ကုန်စျေးနှုန်းကျဆင်းရေးနှင့် ငွေကြေးတန်ဖိုးမြင့်တက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေး တည်ငြိမ်ရန် ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

ကုန်စျေးနှုန်းကျဆင်းရေးနှင့် ငွေကြေးတန်ဖိုးမြင့်တက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေး တည်ငြိမ်ရန် ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 23 August 2022

ကုန်စျေးနှုန်းကျဆင်းရေးနှင့် ငွေကြေးတန်ဖိုးမြင့်တက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေး တည်ငြိမ်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂)တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စီးပွားရေးပြန်လည်အားကောင်းအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုမှ လုပ်အားခများရရှိမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများရှိလာမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ မှန်မှန်ကန်ကန် လည်ပတ်နိုင်စေရန်အတွက် ဘဏ္ဍာရေးစနစ်များ မှန်ကန်ရန်လိုကြောင်း၊ မိမိတို့စတင်တာဝန်ယူချိန်ကာလတွင် ဘဏ်စနစ်များ ပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များအပေါ်တွင် ပြည်သူများ ယုံကြည်မှုရှိရန်လိုကြောင်း၊ စီးပွားရေး အားကောင်းအောင် ဆောင်ရွက်ရာတွင် ငွေကြေးစနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့ရှိ အချို့ဒေသများမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်ထုတ်လုပ်မှုများ ပုံမှန်နီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။

ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း(SME)များကို အားပေးသွားမည်ဖြစ်သကဲ့သို့ ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ၎င်းလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် တောင်သူများနှင့် အလုပ်အကိုင်ဆောင်ရွက်ကြသူများအနေဖြင့်လည်း လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူမြို့ပေါ်နေပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက်လည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ဆိုသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ထုတ်ကုန်မြှင့်တင်ရေး လိုအပ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ထုတ်ကုန်တင်ပို့မှုတွင် ပဲတင်ပို့မှုသည် အာဆီယံတွင် အများဆုံးဖြစ်ကြောင်း၊ သို့သော် ပဲအထွက်နှုန်း နည်းပါးနေကြောင်း၊ ထို့အတူ စပါးအထွက်နှုန်းလည်း နည်းနေသေးကြောင်း၊ အာဆီယံတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အဓိကစပါးတင်ပို့သည့် နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် FAO အစီရင်ခံစာအရ စပါးစိုက်ဧကတွင် ဟက်တာ ၆ ဒသမ ၆၅ သန်းရှိကြောင်း၊ ထိုင်းနိုင်ငံသည် ၁၀ ဒသမ ၄ သန်းစိုက်ပျိုးကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ၇ ဒသမ ၂ သန်း စိုက်ပျိုးကြောင်း၊ အထွက်နှုန်းကို ကြည့်ပါက မြန်မာနိုင်ငံသည် ၂၅ သန်း၊ ထိုင်းနိုင်ငံသည် သန်း ၃၀ နှင့် ဗီယက်နမ်နိုင်ငံသည် ၄၂ ဒသမ ၇၅ သန်းထွက်ရှိကြောင်း၊ ဗီယက်နိုင်ငံသည် တစ်နှစ်လျှင် စပါးကို သုံးသီးစိုက်ပျိုးသည့် နိုင်ငံဖြစ်သည်ဟု သိရကြောင်း၊ မိမိတို့နိုင်ငံတွင် နွေစပါးကို တစ်ဧက တင်း ၁၀၀ နှုန်းနှင့် မိုးစပါးကို တစ်ဧက တင်း ၈၀ နှုန်းထွက်ရှိအောင် ပန်းတိုင်ရည်မှန်းချက် ပေးထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တောင်သူလယ်သမားများအနေဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စပါးအထွက်နှုန်းတိုးပြီး နိုင်ငံတကာသို့ ပိုမိုတင်ပို့ရောင်းချနိုင်ပါက တိုင်းပြည်၏ ဝင်ငွေပိုမိုရှိနိုင်ပြီး တောင်သူလယ်သမားများလည်း များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဧက အထွက်နှုန်းတိုးတက်ရေးသည် အဓိကကျပြီး အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် အခွန်ကောက်ခံသည့် နယ်ပယ်ကိုချဲ့ထွင်ရန် လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ မရှိအောင် ထိန်းချုပ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သေချာစွာ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခွန်တိမ်းရှောင်မှုများမှ အခွန်ငွေများ ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်စျေးနှုန်းကျဆင်းရေးနှင့် ငွေကြေးတန်ဖိုး မြင့်တက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိအောင် လုပ်ဆောင်ပြီး တစ်ဖက်မှလည်း တိုင်းပြည်ဝင်ငွေ တိုးပွားအောင် လုပ်ဆောင်၍ တိုင်းပြည်စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းအခြေအနေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့၏လုပ်ဆောင်မှုသည် မှတ်ကျောက်တင်ခံရနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် စိတ်သစ်လူသစ်ဖြင့် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent