မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရေထွက်ကုန်နှင့် ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုး

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရေထွက်ကုန်နှင့် ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုး
Photo - MOI
Photo - MOI
Published 24 September 2022

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရေထွက်ကုန်နှင့် ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား စက်တင်ဘာ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံဖယ်ဒရယ် ငါးလုပ်ငန်းအေဂျင်စီ၏အကြီးအကဲ Mr. Ilya Shestakov ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့ St. Petersburg Exhibition and Convention Center ၌ ကျင်းပလျက်ရှိ သည့် (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက်လျက်ရှိရာ စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်ပြပွဲ၌ နှစ်နိုင်ငံအကြား သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများ အပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့အကြီးအကဲ Mr.Ilya Shestakov တို့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

သဘောတူစာချုပ်တွင် နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့်ဆက်စပ်သော ပင်လယ်ပြင်ငါးသယံဇာတတည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင်ရေသယံဇာတ စီမံခန့်ခွဲမှု၊ တရားမဝင် ငါးဖမ်းဆီးမှုတိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်းဆီးခြင်းလုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသော ငါးလုပ်ငန်းဆိုင်ရာ ကဏ္ဍများ၌ အပြန်အလှန်စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌဦးလှသန်းနှင့် ရေလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent