အာဖရိကတိုက်ကို သြဇာလွှမ်းမိုးအောင်ကြိုးစားရာတွင် အမေရိကန်က အခြားအင်အားကြီးနိုင်ငံများထက် သာလွန်အောင်ကြိုးစားနေခြင်းမဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား

အာဖရိကတိုက်ကို သြဇာလွှမ်းမိုးအောင်ကြိုးစားရာတွင် အမေရိကန်က အခြားအင်အားကြီးနိုင်ငံများထက် သာလွန်အောင်ကြိုးစားနေခြင်းမဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ပြောကြား
ပရီတိုးရီးယားတက္ကသိုလ်၌ မိန့်ခွန်းပြောကြားနေသာ ဘလင်ကင်ကို သြဂုတ် ၈ ညရက်ကတွေ့ရစဉ် (Photo-AFP)
ပရီတိုးရီးယားတက္ကသိုလ်၌ မိန့်ခွန်းပြောကြားနေသာ ဘလင်ကင်ကို သြဂုတ် ၈ ညရက်ကတွေ့ရစဉ် (Photo-AFP)
Published 9 August 2022
  Ref:AFP

အမေရိကန်ပြည်ထောင်စုသည် အာဖရိကနှင့် စစ်မှန်သော မိတ်ဖက်ဖြစ်ရန် ကြိုးစားလျက်ရှိပြီး အာဖရိကတိုက်ကို သြဇာလွှမ်းမိုးရေးအတွက် ယှဉ်ပြိုင်ရာတွင် အခြားသောကမ္ဘာ့အင်အားကြီးနိုင်ငံများထက် သာလွန်အောင်ကြိုးစားနေခြင်းမဟုတ်ဟု သြဂုတ် ၈ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ဖော်ပြောကြားခဲ့သည်။

အာဖရိကန်သုံးနိုင်ငံခရီးစဉ်၏ ပထမတစ်ထောက်ခရီးစဉ်အဖြစ် တောင်အာဖရိကနိုင်ငံကို ရောက်ရှိနေချိန်တွင် ဘလင်ကင်က အမေရိကန်အစိုးရ၏ အာဖရိကဗျူဟာသစ်ကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရို့ဗ်၏ အာဖရိကခရီးစဉ်အပြီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ အာဖရိကခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အင်အားကြီးနိုင်ငံများ၏ ပြိုင်ပွဲတွင် အာဖရိကတိုက်ကို နောက်ဆုံးကစားကွင်းအဖြစ် အမေရိကန်ကရှုမြင်ထားခြင်းမရှိဟု ဘလင်ကင်က ပြောကြားခဲ့သည်။

“အာဖရိကနဲ့ ကျွန်တော်တို့ရဲ့ ပိုမိုခိုင်မာတဲ့ မိတ်ဖက်ဖြစ်ရေးဟာ အခြားအင်အားကြီးနိုင်ငံတွေထက် သာလွန်အောင် ကြိုစားလုပ်ဆောင်ရတဲ့အနေအထားမဟုတ်ပါဘူး” ဟု မြို့တော်ပရီတိုးရီးယားတွင် တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးနာလီဒီပန်ဒေါနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲကမ္ဘာတွင် ဦးဆောင်နိုင်ငံဖြစ်နေသော တောင်အာဖရိကသည် ယူကရိန်းစစ်ပွဲတွင် ကြားနေနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။

၁၉၉၄ ခုနှစ်တွင် လူဖြူလူနည်းစုအစိုးရ တစ်ခန်းရပ်မသွားမီ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ခဲ့သော ရုရှားကို ရှုတ်ချရာတွင် အနောက်နိုင်ငံများနှင့် အတူပါဝင်ရန် တောင်အာဖရိကက ငြင်းဆန်ခဲ့သည်။

တောင်အာဖရိကတွင် စစ်ပွဲကို မည်သူမျှမထောက်ခံဟု ပန်ဒေါက ပြောကြားခဲ့ပြီး ရုရှားကို မပြောပလောက်သော စီးပွားဖက်နိုင်ငံအဖြစ် ၎င်းက ခိုင်းနှိုင်းခဲ့သော်လည်း  တစ်ဘက်ဘက်ကပါရေးအတွက် အမေရိကန်ပြည်ထောင်စုက ပြောဆိုခဲ့ခြင်းမရှိသည်ကို ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ဥရောပနှင့် အခြားနေရာရှိ အခြားသောမိတ်ဖက်နိုင်ငံများထံမှ တင်စီးသော အနိုင်ကျင့်မှုရှိနေသည်ဟု တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ယူကရိန်းပြည်သူတွေ ဖြစ်ပျက်နေတဲ့ကိစ္စအပေါ် ကျွန်မတို့ စိုးရိမ်နေကြသလို ပါလက်စတိုင်းပြည်သူတွေ ကြုံတွေ့နေရတာကိုလည်း အလားတူကျွန်မတို့စိုးရိမ်သင့်ပါတယ်” ဟု ဂါဇာ၌ တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားနေသည်ကို ရည်ညွှန်းကာ ၎င်းက ပြောကြားခဲ့သည်။

သြဂုတ် ၈ ရက်နှောင်းပိုင်းက ပရီတိုးရီးယားတက္ကသိုလ်၌ မိန့်ခွန်းပြောကြားရာတွင် ဘလင်ကင်က ဆာဟာရခွဲ အာဖရိကအတွက် အမေရိကန်၏ဗျူဟာသစ်ကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါဗျူဟာသစ်၌ အမေရိကန်က ဦးစားပေးကဏ္ဍလေးရပ်ကို ချမှတ်ထားသည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။ ပွင့်လင်းမှု၊ ဒိမိုကရေစီ၊ စီးပွားရေးဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုတို့ကို တိုက်ဖျက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။                 

 

Most Read

Most Recent