မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ဥတ္တံတားတမံ ကျိုးသွားခဲ့ပြီး ဖလပ်ကျေးရွာအတွင်းရှိ လယ်မြေဧက  ၃၀၀ ခန့် ရေကြီးနစ်မြုပ်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ဥတ္တံတားတမံ ကျိုးသွားခဲ့ပြီး ဖလပ်ကျေးရွာအတွင်းရှိ လယ်မြေဧက  ၃၀၀ ခန့် ရေကြီးနစ်မြုပ်
Published 9 August 2022
ဘိုဘိုမြင့်

Photo - ဝရဇိန် (ပေါင်)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ဥတ္တံတားတမံမှာ ဩဂုတ်လ (၆) ရက်က ကျိုးသွားသည့်အတွက် ဖလပ်ကျေးရွာအတွင်းရှိ လယ်မြေဧက (၃၀၀) ခန့်ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံလယ်သမားများ၏ ပြောကြားချက်များအရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥတ္တံတားတမံကျိုးသွားသည့်အတွက် ကွင်းပေါက်ချောင်းအတွင်းမှ ရေများ ပေါင်မြို့နယ် ဖလပ်ကျေးရွာအတွင်းရှိ ကွင်းအမှတ် (၇၉၈) အတွင်းသို့ဝင်ရောက်လာကြောင်းနှင့် ၎င်းကွင်းအမှတ် (၇၉၈) တွင် လယ်သမား (၃၀) ဦးကျော်ပိုင်ဆိုင်သည့် လယ်မြေဧက စုစုပေါင်း (၃၀၀) ခန့် ရေကြီးနစ်မြုပ်ကြောင်း ဒေသခံလယ်သမားတစ်ဦးကပြောကြားသည်။

လယ်ကွင်းတွေရေမြုပ်သွားတာ စပါးပင်တွေကိုတောင်မတွေ့ရတော့ဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ စိုက်ပျိုးရေးဌာနကိုလည်းသွားပြောထားသလို၊ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံကိုလည်း မနေ့(ဩဂုတ်လ (၈) ရက်) က သွားရောက်တင်ပြပြီးတော့ အကူအညီတောင်းထားပါတယ် ဟု အဆိုပါ ဒေသခံလယ်သမားက ဆက်လက်ပြောကြားသည်။

အဆိုပါ ဖလပ်ကျေးရွာအတွင်းရှိ ကွင်းအမှတ် (၇၉၈) အတွင်း ကမာကြည်စပါးနှင့် ပေါ်ဆန်းမွှေးစပါးများ စိုက်ပျိုးထားကြောင်း၊ လယ်တစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကျပ်တစ်သိန်းကျော်ကုန်ကျထားကြောင်း နှင့် စပါးပင်များရေကြီးနစ်မြုပ်နေသည်မှာ (၃) ရက်ကျော်ရှိပြီးဖြစ်ကြောင်း ဒေသခံလယ်သမားများ၏ ပြောကြားချက်များအရ သိရသည်။

ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ (၅) ရက်က မိုးရေချိန် (၂.၈၃) လက်မ၊ ဩဂုတ်လ (၆) ရက်က မိုးရေချိန် (၆.၇၃) လက်မ၊ ဩဂုတ်လ (၇) ရက်က မိုးရေချိန် (၅) လက်မ နှင့် ဩဂုတ်လ (၈) ရက်က မိုးရေချိန် (၄.၅၇) လက်မ ရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

 

Most Read

Most Recent