ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ခံဒေသများတွင် ဆန္ဒခံယူပွဲများ ဆက်လက်ပြုလုပ်

ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ခံဒေသများတွင် ဆန္ဒခံယူပွဲများ ဆက်လက်ပြုလုပ်
ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် လူဟန့်ဒေသရှိ မဲရုံတစ်ရုံတွင် ဒေသခံတပ်ဖွဲ့ဝင်တစ်ဦး မဲပေးနေပုံကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (Photo : AFP)
ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသည့် လူဟန့်ဒေသရှိ မဲရုံတစ်ရုံတွင် ဒေသခံတပ်ဖွဲ့ဝင်တစ်ဦး မဲပေးနေပုံကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (Photo : AFP)
Published 25 September 2022
Ref : AFP

ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားသိမ်းယူထားသည့် ဒေသလေးခုအား ရုရှား၏နယ်မြေ တစ်စိတ်တစ်ဒေသ ဖြစ်လာစေရန် ရည်ရွယ်သည့် လူထုဆန္ဒခံယူပွဲများကို စက်တင်ဘာ ၂၄ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်ခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အဆိုပါ လူထုဆန္ဒခံယူပွဲများသည် အတုအယောင်သာဖြစ်သည်ဟု ပြောကြားကာ ပယ်ချခဲ့သည်။

ရုရှားအနေဖြင့် အဆိုပါ ယူကရိန်းနယ်မြေ လေးခုအား ၎င်း၏ပိုင်နက်အဖြစ် သွတ်သွင်းရန်သင့်မသင့် ဆန္ဒခံယူသည့် မဲပေးမှုများကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ ဆန္ဒခံယူပွဲများ ပြုလုပ်ခြင်းသည် ခုနစ်လကြာမြင့်ပြီဖြစ်သည့် စစ်ပွဲကို ပိုမိုစိုးရိမ်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဆန္ဒခံယူပွဲများ စတင်ပြုလုပ်ခဲ့သည့်နေ့၌ပင် ရုရှားက ကွပ်မျက်သတ်ဖြတ်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများအပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော အထောက်အထားများကို ကုလသမဂ္ဂနှင့် ယူကရိန်းတို့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

“ရုရှားရဲ့ လူထုဆန္ဒခံယူပွဲဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရင်း အင်အားသုံးပြီး သိမ်းယူထားတဲ့ ယူကရိန်းနယ်မြေတွေကို သူတို့ပိုင်နက်အဖြစ် သွတ်သွင်းဖို့ကြိုးစားနေတဲ့ မဟုတ်မမှန် အကြောင်းပြချက်သာ ဖြစ်တယ်”ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ရုရှားအပေါ် ပြင်းထန်သည့် စီးပွားရေးသက်ရောက်မှုများ ဖြစ်စေမည့် နောက်ထပ်အစီအမံများကို အလျင်အမြန် ချမှတ်ဆောင်ရွက်ရန် မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ရုရှား၏ အနီးကပ်ဆုံးမဟာမိတ်အဖြစ် ရှိနေခဲ့သည့် တရုတ်နိုင်ငံကပင် တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက် က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာနှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ရုရှားက ၎င်း၏ပိုင်နက်အဖြစ် သွတ်သွင်းရန် ဆန္ဒရှိနေသည့် ဒေသများမှ နယ်မြေများကို ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများလက်မှ ပြန်လည်သိမ်းယူနေသည်ဟု ယူကရိန်းစစ်တပ်က ပြောဆိုထားသည်။ ရုရှားထိန်းချုပ်ခံဒေသများဖြစ်သည့် ယူကရိန်းအရှေ့ပိုင်းရှိ ဒိုးနက်စ်၊ လူဟန့်နှင့် ယူကရိန်းတောင်ပိုင်းရှိ ခါဆန်နှင့် ဇာပိုရီရှား ဒေသတို့တွင် ဆန္ဒခံယူပွဲများ ကျင်းပနေခြင်း ဖြစ်သည်။

အာဏာပိုင်များသည် ဆန္ဒမဲများကို လေးရက်ကြာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံကောက်ယူသွားမည်ဖြစ်ပြီး စက်တင် ဘာ ၂၇ ရက်တွင် နောက်ဆုံးနေ့အဖြစ် ဒေသခံများ လာရောက်မဲထည့်နိုင်ရန် မဲရုံများကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။ မော်စကိုမြို့ရှိ ဒိုးနက်စ်ခွဲထွက်ဒေသ ကိုယ်စားလှယ်ရုံးတွင်လည်း မဲပေးမှုများ ပြုလုပ်ဖွယ်ရှိသည်။ ယူကရိန်းစစ်တပ်၏ တန်ပြန်ထိုးစစ်အတွင်း နိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသ၏ နယ်မြေအများစုကို ပြန်သိမ်းယူနိုင်ခဲ့ပြီးနောက်တွင် ရုရှားက ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။               

Most Read

Most Recent