လေးကြိမ်မြောက် Asia Contents ဆုပေးပွဲတွင် တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ပက်အွန်ဘင်းက Extraordinary Attorney Woo ဒရာမာဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။
အောက်တိုဘာ ၈ ရက်က လေးကြိမ်မြောက် Asia Contents ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်ကတည်းက ACA သည် ကိုရီးယားနှင့် အာရှတို့မှ ထူးချွန်ရုပ်ရှင်သရုပ်ဆောင်များနှင့် အွန်လိုင်းအကြောင်းအရာများကို ဆုပေးလေ့ရှိသည်။
ယင်းနေ့တွင် ဂျပန်မင်းသား ဆုဇုကီရိုဟီနှင့် ပက်အွန်ဘင်းတို့က အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနှင့်အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုများကို ရရှိခဲ့သည်။
ပက်အွန်ဘင်းက “ကျွန်မဒီဆုကိုရရှိတဲ့အတွက် ရှေ့နေဝူယောင်းဝူကိုကျေးဇူးတင်ပါတယ်။ ဝူယောင်းဝူအဖွဲ့နဲ့ ဒါရိုက်တာယွန်းအင်ဆစ်တို့အဖွဲ့က ဒီဆုပေးပွဲမှာ ကျွန်မနဲ့အတူရှိနေကြတဲ့အတွက် ဒီနေ့မှာ ကွဲပြားခြားနားနေတယ်လို့ ကျွန်မခံစားရပါတယ်။ ဝူယောင်းဝူကို ချစ်ပေးတာဟာ ကျွန်မအတွက် ထူးခြားတဲ့ အချိန်တွေဆိုတာ မှန်ပါတယ်။ ကျွန်မအနေနဲ့ ဝူယောင်းဝူအဖြစ် သရုပ်ဆောင်နိုင်တဲ့အတွက်လည်း စိတ်သက်သာရာရမိပါတယ်။ကျွန်မနဲ့အတူ ဒီခရီးတစ်လျှောက် ပါဝင်ကြည့်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။
စင်ကာပူအခြေစိုက် မလေးရှားမင်းသမီး ဆိုရာမာက ယင်းဆုပေးပွဲတွင် ၎င်း၏ပထမဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။
အသက် ၃၈ နှစ်အရွယ်မာသည် Mediacorp ၏ အင်္ဂလိပ်ဘာသာစကားဒရာမာဇာတ်လမ်းတွဲ This Land Is Mine ဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို Squid Game သရုပ်ဆောင် ပက်ဟေဆူးက ရရှိခဲ့သည်။ ထို့ပြင် Squid Game သည် နည်းပညာပိုင်းဆိုင်ရာအောင်မြင်မှုဆုကိုလည်း ရရှိခဲ့သည်။
ယင်းဆုပေးပွဲတွင် Exraordinary Attorney Woo က အကောင်းဆုံးဒရာမာဇာတ်လမ်းဆုနှင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအစရှိသဖြင့် ဆုနှစ်ဆုရရှိခဲ့သည်။ ယင်းဆုပေးပွဲတွင် အကောင်းဆုံးအာရှ အန်နီမေးရှင်းဇာတ်လမ်းတွဲဆုကို ဂျပန်အန်နီမေးရှင်းဇာတ်လမ်းတွဲ The Orbital Children က ရရှိခဲ့သည်ဟု သိရသည်။