အီယန်ဟာရီကိန်း ပြင်းအားအဆင့်သုံးရှိ မုန်တိုင်းအဖြစ် အားကောင်းလာသဖြင့် ကျူဘား၊ ဖလော်ရီဒါတို့တွင် ပြင်ဆင်မှုများလုပ်ဆောင်

အီယန်ဟာရီကိန်း ပြင်းအားအဆင့်သုံးရှိ မုန်တိုင်းအဖြစ် အားကောင်းလာသဖြင့် ကျူဘား၊ ဖလော်ရီဒါတို့တွင် ပြင်ဆင်မှုများလုပ်ဆောင်
အီယန်ဟာရီကိန်းမဝင်မီ ဖလော်ရီဒါတွင် ပြင်ဆင်မှုများ လုပ်ဆောင်နေပုံကို စက်တင်ဘာ ၂၆ ရက်တွင် တွေ့ရစဉ် (Photo-AFP)
အီယန်ဟာရီကိန်းမဝင်မီ ဖလော်ရီဒါတွင် ပြင်ဆင်မှုများ လုပ်ဆောင်နေပုံကို စက်တင်ဘာ ၂၆ ရက်တွင် တွေ့ရစဉ် (Photo-AFP)
Published 27 September 2022
Ref:AFP

ကျူဘားနိုင်ငံနှင့် ဖလော်ရီဒါပြည်နယ်တို့သည် မုန်တိုင်းလမ်းကြောင်းဖြစ်မည့် အအလားအလာရှိနေသောကြောင့် လေပြင်းများနှင့် ရေကြီးဖွယ်အနေအထားတို့အတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် အနေအထားတွင် အီယန်ဟာရီကိန်းသည် စက်တင်ဘာ ၂၇ ရက်တွင် ပြင်းအားအဆင့်သုံးရှိ မုန်တိုင်းအဖြစ် အားကောင်းလာသည်ဟု အမေရိကန်အမျိုးသားဟာရီကိန်းဌာနက ထုတ်ပြန်ခဲ့သည်။

ကျူဘားအနောက်ပိုင်း ပီညာဒယ်ရီယိုပြည်နယ်တွင် လူ ၅၀၀၀၀ ခန့်သည် ပိုမိုဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းခဲ့ကြပြီး ၎င်းတို့ထဲက လူ ၆၀၀၀ မှာအစိုးရက ဖွင့်ထားသော ခိုလှုံရေးစခန်းများကို ပြောင်းရွှေ့လာခဲ့ကြကာ ကျန်သောလူများမှာ ဆွေမျိုးများနှင့် မိတ်ဆွေများ၏အိမ်များသို့ ပြောင်းလာခဲ့ကြသည်ဟု ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့ကြသည်။

အီယန်သည် အားကောင်းလာခဲ့ပြီးမကြာခင် ကျူဘားအနောက်ပိုင်း၌ ကုန်းတွင်းပိုင်းကို ဝင်ရောက်နေသည်ဟု စက်တင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲတွင် ထုတ်ပြန်ခဲ့သော အကြံပြုချက်၌ အမေရိကန် အမျိုးသားဟာရီကိန်းဌာနက သတိပေးထားသည်။

“လေပြင်းတွေနဲ့အတူ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီ ၁၁၅ မိုင် (၁၈၅ ကီလိုမီတာ) ရှိမယ်လို့ အခုခန့်မှန်းထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး Saffir Simpson စကေးတွင် အီယန်ဟာရီကိန်းကို ပြင်းအားသုံးအမျိုးအစားအဖြစ် သတ်မှတ်သည်ဟု ဆိုသည်။

ဖလော်ရီဒါပြည်နယ်ရှိ တမ်ပါမြို့မှာ မုန်တိုင်းစောင့်ကြည့်နေရသည့် မြို့ဖြစ်သည်။ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ကောင်တီ ၆၇ ခုစလုံးတွင် အရေးပေါ်အခြေအနေထုတ်ပြန်ကြောင်း ကြေညာခဲ့သည်။ မုန်တိုင်းမှာ စက်တင်ဘာ ၂၈ ရက် သို့မဟုတ် ၂၉ ရက်တွင် ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသောကြောင့် တာဝန်ရှိသူများသည် ပြင်ဆင်မှုများကို အလျင်အမြန်လုပ်ဆောင်နေရသည်။

ဖလော်ရီဒါပြည်နယ် Gulf Coast တွင် သီးခြားလေဆင်နှာမောင်းအန္တရာယ်ရှိနေခြင်းနှင့်အတူ အီယန်ဟာရီကိန်းက မိုးများစေခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ကို ဖြစ်စေမည်ဟု စက်တင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးဒီဆန်းတစ်က ပြောကြားခဲ့သည်။ ဓာတ်အားဖြတ်တောက်မှုများအတွက် ပြည်သူများ ပြင်ဆင်ထားကြရန် ၎င်းက သတိပေးခဲ့သည်။

“မုန်တိုင်းဗဟိုဟာ ခင်ဗျားနေတဲ့ဒေသကို မတိုက်ဘူးဆိုရင်တောင် သိသိသာတဲ့ လေပြင်းတွေတော့ တိုက်မှာပါ။ သစ်ပင်လဲတာတွေ ဖြစ်ပါမယ်။ အနှောင့်အယှက်တွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

စားစရာ၊ ရေ၊ ဆေးဝါးနှင့် လောင်စာတို့ကို စုဆောင်းထားရန် ဒီဆန်းတစ်က ပြောကြားခဲ့ပြီး အမျိုးသားကမ်းခြေစောင့်တပ်သား ၇၀၀၀ ကို အကူအညီတောင်းထားသည်ဟု ဆိုသည်။

မိုင်ယာမီ၊ ဖို့လောဒါဒေးနှင့် တမ်ပါတို့အပါအဝင် ဖလော်ရီဒါမြူနီစပယ်ဒေသများတွင် ရေတက်ခြင်းမှ ကာကွယ်ရန် ဒေသခံများထံ သဲအိတ်များ အခမဲ့ဖြန့်ဖြူးပေးထားသည်ဟု အာဏာပိုုင်များက ပြောကြားသည်။ ဖလော်ရီဒါရှိ ကောင်တီ ၂၄ ခုကိုကူညီရန် သမ္မတကလည်း ညွှန်ကြားထားသည်။

ဟာရီကိန်းမုန်တိုင်းကြောင့် မိမိတို့၏ဧရာမဒုံးပျံကို ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစင်တာက ဂိုဒေါင်ကြီးထဲသို့ ပြန်သွင်းထားရသည်ဟု နာဆာက ထုတ်ပြန်ခဲ့သည်။                                              

 

Most Read

Most Recent