ဒုတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲ (2nd ASEAN-Russia Consulation of the High Representatives for Security Issues) ကို သြဂုတ် ၂၂ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်က တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အာဆီယံ-ရုရှားဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ သုတေသနနှင့် ထောက်လှမ်းရေးဆိုင်ရာ အထွေထွေဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် HE.Lieutenant General HUN Manith နှင့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr.Nikolai Ratrushev တို့က အဖွင့်အမှာစကားပြောကြားပြီး အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်း၍ဆွေးနွေးပွဲ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးတင်ပြခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်က မဟာဗျူဟာမြောက် တည်ငြိမ်အေးချမ်းရေးအပါအဝင် အာရှ-ပစိဖိတ်ဒေသလုံခြုံရေးအပေါ် သက်ရောက်မှုများ၊ ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr.Nidolai Patrushev နှင့် ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ သုတေသနနှင့် ထောက်လှမ်းရေးဆိုင်ရာ အထွေထွေဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် HE.Lieutenant General HUN Manith တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။















