နေရပ်သို့ ပြန်မည့် မြန်မာသင်္ဘောသားတစ်ဦး မလေးရှားနိုင်ငံရှိ ဟိုတယ်တွင် အနားယူနေစဉ် နှလုံးရပ် သေဆုံး

နေရပ်သို့ ပြန်မည့် မြန်မာသင်္ဘောသားတစ်ဦး မလေးရှားနိုင်ငံရှိ ဟိုတယ်တွင် အနားယူနေစဉ် နှလုံးရပ် သေဆုံး
Published 27 September 2022

နေရပ်သို့ ပြန်မည့် မြန်မာသင်္ဘောသားတစ်ဦး မလေးရှားနိုင်ငံရှိ ဟိုတယ်တွင် အနားယူနေစဉ် နှလုံးရပ် သေဆုံးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့( ကွာလာလမ်ပူ- မလေးရှား) ထံမှ သိရသည်။

သေဆုံးသူမှာ အသက် (၃၅) နှစ်အရွယ်ရှိ ဦးနေမျိုးလတ်ဆိုသူဖြစ်ပြီး မလေးရှားနိုင်ငံ ဂျိုဟိုးဘာတူးမြို့တွင် သင်္ဘောသားလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်း၊ တာဝန်များပြီးဆုံးသဖြင့် မကြာမီတွင် ရန်ကုန်မြို့သို့ ပြန်ရန် ဟိုတယ်၌ အနားယူနေစဉ် နှလုံးရပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက မိသားစုမှာ တစ်ဦးတည်းသော သားပါ။ ရန်ကုန်မှာက မိန်းမနဲ့ ကလေးကျန်ခဲ့တယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဦးနေမျိုးလတ်မှာ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ အနော်မာ (၁၉) လမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ မိသားစုဝင်များ၏ဆန္ဒအရ သံဃာတော်များပင့်ဖိတ်၍ သရဏဂုံတင်ပေးခဲ့‌ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)က လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မလေးရှားနိုင်ငံ၊ တလုပ်ကုန်း၊ ဘန်တင်းမြို့၌ နေထိုင်သည့် (၂၈) နှစ်အရွယ် မြန်မာနိုင်ငံသား ကိုဇင်လေးမှာလည်း ရုတ်တရက်နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့သည့်အတွက် အဆိုပါနှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် မလေးရှားနိုင်ငံ၊ ကလန်းမြို့ သုဿန်၌ သင်္ဂြိုဟ်ပေးခဲ့ကြောင်း၊ သေဆုံးသူသည် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဇီးဖြူတန်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent