ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့နှင့် PNLO၊ LDU၊ ALP  ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့တို့ နေပြည်​တော်တွင် ဒုတိယအကြိမ် တွေ့ဆုံ​ဆွေးနွေး

ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့နှင့် PNLO၊ LDU၊ ALP  ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့တို့ နေပြည်​တော်တွင် ဒုတိယအကြိမ် တွေ့ဆုံ​ဆွေးနွေး
Published 23 August 2022

နိုင်ငံ​တော်၏ ငြိမ်းချမ်း​ရေးဆွေး​နွေး​ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာ​ဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ​စောမြရာဇာလင်းတို့ ဦး​ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ​နေပြည်​​တော်တွင် ဒုတိယအကြိမ် ​တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သြဂုတ် ၂၃ ရက်က နေပြည်​တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဗဟိုဌာန အစည်းအ​ဝေးခန်းမတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် PNLO၊ LDU၊ ALP  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ​တွေ့ဆုံ​ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

​တွေ့ဆုံ​ဆွေး​နွေးပွဲတွင် ငြိမ်းချမ်း​ရေးဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်သူရိန်တို့က နှုတ်ခွန်းဆက်အမှာစကား ​ပြောကြားခဲ့ကြ​ကြောင်း သိရသည်။

ထို့​နောက် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ(၂၀၀၈ခုနှစ်)ပါ ဇယား(၁) ပြည်​ထောင်စုဥပ​ဒေပြုစာရင်းနှင့် ဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပ​ဒေပြု​စာရင်းတို့နှင့်ပတ်သက်၍ ညှိုနှိုင်း​ရေး​ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ကဏ္ဍအလိုက်ရှင်းလင်းတင်ပြပြီး ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အ​ကောင်အထည်​ဖော်မှုများ (ဇယား ၂)အား ညှိုနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်က ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ယင်း​​နောက်တွင် တက်​ရောက်လာကြသူများမှ မိမိတို့၏သ​ဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ​ဆွေး​​နွေးညှိုနှိုင်းခဲ့ကြပြီး ​တွေ့ဆုံ​ဆွေး​နွေးပွဲ ပထမ​နေ့ကို ရပ်နားခဲ့​ကြောင်းနှင့် ဒုတိယ​နေ့ ဆွေး​​နွေးပွဲကို သြဂုတ် ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီဥက္ကဌ၊ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီအဖွဲဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ​အေးဝင်းနှင့် ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်နှင့် ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာ​ဆော်လမွန်နှင့် အ​ထွေ​ထွေအတွင်း​ရေးမှူး ကျာ​ယာကုက်၊ ရခိုင်ပြည်လွတ်​မြောက်​ရေးပါတီ(ALP)ဒုတိယဥက္ကဋ္ဌ ​စောမြရာဇာလင်းတို့နှင့် ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီဝင် ခိုင်စိုးမြတို့ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

Most Read

Most Recent