ယခုအခါနုတ်ထွက်သွားပြီဖြစ်သော ဘောရစ်ဂျွန်ဆင်သည် သူလေးစားတန်ဖိုးထားရသော ဝင်စတန်ချာချီ၏ လမ်းစဉ်အတိုင်း လိုက်လိုသူဖြစ်၍ အရေးပါသောခေါင်းဆောင်အဖြစ် သတိတရရှိနေရမည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဘောရစ်ဂျွန်ဆင်သည် ဂုဏ်သတင်းကြီးမားသူဖြစ်လာရန် ရည်ရွယ်ထားသူဖြစ်ကာ ကွန်ဆာဗေးတစ်ပါတီ၏ အထင်ကရပုဂ္ဂိုလ် မာဂရက်သက်ချာ ထမ်းဆောင်ခဲ့သည့် ၁၁ နှစ်ကြာ ဝန်ကြီးချုပ်သက်တမ်းထက် ပိုမိုထမ်းဆောင်လိုုသူဖြစ်သည်။
သို့ရာတွင် ထိုသို့ဖြစ်မလာခဲ့ပါ။ မိမိနေရာကို ဆက်ခံသူထွက်ပေါ်မလာမချင်း ဝန်ကြီးချုပ်ရာထူးမှ ထွက်မည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် ဂျွန်ဆင်သည် ဇူလိုင် ၇ ရက်တွင် နုတ်ထွက်ခဲ့သည်။ ဝန်ကြီးချုပ်သက်တမ်းသုံးနှစ်မပြည့်မီ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် လွန်ခဲ့သော နှစ်နှစ်ခွဲသာသာတွင် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံမှုကို အကြီးအကျယ်ရရှိခဲ့သော၊ ထောက်ခံသူများကို ဘရီဇစ်အကြောင်း တွင်တွင်ပြောခဲ့သော ခေါင်းဆောင်တစ်ဦး၏ လုံးဝမျှော်လင့်မထားသော ထွက်ခွာမှုဖြစ်သည်။
ယခုဖြစ်ရပ်မှာ သူ၏ ပထမဆုံးကျော်မကောင်း ကြားမကောင်းဖြစ်ရပ် မဟုတ်ပါ။ အမှန်မှာ နိုင်ငံရေးသမားဘဝသက်တမ်းတစ်လျှောက်နှင့် ဝန်ကြီးချုပ်သက်တမ်းတစ်လျှောက်တွင် ဂျွန်ဆင်မှာ နိုင်ငံရေးအရ ကိုယ်လွတ်ရုန်းထွက်ရာ၌ ဆရာကျသူအဖြစ် သတ်မှတ်ခံရသူဖြစ်ကာ နိုင်ငံရေးအရ ဆက်လက််ရှင်သန်စေရန် လုပ်ဆောင်ရာ၌ ကျွမ်းကျင်သူဖြစ်၍ အဆိုးမှ အကောင်းဖြစ်လောအောင် ကြိမ်ဖန်များစွာ စွမ်းဆောင်နိုင်သူအဖြစ်လည်း သတ်မှတ်ခံရသူဖြစ်သည်။
အထူးသဖြင့် သူ့အစိုးရအဖွဲ့က ထုတ်ပြန်ထားသော ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းချက်များကို သူကိုယ်တိုင် ချိုးဖောက်ကြောင်း ပေါ်ပေါက်သည့်ကိစ္စများပါဝင်သည့် ပါတီအရှုပ်တော်ပုံကိစ္စသာမက မကြာသေးမီလများတွင် မကောင်းသတင်းများ ဆက်တိုက်ထွက်ပေါ်နေခြင်းကို သူသည် ကျော်လွှားနိုင်ခြင်းမရှိပါ။
စိုးရိမ်စရာကောင်းသော လိင်ပိုင်းဆိုင်ရာအပြစ်ကို လုပ်သည်ဟု စွပ်စွဲခံရသော လွှတ်တော်အမတ်တစ်ဦးကို ရာထူးတိုးပေးခြင်းနှင့်သက်ဆိုင်သည့် မေးငေါ့စရာကိစ္စကို ကိုင်တွယ်ပုံက သူ့အပေါ်သည်းခံမှုအတိုင်းအတာအား ကုန်ဆုံးစေခဲ့သည်။ ထိုဖြစ်ရပ်မှတစ်ဆင့် အစိုးရအဖွဲ့ထဲမှ တာဝန်ရှိသူများ ဆက်တိုက်နုတ်ထွက်သည်အထိ ဖြစ်လာခဲ့သည်။ ဂျွန်ဆင်အနေဖြင့် မိမိပါတီ၏ ထောက်ခံမှုကို အားကိုး၍မရနိုင်တော့သည်ကို အစိုးရအဖွဲ့ထဲမှ တာဝန်ရှိသူများ နုတ်ထွက်ခြင်းက အတိအလင်း အသိပေးလိုက်ခြင်းဖြစ်သည်။
သို့တိုင် ဂျွန်ဆင်၏သမိုင်းကို ကျော်မကောင်းကြားမကောင်းကိစ္စများဖြင့် ဘောင်ခတ်ထားခြင်းမဟုတ်ပါ။ သူ၏ဝန်ကြီးချုပ်သက်တမ်း၌ဗြိတိန်သည် အထင်ကရစိန်ခေါ်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ဥရောပ၌ စစ်မက်ဖြစ်ပွားနေခြင်းတို့လို ဖြစ်ရပ်များသည် သူဖန်တီးသဖြင့် ဖြစ်လာသော ဖြစ်ရပ်များမဟုတ်။ အခြားဖြစ်ရပ်များ အထူးသဖြင့် ဘရီဇစ်သည် သူဖန်တီးသဖြင့် ဖြစ်လာသော ကိစ္စဖြစ်သည်။
ဘောရစ်ဂျွန်ဆင်နှင့် ဘရီဇစ်ကို ဘယ်တော့မှ ခွဲခြား၍ ရမည်မဟုတ်ပါ။ ဘရီဇစ်ကိစ္စ ဗြိတိန်နိုင်ငံရေးလောကကို မလွှမ်းမိုးမီကတည်းက ဘောရစ်ဂျွန်ဆင်သည် နိုင်ငံရေး၌ ထင်ရှားသူဖြစ်နေသည်။ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် သူသည် လန်ဒန်မြို့တော်ဝန်အဖြစ်လည်းကောင်း ထင်ရှားသော သတင်းထောက်တစ်ဦးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ပင်ကိုယ်သဘာဝအားဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကွန်ဆာဗေးတစ်ဦးဖြစ်သော ဂျွန်ဆင်သည် အယူဝါဒ နှစ်ခြမ်းကွဲအောင်လုပ်သူအဖြစ် ထင်ရှားခဲ့ရာ သူသည် လူအချို့အတွက် ဇဝနဉာဏ်ရှိသူ ဆွဲဆောင်မှုရှိသူဖြစ်ခဲ့သည်ဆိုသော်လည်း လူအချို့အတွက်ကား သူသည် မရိုးဖြောင့်သူ၊ မယုံကြည်ရသူ ဖြစ်ခဲ့သည်။
သူသည် နောင်တစ်ချိန်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့်သူအဖြစ် သတ်မှတ်ခံရသည်။ သို့ရာတွင် ဥရောပသမဂ္ဂ၌ ဗြိတိန်ဆက်နေသင့် မနေသင့် ကိစ္စနှင့်သက်ဆိုင်သော ၂၀၁၆ ဘရီဇစ်လူထုဆန္ဒခံယူပွဲက ဂျွန်ဆင် အာဏာရစေရန် နောက်ဆုံးတွန်းပို့ပေးခဲ့သည်။ သူသည် (ဥရောပသမဂ္ဂမှ ဗြိတိန်) ထွက်ခွာရေး ကိစ္စစည်းရုံးလှုံ့ဆော်မှု၏ မျက်နှာစာဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ (အီးယူ) မှ ထွက်ခွာရေးမှာ မှန်ကန်သည်ဆိုကာ တစ်ခါတစ်ရံတွင် သူသည် ထင်ရာစိုင်းခဲ့ခြင်းများရှိခဲ့သည်။
ဗြိတိန်ပြည်သူများက အီးယူမှ ထွက်မည်ရန် ရွေးချယ်ခဲ့ကြပြီးနောက် သူသည်ဝန်ကြီးချုပ်အဖြစ် ချက်ချင်းဖြစ်လာခဲ့သည် မဟုတ်ပါ။ သုံးနှစ်အကြာမှသာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ထရီဆာမေသည် ၂၀၁၉ ခုနှစ် နွေရာသီတွင် နုတ်ထွက်ခဲ့သည်။ ထိုအခါဂျွန်ဆင်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့သည်။ ဘရီဇစ်ကိစ္စကို လုပ်ဖြစ်အောင် လုပ်မည်ဟု သူက ကတိပေးခဲ့သည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ဂျွန်ဆင်အတွက် ထူးကဲသော အောင်ပွဲဖြစ်သည်။ ကွန်ဆာဗေးတစ်ပါတီ၏ တခဲနက်ထောက်ခံမှုကို ရရှိခဲ့သည်။ ထို့ကြောင့်သူသည် ဘရီဇစ်နှင့် ပတ်သက်သည့် ကိစ္စကို အင်တိုက်အားတိုက် လုပ်နိုင်လာသည်။
သူ၏ လူထုကောင်းစားရေးဝါဒ၊ ဆွဲဆောင်မှု၊ စည်းကမ်းအမိန့်များကို အရေးမစိုက်တတ်မှုနှင့် ထိထိရောက်ရောက်ဆက်ဆံပြောဆိုတတ်မှုတို့က အဆိုပါရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အမာခံနယ်မြေများတွင် ထောက်ခံမှုကို ရရှိစေခဲ့သည်သာမက လေဘာတီပါတီ ထောက်ခံသူများ၏ ထောက်ခံမှုများကိုပါ ရရှိစေခဲ့ရာ ကွန်ဆာဗေးတစ်ပါတီသည် ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။
အဆိုပါအောင်ပွဲနှင့်အတူ ဂျွန်ဆင်သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ဘရီဇစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့တော့သည်။ ဘရီဇစ်သည် ဗြိတိန်တွင် အဆုံးအဖြတ်အပေးနိုင်ဆုံးသောကိစ္စအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ဂျွန်ဆင်မပါဝင်ပါက ဘရီဇစ်ကိစ္စ ဖြစ်မြောက်အောင်မြင်မည်မဟုတ်ဟု ထောက်ခံသူများရော အတိုက်အခံများကပါ လက်ခံထားကြသည်။
ဘရီဇစ်ဂုဏ်ရောင်ဖြင့် ဂျွန်ဆင်စိန်နားကပ်ပြောင်နိုင်သော မျှော်လင့်ချက်မှန်သမျှမှာ လက်တွေ့ဖြစ်မလာမီ သီတင်းပတ်အနည်းငယ်အတွင်း လျင်မြန်စွာ ပြိုလဲသွားသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားခြင်းက ဗြိတိန်၏အခြေအနေကို သိသိသာသာပြောင်းလဲစေခဲ့သည်။ ဂျွန်ဆင်နှင့် ဗြိတိန်အစိုးရအဖွဲ့သည် ကပ်ရောဂါနှိမ်နင်းရေးကို စမ်းတဝါးဝါး လုပ်ခဲ့ကြသည်။ ကပ်ရောဂါအစောပိုင်းကာလတွင် ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဆွေးနွေးရန် အရေးပါသော အစည်းအဝေးပွဲအချို့ကို ဂျွန်ဆင်တက်ရောက်ခဲ့ခြင်း မရှိပေ။
၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် ထုတ်ပြန်ခဲ့သော အစိုးရထုတ်ပြန်ချက်အရ တင်းကျပ်သော လော့ဒေါင်းချရန် အစိုးရ၏ဆုံးဖြတ်ချက်နှောင့်နှေးခြင်းက ဗိုင်းရပ်စ်ပိုးကို ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့စေခဲ့ပြီး နောက်ထပ်လူထောင်ချီ သေဆုံးမှုကို ဖြစ်စေခဲ့သည်ဟု ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် ဂျွန်ဆင်ကိုယ်တိုင် သေလုနီးပါးဖြစ်ခဲ့ရသည်။ သူသည် ၂၀၂၀ ခုနှစ် ဧပြီလထဲတွင် ဆေးရုံကို သီတင်းတစ်ပတ်ကြာ တက်ခဲ့ရသည်။
ဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် အပြင်းအထန်ခံစားခဲ့ရခြင်းမှ ဂျွန်ဆင် ပြန်ကောင်းလာသည့်အခါ သူ၏ အစိုးရအဖွဲ့သည် ဗိုင်းရပ်စ်ထိန်းချုပ်ရေးကို နိုင်နိုင်နင်းနင်းလုပ်နိုင်လာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် လော့ဒေါင်းချခြင်းများကို ဆက်တိုက်လုပ်ခဲ့ပြီး ဗိုင်းရပ်စ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများကို ဆက်တိုက်ချမှတ်ဆောင်ရွက်ခဲ့ကာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည်။
သို့သော်လည်း အဆိုပါဗိုင်းရပ်စ်ထိန်းချုပ်ရေးစည်းကမ်းများကပင် ဂျွန်ဆင်၏နိုင်ငံရေးကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်လာစေရန် ဦးတည်စေခဲ့သည်။
ဝန်ကြီးချုပ်ဖြစ်မလာမီ ဂျွန်ဆင်အနေဖြင့် အငြင်းပွားများမှုနှင့်ပတ်သက်၍ အစိမ်းသက်သက်မဟုတ်ခဲ့သလို စိတ်ချယုံကြည်ရသည့် လူမှုဆက်ဆံရေးနှင့်ပတ်သက်၍လည်း အစိမ်းသက်သက်မဟုတ်ခဲ့။ တစ်ခါက သတင်းထောက်အဖြစ် သူအလုပ်လုပ်ခဲ့သော The Times သတင်းစာက သူ့ကို အလုပ်ထုတ်ခဲ့သည်။ ကိုးကားပြောဆိုချက်တစ်ခုကို လုပ်ကြံရေးသားခဲ့သောကြောင့် The Times က ဂျွန်ဆင်ကို အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်တုန်းကလည်း လိမ်လည်ပြောဆိုခဲ့သဖြင့် ကွန်ဆာဗေးတစ်ပါတီ၌ အကြီးတန်းရာထူးတစ်နေရာကို သူလက်လွတ်ဆုံးရှုံးခဲ့ရသည်။
ကိုယ်တိုင်လုပ်သော အနှောင့်အယှက်အဟန့်အတားများရှိနေသည့်တိုင် ဂျွန်ဆင်သည် အဆိုးမှ အကောင်းဖြစ်လာအောင် လုပ်နိုင်စွမ်းရှိသူဖြစ်ပေရာ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်က သူ့အား ဖမ်း၍ မရနိုင်သော ဆီလိမ်းထားသည့် ဝက်ပေါက်ကလေးဟု ခိုင်းနှိုင်းခဲ့ဖူးသည်။
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးစည်းကမ်းများ ထုတ်ပြန်ထားသည့်နှစ်တွင် ဂျွန်ဆင်နှင့် သူ၏အစိုးရအဖွဲ့တို့သည် ကိုဗစ်စည်းကမ်းများကို ထပ်တလဲလဲ ချိုးဖောက်ကြောင်း ပေါ်ပေါက်ခဲ့သည်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၂ ခုနှစ် အစောပိုင်းတို့တွင် ဂျွန်ဆင်နှင့် ဗြိတိန်အစိုးရအဖွဲ့ထဲမှ တာဝန်ရှိသူတို့သည် ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းများကို ချိုးဖောက်ခဲ့ကြခြင်းဖြစ်သည်။ အရက်သောက်သည့်ပါတီပွဲများကို ပြုလုပ်ခဲ့ကြသည်။ ဂျွန်ဆင်က ပါတီပွဲ ကျင်းပသည့်ကိစ္စများကို ပါလီမန်၌ လိမ်လည်ပြောဆိုခဲ့သည်။ ထို့ကြောင့် ဂျွန်ဆင်၏ လိမ်လည်ပြောဆိုမှုက ဗြိတိန်ပြည်သူများကို တုန်လှုပ်စေခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဂျွန်ဆင်သည် လူကြိုက်များမှု ကျဆင်းသွားခဲ့သည်။ နောက်ဆုံးတွင် ဂျွန်ဆင်သည် မိမိ၏ပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီ ၏ထောက်ခံမှုကိုပါ ဆုံးရှုံးခဲ့ရသည်။
ဒုတိယကမ္ဘာစစ်၌ ဗြိတိန်အောင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက်မကြာမီ ၁၉၄၅ ခုနှစ် နွေရာသီတွင် ကျင်းပသော ပါလီမန်ရွေးကောက်ပွဲတွင် ဝင်စတန်ချာချီ ရှုံးခဲ့သည်။ ချာချီ၏မူဝါဒဟောင်းများကို မကြိုက်ကြသော မဲဆန္ဒရှင်ပြည်သူများက ချာချီကို ဖြုတ်ချခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်အလွန် ခြောက်နှစ်အကြာတွင် မတူကွဲပြားသော ဗြိတိန်တွင် ချာချီသည် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရသည်။
ချာချီကဲ့သို့ ဂျွန်ဆင် ဒုတိယအကြိမ် ပြန်လာရေးသည် ဖြစ်နိုင်ခြေနည်းနေသည်။ သူသည် ဘရီဇစ်အကြောင်း တွင်တွင်ပြောခဲ့သည်။ သူ့ကို ထောက်ခံသူများက ဘရီဇစ်ဆိုသည်ကို သတိရနေကြပါလိမ့်မည်။
သို့ရာတွင် သူ့နိုင်ငံ၊ သူ့ပါတီကို စိတ်ဝမ်းကွဲစေကာ သူ၏ ဝရုန်းသုန်းကား ထွက်ခွာမှုသာမက သူ့အကြောင်း မကောင်းသည်များ ကျန်ရစ်သည့်သမိုင်းသည်လည်း ဆီပေနေသော ဝက်ပေါက်ကလေးအတွက် ခါထုတ်ပစ်ရန် အလွန်တရာ ခက်ခဲနေပါလိမ့်မည်။
Ref:Boris Johnson’s messy legacy of lies, scandals and Brexit (CNA)










