောင်ခဲ့သည်။

ပါရီဖက်ရှင်သီတင်းပတ်ပြီးနောက် ကန်ညေးဝက်စ်နှင့် သဘောတူညီမှုအတွက် စကားပြောဆိုနေကြောင်း Parlement Technologies အမှုဆောင်အရာရှိချုပ် ဂျော့ချ်ဖားမားက ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၃ ရက်က ပါရီဖက်ရှင်သီတင်းပတ်တွင် ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်းဖြစ်သည့် ကန်ညေးဝက်စ်က “White Lives Matter” စာတမ်းပါ တီရှပ်ကိုဝတ်ဆင်ခဲ့သည်။ လေးရက်ကြာပြီးနောက် ဝက်စ်က ဂျူးအဖွဲ့အများအပြားကို ဆီမိုက်ဆန့်ကျင်သူများဟုခေါ်ဆိုသည့် Instagram ပို့စ်တစ်ခုအား တင်ခဲ့သည်။

Instagram နှင့် Facebook တို့ကို ပိုင်ဆိုင်သည့် Meta Platforms က ဝက်စ်အား ယင်းပိုစ့်အတွက် ၎င်း၏ Instagram အကောင့်ကို ပိတ်ပစ်ခဲ့သည်။

ဝက်စ်က နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၈ ရက်တွင် Twitter ၌ ပိုစ့်တင်ခဲ့သော်လည်း Twitter ကလည်းမကြာမီ ၎င်း၏အကောင့်ကို ပိတ်ပစ်ခဲ့သည်။

Most Read

Most Recent