တရုတ်နိုင်ငံ တိဘက်ဒေသ၏ မြို့ကြီးများတွင် လူအများအပြားကို ကိုဗစ်စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထား

တရုတ်နိုင်ငံ တိဘက်ဒေသ၏ မြို့ကြီးများတွင် လူအများအပြားကို ကိုဗစ်စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထား
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်ယာမြို့တွင် လူအများအပြားအား ကိုဗစ်စစ်ဆေးနေပုံကို သြဂုတ် ၆ ရက်က တွေ့ရစဉ် (Photo-Reuters)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်ယာမြို့တွင် လူအများအပြားအား ကိုဗစ်စစ်ဆေးနေပုံကို သြဂုတ် ၆ ရက်က တွေ့ရစဉ် (Photo-Reuters)
Published 9 August 2022
Ref:AFP

တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော တိဘက်ဒေသ၏ အကြီးဆုံးမြို့နှစ်မြို့အပါအဝင် နေရာအချို့၌ လူအများအပြားကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိစဉ် တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းဒေသနှင့် အပူပိုင်းဒေသဖြစ်သော ဟိုင်နန်ကျွန်းတွင်လည်း လူအစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခဲ့သည်။

အလွန်ကူးစက်မြန်သည့် အိုမီခရွန်မျိုး ကွဲဗိုင်းရပ်စ်သစ်များသည် အခြေတည်စ အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုမှန်သမျှကို လျင်လျင်မြန်မြန် ထိန်းချုပ်လေ့ရှိသည့် တရုတ်အာဏာပိုင်များ၏ ကိုဗစ်ထိန်းချုပ်ရေးမဟာဗျူဟာကို စိန်ခေါ်လျက်ရှိသည်။ နှစ်နှစ်ကျော်တိုင်အောင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလွန်နည်းပါးခဲ့သည့် ဒေသများသည် လက်ရှိတွင် ရောဂါကူးစက်ပြန့်ပွားမှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ စီးပွားရေးဆုတ်ယုလာချိန်တွင် တင်းကျပ်သည့် အသွားအလာကန့်သတ်မှုများကို ဆက်တိုက်လုပ်ဆောင်ရမည့် အလားအလာကိုလည်း မြင့်တက်စေခဲ့သည်။

သြဂုတ် ၈ ရက်က တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပြည်တွင်းကူးစက်သူ ၈၂၈ ဦးရှိခဲ့သည်ဟု သြဂုတ် ၉ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ ၎င်းတို့အနက်မှ ကူးစက်သူ ၇၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံ၏ လူသိအများဆုံး ခရီးသွားနေရာ တစ်ခုဖြစ်သည့် ဟိုင်နန်ကျွန်းနှင့် ရှင်းကျန်းပြည်နယ်တို့မှဖြစ်ကာ ကျန်ကူးစက်သူများမှာမူ ပြည်နယ်နှင့် ဒေသတစ်ဒါဇင်ကျော်တွင် တွေ့ရှိရခြင်းသည်။

ဟိုင်နန်ကျွန်းရှိ မြို့ကြီးများနှင့် မြို့ငယ်များမှ သန်းနှင့်ချီသည့် မြို့ခံများသည် လော့ဒေါင်းချထားသည့် အခြေအနေအောက်တွင် နေထိုင်ရလျက်ရှိပြီး ကိုဗစ်စစ်ဆေးခြင်း၊ စားသောက်ကုန်များ ဝယ်ယူခြင်းနှင့် အရေးတကြီး အလုပ်ကိစ္စများရှိမှသာ အပြင်ထွက်ခွင့်ရမည်ဖြစ်သည်။ ဟိုင်နန်ပြည်နယ်တွင် ခရီးသွား ၁၇၈၀၀၀ ခန့်သောင်တင်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ပြည်နယ်အာဏာပိုင်များအနေဖြင့် ကွာရန်တင်းချထားသော ဧရိယာများမှအပ ရပ်ရွာလူထုအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် မရှိစေရေးအတွက် သြဂုတ် ၁၂ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်ကာ ယင်းအတွက် လိုအပ်သော အစီအမံမှန်သမျှကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်သည်။

ဟိုင်နန်ပြည်နယ်တွင် ဧပြီလနှင့် ဇူလိုင်လအတွင်းက အရေအတွက် ပိုမိုနည်းပါးသည့် လူအစုလိုက်အပြုံလိုက် ကူးစက်မှုများကို ထိန်းချုပ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့အနေနဲ့ COVID-19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် ရောဂါရှာဖွေမှု၊ ကုသမှုနဲ့ ဆေးစစ်မှု အပိုင်းတွေမှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ အများကြီးရှိနေတုန်းပါပဲ” ဟု ဟိုင်နန်ပြည်နယ် ကျန်းမာရေးကော်မရှင်အကြီးအကဲ ကျိုးချန်းချန်က နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သည်။

ရက်ပေါင်း ၉၀၀ ကျော်အတွင်း ရောဂါလက္ခဏာပြသည့် ကိုဗစ်ကူးစက်သူတစ်ဦးသာ တွေ့ရှိခဲ့သည့် တိဘက်ဒေသတွင်လည်း သြဂုတ် ၈ ရက်က ရောဂါလက္ခဏာပြသည့် ပြည်တွင်းကူးစက်သူတစ်ဦးနှင့် ရောဂါလက္ခဏာမပြသူ ၂၁ ဦး တွေ့ရှိခဲ့သည်။ တိဘက်၏ အကြီးဆုံးမြို့ လာဆာတွင်လည်း ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထားသည်။

Most Read

Most Recent