အလားအလာကောင်းပေမဲ့ မျှော်လင့်ချက်နည်းနေတဲ့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်

အလားအလာကောင်းပေမဲ့ မျှော်လင့်ချက်နည်းနေတဲ့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်
ဆင်းခွန်ဂိတ်ကို ထိုင်းနိုင်ငံဘက်ခြမ်းမှ တွေ့ရစဉ်
ဆင်းခွန်ဂိတ်ကို ထိုင်းနိုင်ငံဘက်ခြမ်းမှ တွေ့ရစဉ်
Published 11 September 2022
ဇော်မိုးဦး ( မြိတ် )

မြန်မာနိုင်ငံရဲ့ ခရိုင်မြို့ကြီးတစ်မြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အချိန်ရှစ်နာရီအတွင်း သွားလာနိုင်တဲ့ လမ်းကြောင်းတစ်ခု။ အဲဒါအပြင် အာရှလမ်းမကြီးတစ်ခုပေါ်မှာ  နယ်စပ်ဂိတ်တစ်ခုရှိဖို့ဆိုတာ ရှားပါးတဲ့အခွင့်အရေး။ အရှေ့ဘက်ပင်လယ်နဲ့ အနောက်ဘက် ပင်လယ်ကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခု။ အရှေ့ဘက်ပင်လယ်မှ နေထွက်တာကိုကြည့်ပြီး အနောက်ပင်လယ်မှာ နေဝင်သွားတဲ့မြင်ကွင်းတစ်ခုကို နေ့ချင်းပြန် ခရီးသွားရောက်ကြည့်ရှုနိုင်တဲ့ လမ်းကြောင်းတစ်ခု။

မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်မြို့နဲ့ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံခရိုင်၊ ဒန်းဆင်းခွန်ရွာတို့ ထိစပ်နေတဲ့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်ဟာ ကုန်သွယ်မှု အလားအလာအကောင်းဆုံးဖြစ်လာနိုင်တဲ့ နယ်စပ်ဂိတ်အဖြစ် သုံးသပ်ထားကြပေမဲ့ ကန့်သတ်မှုပေါင်းများစွာနဲ့ထိုင်းနိုင်ငံဘက်မှ မချင့်မရဲ ဖြစ်နေတာကြာပါပြီ။ ပင်လယ်ကမ်းရိုးတန်းဆိပ်ကမ်းတွေ ပိုင်ဆိုင်ထား ပြီး ရေလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ မြိတ်မြို့ကနေ ၁၂၃ မိုင်ကွာဝေးတဲ့ မောတောင်နယ်စပ်ကို အခုဆိုရင် အချိန်သုံးနာရီခရီးနဲ့ သွားလို့ရနေပါ ပြီ။ မောတောင်-ဆင်းခွန်ဂိတ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကီလိုမီတာ ၂၀၀ ကျော်သာ ကွာဝေးတဲ့အတွက်အချိန် လေးနာရီကျော်နဲ့ သွားလာလို့ ရပါတယ်။ မြိတ်မှ ဘန်ကောက်ကိုအချိန် ရှစ်နာရီအတွင်း ကုန်သွယ်မှုပြုလုပ်နိုင်တဲ့အတွက် နေ့ချင်းပြန် သွားလာလို့ရနိုင်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်။ ဆင်းခွန်ရွာမှ မြောက်ကိုတက်သွားရင် မဟာချိုင်၊ မဲ့ကော်၊ ဘန်ကောက်ဒေသများသို့ ရောက်ရှိပြီး တောင်ဘက်ပိုင်းသို့ ဆင်းသွားပါက ချုံဖွန်၊ ရနောင်းစတဲ့ အရှေ့တောင်ပိုင်းဒေသများ၊ ဟတ်ယိုင်၊ ဆူရတ်တာနီ၊ ပါတာနီစတဲ့ ထိုင်းတောင်ပိုင်းဒေသများ၊ ထိုမှ တစ်ဆင့် မလေးရှားနိုင်ငံ၊ စင်ကာပူစတဲ့နိုင်ငံများအထိ သွားလာနိုင်တဲ့ အာရှလမ်းမကြီးအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ လုပ်ငန်းရှင်များက စီးပွားရေး အလားအလာကောင်း တဲ့လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် နယ်စပ်လမ်းဖွံ့ဖြိုးဖို့ အရင်းအနှီးများစွာ အကုန်အကျခံပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

“မြိတ်-တနင်္သာရီ-မောတောင်လမ်းအပိုင်းမှာရှိတဲ့ ထုံခါ-သဲဖြူ-မောတောင်လမ်းအပိုင်းကို မြိတ် အများပိုင်ကော်ပိုရေးရှင်းမှ ခြောက်နှစ်ကြာ ခက်ခက်ခဲခဲဖောက်လုပ်ခဲ့ရတယ်။ အဲဒီမှာ ကွန်ကရစ်တံတား ကိုးစင်းပါတယ်။ လမ်းအရှည်က ၄၈ မိုင် ၂ ဖာလုံမှာ အားလုံးစုစုပေါင်း ကျပ် ၂၄ ဘီလျံလောက်ကုန်ကျခဲ့ပါတယ်။ ကုန်သွယ်ရေးလမ်းကြီးဖြစ်တဲ့အတွက် မြိတ်အများပိုင်ကလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားပါ့မယ်။ လက်ရှိအနေအထားမှာ ၂၄ ပေ နှစ်လမ်းသွားက ကားအသွားအလာအရ လုံလောက်နေပါ့မယ်။ တစ်ချိန်မှာ တိုးတက်လာမယ့်အနေထားကိုကြည့်ပြီး  လေးလမ်းသွားအထိ တိုးချဲ့ဖောက်လုပ်သွားဖို့ စိတ်ကူးထားပါတယ်”လို့ မြိတ်အများပိုင်ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားထားပါတယ်။

နယ်စပ်လမ်းမကြီးကို ၂၀၁၉ ခုနှစ် မေ ၁၂ ရက်မှာဖွင့်လှစ်နိုင်ခဲ့တာကြောင့်မြိတ်-မောတောင်ခရီးက သုံးနာရီနဲ့ သွားလာလို့ရနေပါပြီ။

တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးဟာ ထိုင်းနိုင်ငံနဲ့ နယ်ချင်း ထိစပ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်မှုအပိုင်းအနေနဲ့ ထိုင်းကိုပဲ အဓိက အားထားရပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်မြို့ကြီး သုံးမြို့စလုံးဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ဂိတ် ဖွင့်လှစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကော့သောင်း- ရနောင်း နယ်စပ်ကုန်သွယ်ရေးအနေနဲ့ ရေလမ်းခရီးကိုပဲ အားထားနေရပြီး ထီးခီး-ကန်ချနာဘူရီ နယ်စပ်ဂိတ်က ကုန်း လမ်းခရီးဖြစ်ပါတယ်။ ဝေးလံပြီး လမ်းခရီးအနေအထား ကြမ်းတမ်းမှုရှိတဲ့အတွက် မောတောင်- ဆင်းခွန် ဂိတ်ကဲ့သို့ ရေရှည်အလားအလာ နည်းပါတယ်။ ပရာကျွတ်ခီရီခံခရိုင်အနေနဲ့ မောတောင်-ဆင်းခွန်ဂိတ် ကိုအလားအလာရှိမှန်းသိပေမဲ့ မချင့်မရဲဖြစ်နေပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ ဆင်းခွန်ဂိတ်က ပရာကျွတ်ခီရီခံမြို့နယ်ကမ်းခြေအထိ ၁၃ ကီလိုမီတာသာ ကွာဝေးတဲ့အတွက် ထိုင်းတစ်နိုင်ငံလုံးမှာ အကျဉ်းဆုံးအပိုင်း ဖြစ်နေပါတယ်။ ပထဝီနိုင်ငံရေးအခြေအနေအရ ထိုင်းက အလွန်သတိထားပြီး ကိုင်တွယ်နေသလို ထိုင်းဘုရင်နွေရာသီစံနန်းရှိရာ ဟွာဟွင်မြို့ကိုလည်း သွားလာမှုကို ကန့်သတ်ထားတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံဘက်မှ အမြဲတန်းကုန်သွယ်မှုဂိတ်ဖွင့်လှစ်ရန် မြန်မာ-ထိုင်းနယ်နိမိတ်တိုင်းတာမှုများ လုပ်ဆောင်ရန်(သို့မဟုတ်)အတည်ပြုရန် ထိုင်းအစိုးရက ယခင်ကတည်းက ပြောဆိုနေခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ထိုင်းနိုင်ငံအနေနဲ့ ဆင်းခွန်ဂိတ်ကို အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ ထားရှိပြီး ကုန်သွယ်မှုနဲ့ ခရီးသွားလာမှုကို ကန့်သတ်ထားတာတွေ့ရပါတယ်။

“မောတောင်-ဆင်းခွန်ဂိတ်ကနေ ကုန်သွယ်မှုပြုလုပ်မယ်ဆိုရင် ကန့်သတ်မှုတွေအများကြီးရှိတယ်။ ရေထွက်ပစ္စည်းတင်ပို့မှုအပိုင်းမှာဆိုရင် အအေးခဲပါကင်တွေ၊ သတ်မှတ်ထားတဲ့ပုံစံထုပ်ပိုးမှုတွေနဲ့သာ ကုန်သွယ်မှုပြုလုပ်ရပါတယ်။ လက်ရှိမှာ လူဝင်-လူထွက်ခွင့်မပြုပါဘူး။ ကိုဗစ်ကာလမဖြစ်ခင်တုန်းကဆိုရင် ပရာကျွတ်ခီရီခံမြို့နယ်အတွင်းက ကီလိုမီတာ ၅၀ အတွင်းသာမှာပဲ လည်ပတ်လို့ရပါတယ်။ ကျန်တဲ့ နေရာတွေကို ကန့်သတ်ထားပါတယ်” လို့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ ဦးဇော်ထွန်းက ပြောကြားပါတယ်။

ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း စတင်ဖြစ်တဲ့အချိန်မှာပဲ ခရီးသွားလုပ်ငန်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေက အဲဒီနယ်စပ်ဂိတ်မှာ ရပ်တန့်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်နေ့မှာ ကိုဗစ်ကို အကြောင်းပြုပြီး နယ်စပ်ဂိတ် ပိတ်လိုက်ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာလည်း ခဏတာ ပြန်ဖွင့်လိုက်ပြန်ပိတ်လိုက်၊ မကြာမီဖွင့်လှစ်တော့မည်ကြေညာလိုက်နဲ့ နယ်စပ်ဂိတ်ဟာ ကုန်သွယ်မှုအတွက် ကန့်သတ်ချက်များစွာနဲ့ ဆက်လက်ရှင်သန်နေခဲ့ရတယ်။

“ထိုင်းနိုင်ငံအနေနဲ့ ရေထွက်ပစ္စည်းတွေကိုအဓိကလိုအပ်ချက်တွေနဲ့ ဝယ်နေတာဖြစ်ပါတယ်။ မြိတ်ဒေသမှာလည်း ရေထွက်ပစ္စည်းတွေ အများအပြား ထွက်ပါတယ်။ အဲဒီလမ်းကြောင်းက အတိုဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ အဲဒီနယ်စပ်ဂိတ်ကို မဝံ့မရဲနဲ့ လုပ်ဆောင်နေတာ တွေ့ရတယ်။ ထိုင်းဘက်မှာ အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်ပြင်ဆင်ထားပေမဲ့ သူတို့ ဒီနယ်စပ်ဂိတ်ကို မချင့်မရဲဖြစ်နေတာတွေ့ရတယ်။ ဒါကလည်း နှစ်နိုင်ငံအဆင့် ဆွေးနွေးရမယ့်အပိုင်း ဖြစ်နေတော့ ဒေသအာဏာပိုင် အဆင့်နှင့်မပြီးဘူး။ ရေရှည်မှာ ကြန့် ကြာနေမယ့် နယ်စပ်ဂိတ်တစ်ခု အဖြစ်နှင့်ပဲမြင်ပါတယ်”လို့ ကုန်သည် တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နယ်စပ် ကုန်သွယ်မှုဖွံ့ဖြိုးစေဖို့ မောတောင်နယ်စပ်ဂိတ်ကို အမြဲတမ်းကုန်သွယ်မှုဂိတ်အဖြစ် ၂၀၁၃ ခုနှစ် မေလ အတွင်းမှာ One Stop Service ထားရှိပြီး ဝန်ဆောင်မှုပေးထားပေမဲ့ ထိုင်းနိုင်ငံဘက်မှ ဆင်းခွန်ဂိတ်ကို အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ တိုးမြှင့်လာနိုင်သေးတာတွေ့ရပါတယ်။ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုများ၊ နယ်နိမိတ် သတ်မှတ်မှုများ၊ ခရီးသွားလာမှု အဝင်အထွက်များကို ထိုင်းဘက်မှ ချင့်ချိန်တွက်ဆနေဟန်ရှိပါတယ်။ အရှေ့ဘက်ပင်လယ်နဲ့ အနောက်ဘက်ပင်လယ်ကို ချိတ်ဆက်ကုန်သွယ်မှု လုပ်နိုင်တဲ့နယ်စပ်ဂိတ်၊ ဘန်ကောက်မြို့နဲ့ အလွယ်တကူ ကုန်သွယ်နိုင်တဲ့ နယ်စပ်ဂိတ်၊ အာရှလမ်းကြီးနဲ့ ချိတ်ဆက်ထားတဲ့ နယ်စပ်ဂိတ်ဟာ အလားအလားကောင်းပေမဲ့ လက်ရှိအနေထားမှာ မျှော်လင့်ချက်နည်းနေတဲ့ အနေအထားလို့ သုံးသပ်နိုင်ပါတယ်။ 

Most Read

Most Recent