ယူကရိန်းတွင် ရုရှားက စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ စွပ်စွဲပြောကြား

ယူကရိန်းတွင် ရုရှားက စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ စွပ်စွဲပြောကြား
သီးခြားလွတ်လပ်သော ယူကရိန်းဆိုင်ရာ နို်င်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ အဲရစ်မို့စ်(လယ်)နှင့် ကော်မရှင်အဖွဲ့ဝင်များကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (Photo : AFP)
သီးခြားလွတ်လပ်သော ယူကရိန်းဆိုင်ရာ နို်င်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ အဲရစ်မို့စ်(လယ်)နှင့် ကော်မရှင်အဖွဲ့ဝင်များကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (Photo : AFP)
Published 25 September 2022
Ref : AFP

ရုရှားအနေဖြင့် ယူကရိန်းတွင် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကွပ်မျက်သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် စစ်ရာဇဝတ်မှု အများအပြားကို ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက စွပ်စွဲပြောကြားခဲ့ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများဟု သက်သေပြရန် စောလွန်းနေသေးကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။

အဆင့်မြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြီးအကဲဖြစ်သူက ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီရှေ့မှောက်၌ ပြောကြားရာတွင် လွန်ခဲ့သည့် ခုနစ်လက ရုရှားတို့ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခဲ့သော ပြင်းထန်သည့် ချိုးဖောက်မှုများအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်မတ်လထဲတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ၏ ဥက္ကဋ္ဌဖြစ်သူ အဲရစ်မို့စ်က ၎င်း၏အဖွဲ့အနေဖြင့် ကွပ်မျက်သတ်ဖြတ်မှု အများအပြားနှင့် ကလေးငယ်များအား ညှင်းပန်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့သည့် အထောက်အထားများ တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

“ကော်မရှင်က စုဆောင်းရရှိထားတဲ့ အထောက်အထားတွေပေါ် အခြေခံပြီး ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ကောက်ချက်ချလိုက်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများအနေဖြင့် ယင်းကဲ့သို့ တိကျပြတ်သားသည့်သဘောထားကို ထင်ဟပ်စေသော ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ခြင်းသည် ကြုံတောင့်ကြုံခဲဖြစ်သော်လည်း သီးခြားလွတ်လပ်သော ကျွမ်းကျင်သူသုံးဦး ပါဝင်သည့်အဖွဲ့ကမူ ၎င်းတို့ တွေ့ရှိထားသည့် အထောက်အထားများသည် ပီပြင်ခိုင်မာနေသည်ဟု ဆိုသည်။

ကနဦးအနေဖြင့် ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လအတွင်း ကိယက်ဗ်၊ ချာနီဟစ်၊ ခါကိဗ်နှင့် ဆူမီဒေသတို့တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို အဓိကအာရုံစိုက်သွားမည်ဟု ၎င်းအဖွဲ့က ပြောဆိုထားသည်။

၎င်းအဖွဲ့သည် မြို့ပေါင်း ၂၇ မြို့သို့ သွားရောက်ခဲ့ပြီး ထိခိုက်ခံစားရသူနှင့် မျက်မြင်သက်သေ ၁၅၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ကာ ဖျက်ဆီးခံရသည့်နေရာများ၊ ဂူသချႋုင်းများ၊ ဖမ်းဆီးနှိပ်စက်မှုများ ဖြစ်ပွားရာနေရာများနှင့် လက်နက်အစအနများကို စစ်ဆေးခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ မြေပြင်ကိုသွားရောက်ခဲ့ပြီးပါပြီ။ ရရှိထားတဲ့ အထောက်အထားတွေအရ ကျွန်တော်တို့တွေ့ရှိခဲ့တဲ့ အရာတွေဟာ စစ်ရာဇဝတ်မှုနဲ့ ညီမျှနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်”ဟု မို့စ်က ပြောကြားသည်။

ယူကရိန်းစစ်သားများက ရုရှားစစ်သားများကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖြစ်စဉ်နှစ်ခုကို တွေ့ရှိခဲ့သော်လည်း ရုရှားဘက်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများက များစွာပိုများနေသကဲ့သို့ ကျူးလွန်သည့်ပုံစံ ပိုမိုထွေပြားနေသည်ဟု ၎င်းအဖွဲ့က ဆိုသည်။

“တစ်ဖက်မှာ စစ်ရာဇဝတ်မှု အများအပြားရှိနေတာနဲ့ အခြားတစ်ဖက်မှာ စစ်ရာဇဝတ်မှုဖြစ်စဉ် နှစ်ခုဆိုတာက အလွန်ကွာခြားလွန်းပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပတ်ဘလိုဒီဂရစ်ဖ်က AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ယင်းတွေ့ရှိချက်များအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက ကြိုဆိုခဲ့ပြီး ယူကရိန်းကိုယ်စားလှယ်ဖြစ်သူ အန်တန် ကော်ရီနီဗစ်ချ်ကလည်း ၎င်းတွေ့ရှိချက်များသည် ရုရှားကို ၎င်း၏ပြစ်မှုများအတွက် တာဝန်ခံစေရန်အလို့ငှာ အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ် သည်ဟုဆိုသည်။ ရုရှားကိုယ်စားလှယ်သည် အစည်းအဝေး တက်ရောက်ခြင်းမရှိသကဲ့သို့ တုံ့ပြန်ခြင်းလည်းမရှိခဲ့ပေ။            

Most Read

Most Recent