အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ စီးနင်းမှုအတွင်း စစ်သွေးကြွအဖွဲ့၏ တပ်မှူးတစ်ဦးအပါအဝင် ပါလက်စတိုင်းနှစ်ဦး သေဆုံးကာ ၄၀ ထက်မနည်း ဒဏ်ရာရရှိ

အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ စီးနင်းမှုအတွင်း စစ်သွေးကြွအဖွဲ့၏ တပ်မှူးတစ်ဦးအပါအဝင် ပါလက်စတိုင်းနှစ်ဦး သေဆုံးကာ ၄၀ ထက်မနည်း ဒဏ်ရာရရှိ
သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရှိ နာဘလက်စ်မြို့ စီးနင်းမှုအတွင်း အသင့်နေရာယူထားသည့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်များကို သြဂုတ် ၉ ရက် တွေ့ရစဉ် (Photo-AFP)
သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရှိ နာဘလက်စ်မြို့ စီးနင်းမှုအတွင်း အသင့်နေရာယူထားသည့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်များကို သြဂုတ် ၉ ရက် တွေ့ရစဉ် (Photo-AFP)
Published 9 August 2022
     Ref:AFP

သိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသရှိ နာဘလက်စ်မြို့က နေအိမ်တစ်အိမ်ကို အစ္စရေးတပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောက်မှုအတွင်း အကြီးတန်းစစ်သွေးကြွ တပ်မှူးတစ်ဦးအပါအဝင် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် အစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွတို့အကြား လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အပြန်အလှန်တိုက်ခိုက်မှုများကို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဖြင့် အဆုံးသတ်ခဲ့ပြီး နှစ်ရက်အကြာတွင် လတ်တလောဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းမြို့ဖြစ်သည့် နာဘလက်စ်မြို့တွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု AFP သတင်းထောက်က ဆိုသည်။ အဆိုပါဖြစ်စဉ်အတွင်း ပါလက်စတိုင်း ၄၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်မှ လေးဦးမှာ အခြေအနေစိုးရိမ်ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

“နာဘလက်စ်မြို့ ဖြစ်စဉ်မှာ အကြမ်းဖက်သမားတစ်ဦးဖြစ်တဲ့ အီဘရာဟင်အယ်- နာဘာစီ သေဆုံးသွားခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါနေအိမ်ထဲတွင် နေထိုင်နေသည့် နောက်ထပ်အကြမ်းဖက်သမားတစ်ဦးလည်း သေဆုံးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ နာဘာစီသည် အနောက်ဘက်ကမ်းဒေသ၌ အာဏာရဖာတာပါတီ၏ လက်အောက်တွင် လှုပ်ရှားနေသော အဓိကစစ်သွေးကြွအုပ်စုများထဲမှ တစ်ခုဖြစ်သည့် Al-Aqsa Martyr’s Brigade ၏ တပ်မှူးတစ်ဦးဖြစ်သည်။

နာဘလက်စ်မြို့၏ အခြားနေရာများတွင်လည်း ပါလက်စတိုင်းများနှင့် အစ္စရေးစစ်တပ်အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်းများက အစ္စရေးတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့သည်။

အနောက်ဘက်ကမ်းရှိ အကြီးဆုံးမြို့ကြီးများထဲမှ တစ်ခုဖြစ်သည့် အဆိုပါမြို့တွင် သေနတ်သံများကို ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပြီး အစ္စရေး စစ်ဘက်သုံးယာဉ် ဒါဇင်ပေါင်းများစွာက လမ်းများကို ပိတ်ဆို့ထားခဲ့သည်ဟု သိရသည်။

“ဆူပူသောင်းကျန်းသူ ဒါဇင်ပေါင်းများစွာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ ပေါက်ပြီး ဖောက်ခွဲရေးပစ္စည်းတွေနဲ့လည်း ပစ်ခဲ့တဲ့ အဓိကရုဏ်းအခြေအနေတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲတာနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ရပြီး ဒဏ်ရာရသူတချို့ ရှိခဲ့ကြောင်း အတည်ပြုပါတယ်” ဟု အစ္စရေးစစ်တပ်က ဆိုသည်။

အစ္စရေးတပ်ဖွဲ့ဝင်အားလုံးသည် ၎င်းမြို့မှ ထွက်ခွာလာပြီးဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်းလည်း အစ္စရေးစစ်တပ်က ထပ်မံပြောကြားခဲ့သည်။

မကြာသေးမီ လများအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အနောက်ဘက်ကမ်းဒေသတွင် နေ့စဉ်နီးပါး စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အစ္စလာမ္မစ် ဂျီဟတ်အုပ်စုမှ စစ်သွေးကြွများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။ မေလနှောင်းပိုင်းမှစ၍ ပါလက်စတိုင်း ၅၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ အနောက်ဘက်ကမ်းဒေသမှဖြစ်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူများထဲတွင် စစ်သွေးကြွအဖြစ် သံသယရှိသူများအပြင် တိုက်ခိုက်ရေးသမား မဟုတ်သူများလည်း ပါဝင်နေသည်။  ပါလက်စတိုင်း မြို့တစ်မြို့ဖြစ်သည့် ဂျီနင်တွင် အစ္စရေး၏ စီးနင်းတိုက်ခိုက်မှုများအကြောင်း သတင်းရယူနေသည့် ပါလက်စတိုင်း-အမေရိကန် နှစ်နိုင်ငံသား ခံယူထားသည့် အယ်ဂျာဇီးယားသတင်းထောက် ရှီရန်အဘူအာလက်လည်း သေဆုံးခဲ့သည်။            

Most Read

Most Recent