ထိုင်ဝမ်ရေလက်ကြားဒေသ၌ တရုတ်၏လုပ်ရပ်များအပေါ် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားဒေသ၌ တရုတ်၏လုပ်ရပ်များအပေါ် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ရှုတ်ချ
တိုကျိုမြို့ရှိ အာခါဆာခနန်းတော် နိုင်ငံတော်ဧည့်ရိပ်သာတွင် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ် (Photo-AFP)
တိုကျိုမြို့ရှိ အာခါဆာခနန်းတော် နိုင်ငံတော်ဧည့်ရိပ်သာတွင် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ် (Photo-AFP)
Published 27 September 2022
   Ref:Reuters

စက်တင်ဘာ ၂၆ ရက်က ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကီရှီဒါနှင့် တိုကျိုမြို့၌ တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်၏ကတိကဝတ်ကို အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်စ်က ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားဒေသတွင် တရုတ်၏လုပ်ရပ်များအပေါ် ၎င်းတို့နှစ်ဦးက ပြစ်တင်ရှုတ်ချခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားဒေသမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မကြာသေးခင်က ရန်လိုပြီး တာဝန်မဲ့တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်ရေလက်ကြားဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းခြင်းရဲ့ အရေးပါပုံကိုလည်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်” ဟု အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကျွန်းကို  အကာအကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြတ်ပြတ်သားသား ကတိပြုခဲ့ခြင်းကြောင့် တရုတ်အာဏာပိုင်များကို အမျက်ဒေါသထွက်စေခဲ့ပြီး ရက်ပိုင်းအကြာတွင် အမေရိကန်ဒုသမ္မတ ဟဲရစ်စ်၏ အာရှခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုခရီးစဉ်အတွင်း ဟဲရစ်စ်သည် တောင်ကိုရီးယားနိုင်ငံသို့လည်း ခရီးတစ်ထောက်အဖြစ် ဝင်ရောက်မည်ဖြစ်သည်။

ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ၎င်းတို့၏ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားကာ ထိုင်ဝမ်ကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်သွတ်သွင်းသွားမည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက အင်အားသုံး၍ လုပ်ဆောင်သွားမည့် နည်းလမ်းကိုလည်း ပစ်ပယ်ထားခြင်းမရှိပေ။ ထိုင်ဝမ်အစိုးရကမူ တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် ပြောကြားချက်များကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး ထိုင်ဝမ်၏အနာဂတ်ကို ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်ခွင့်ရှိကြောင်း ပြောဆိုထားသည်။

ဒေသတွင်း၌ အဆိုပါစိန်ခေါ်မှုအပေါ် ပေါင်းစည်းညီညွတ်စွာဖြင့် တုံ့ပြန်ကိုင်တွယ်ရေးအတွက် ဒုသမ္မတဟဲရစ်စ်အနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်း၏လက်ထောက်များက ဆိုသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုမြင့်တက်လာသည့်အခြေအနေကို ကမ္ဘာ့ခေါင်းဆောင်များက သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် ဂျီ၂၀ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတရှီကျင်းပင်နှင့် ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံသွားဖွယ် ရှိနေသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်စျာပနအခမ်းအနား တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဂျပန်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ဟဲရစ်စ်သည် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့်တွေ့ ဆုံစဉ်အတွင်း မြောက်ကိုရီးယား၏ လတ်တလော ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားက ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲထားသည့်ကိစ္စရပ်ကို ဖြေရှင်းရန် အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်၏ လုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်သည် သံမဏိကဲ့သို့ ခိုင်မာကြောင်းလည်း ၎င်းက ထပ်လောင်းအတည်ပြုခဲ့သည်။

တောင်ကိုရီးယားခရီးစဉ်အတွင်း ဟဲရစ်စ်သည် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။               

 

Most Read

Most Recent