အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရသည့် ဦးအောင်သန်းဦး၏ နေရာတွင် ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်အား ခန့်အပ်

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရသည့် ဦးအောင်သန်းဦး၏ နေရာတွင် ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်အား ခန့်အပ်
Published 1 September 2022

အဂတိလိုက်စားမှုဖြင့် အဖမ်းခံရသည့် ဦးအောင်သန်းဦး၏ နေရာတွင် ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်အား ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၁ ရက် ညပိုင်းတွင် နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံရသည့် ရန်ကုန်တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၏ နေရာတွင် ဦးမျိုးမြင့်အောင်အား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးမှ မြေကွက် လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ငွေကျပ်သိန်း ၅၀၀၀ ကို ၎င်း၏ နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း အဂတိက ထုတ်ပြန်ခဲ့သည်။

ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က တိုင်းဒေသကြီးအစိုးရ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူ တစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility - CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော်အား ကောက်ခံရယူခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်တွင် အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက် ရမည်ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းတို့သည် အစိုးရအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ခြင်းပြုရာတွင် တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေးနစ်နာ ဆုံးရှုံးစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent