ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော်တွင် တည်ငြိမ်နေပြီး တစ်ဒေါ်လာ ကျပ် ၃၂၀၀ ၀န်းကျင်သို့ ရောက်ရှိနေဟုသိရ

ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော်တွင် တည်ငြိမ်နေပြီး တစ်ဒေါ်လာ ကျပ် ၃၂၀၀ ၀န်းကျင်သို့ ရောက်ရှိနေဟုသိရ
Published 15 September 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်တွင် တည်ငြိမ်နေကာ ပြင်ပစျေးကွက်၌ တစ် ဒေါ်လာ ၃၂၀၀ ဝန်းကျင်သို့ ရောက်ရှိနေဟု နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ ကြားသိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားပြီးငွေလဲ ကောင်တာအများစုတွင် ဒေါ်လာ အရောင်း အဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ပြုလုပ်မှုရှိကြောင်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်ကျော်နဲ့ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာအချို့မှာ ၃၁၀၀ နဲ့ ဝယ်ပေးနေတာတော့တွေ့တယ်။ အပြင်စျေးကွက်မှာလည်း ဒေါ်လာစျေးက ၃၂၀၀ ဝန်းကျင်မှာ ငြိမ်နေတဲ့သဘောပေါ့”ဟု နိုင်ငံခြား ငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ်စက်တင်ဘာ ၁၅ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၅၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၂၅၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၇၈၀ ကျပ်၊ ထိုင်းဘတ် ၉၆ ကျပ်၊ တရုတ်ယွမ် ၅၀၀  ကျပ်၊ ဂျပန်ယန်း ၂၅ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ အရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး  တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့်  နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု သိရသည်။

အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍အတိုးနှုန်း မြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာအားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲ လှယ်သည့်အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။

Most Read

Most Recent