“မြေမနင်းငါး” တွေနဲ့အတူ တိုင်းပြည်ရဲ့သယံဇာတယိုဖိတ်မှု၊ ငွေကြေးယိုဖိတ်မှု၊ လူသားအရင်းအမြစ်ယိုဖိတ်မှုတွေ ဖြစ်နေတယ်။ ထိုင်းရောက်ငါးစျေးကွက်ကို ပြန်ယူဖို့ဆိုရင် မြိတ်မှာရှိပြီးသားဖြစ်တဲ့ ငါးလေလံစျေးကို အောင်မြင်အောင်လုပ်ဖို့လိုပါတယ်”
မေး ။ လက်ရှိငါးစျေးကွက်အလားအလာက ဘယ်လိုရှိမလဲ။ ထိုင်းမှာ ရှိတဲ့ငါးစျေးကွက်ရယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ငါးစျေးကွက်အလားအလာက ဘယ်လိုရှိနိုင်မလဲ။
ဖြေ ။ အဲဒါကတော့ အများစုလည်း သိပါတယ်။ ထိုင်းငါးစျေးကွက်ဆိုတာက မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ဒေသကြီးကထွက်တဲ့ ရေထွက်ကုန်တွေအပေ ါ် မူတည်ပြီး သူတို့နိုင်ငံမှာ ငါးစျေးကွက်ဆိုတာဖြစ်ပေါ်နေတာပါ။ ကျွန်မတို့မြန်မာနိုင်ငံမှာ ငါးစျေးကွက်ဆိုတာ ရှိနေလျက်သားနဲ့ ဥပဒေတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ကြတော့ ထိုင်းမှာ ကျွန်မတို့နိုင်ငံရဲ့ငါးတွေနဲ့ စျေးကွက်လည်ပတ်နေတာ ဖြစ်တယ်။ နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကျွန်မတို့နိုင်ငံမှာရှိနေတဲ့ ငါးစျေးကွက်ကို ပြန်လည်ပတ်အောင် လုပ်နိုင်မယ်ဆိုရင်ထိုင်းမှာရှိနေတဲ့ ငါးစျေးကွက်က အလိုအလျောက် လျော့ကျသွားပါလိမ့်မယ်။
မေး ။ ရှိပြီးသား ငါးလေလံစျေး ပြန်လည်ပတ်ဖို့အတွက်ကြုံတွေ့ နေရတဲ့အခက်အခဲက ဘာတွေရှိမလဲ။
ဖြေ ။ ကျွန်မတို့ ၂၀၀၀ ခုနှစ်မှာ လိုင်စင်တွေ လျှောက်တယ်။ MIC ပါမစ်တွေလျှောက်တယ်။ စက်ယန္တရားတွေ တင်သွင်းခွင့်လျှောက်တယ်။ အဲဒီတုန်းက သက်ဆိုင်ရာတာဝန်ရှိသူတွေ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ တကယ့်တကယ် ငါးလေလံ စျေးကြီးလည်ပတ်တော့မယ့်အချိန်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ပံ့ပိုးပေးနိုင်တာ အားနည်းခဲ့တယ်။ အဲဒီဖြစ်စဉ်က ယနေ့အထိ အစိုးရအဆက်ဆက်မှာ ကူညီပ့ံပေးနိုင်မှု အားနည်းနေခဲ့တယ်။ ကျွန်မတို့ငါးလေလံစျေးဟာ ပုဂ္ဂလိကတစ်ဦးတည်းက လည်ပတ်ထားတဲ့ ငါးလေလံစျေး မဟုတ်ပါဘူး။ ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ နိုင်ငံခြားကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ မြန်မာလုပ်ငန်းရှင်က ၁၀ ရာခိုင်နှုန်း ပါဝင်တယ်။ ငါးစျေးကွက်အောင်မြင်ဖို့ဆိုရင် သက်ဆိုင်ရာပြည်ထောင်စုအဆင့်ကနေ တိုင်းဒေသကြီး၊ ဌာနဆိုင်ရာအဆင့်ဆင့်အထိ ကူညီပံ့ပိုးပေးမှသာလျှင် အောင်မြင်မှုရမှာပါ။ လွယ်လွယ်ကူကူနဲ့ FOB စနစ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို သွားရောင်းနေရရင်တော့ ဘယ်သူပဲ ငါးလေလံစျေးလုပ်ပါ အောင်မြင်မှာမဟုတ်ပါဘူး။
မေး ။ ထိုင်းနိုင်ငံရောက်ငါးစျေးကွက်ကိုပြန်ယူဖို့လုပ်ဆောင်သင့်တဲ့ အချက်တွေကိုနည်းနည်းရှင်းပြပေးပါ။
ဖြေ ။ နိုင်ငံတော်က ရေထွက်သယံဇာတတွေနဲ့ ပတ်သက်ပြီး ရသင့်တဲ့ အခွန်အခတွေရရှိဖို့၊ အသေးစား၊ အလတ်စားလုပ်ငန်းလေးတွေဖွံ့ဖြိုးတိုးတက်ဖို့၊ ဒေသတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့၊ သယံဇာတကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ငါးလေလံစျေးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီငါးလေလံစျေးကြီးဖြစ်မြောက်ဖို့အတွက် ကမကထ အဆိုပြုခဲ့တာက ငါးလုပ်ငန်းဦးစီးဌာနပါပဲ။ အဆိုပြုသူ ငါးလုပ်ငန်း ဦးစီးဌာနကိုယ်တိုင်က နိုင်ငံခြားသားနဲ့ သူတို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်စာတမ်းတွေအပေါ် မှာ ဖေးမကူညီပေးမှု အလွန်အားနည်းခဲ့ပါတယ်။ အဲဒီတော့ ထိုင်းရောက်နေတဲ့ ငါးစျေးကွက်ကြီးက အစိုးရအဆက်ဆက်ပဲပြောင်းသွားတယ်။ ပြန်မယူနိုင်ခဲ့ကြဘူး။ ကျွန်မတို့နိုင်ငံဟာ သယံဇာတယိုပေါက်တွေတင်မဟုတ်ဘဲ လူသားအရင်းအမြစ်ယိုစိမ့်မှုကြီးပါ ဖြစ်လာတယ်။ ရနောင်းမြို့မှာ ကျွန်မတို့ နိုင်ငံရဲ့ “မြေမနင်းငါး” ပေါ့။ မြေမနင်းငါးဆိုတာ ကုန်းပေါ်မှမရောက်ဘူးလေ။ ပင်လယ်ထဲမှာပဲ ကဲ့ယူပြီး သွားပို့ကြတာများတာကိုး။ မြန်မာနိုင်ငံရဲ့ မြေမနင်းငါးတွေနဲ့ ရနောင်းမြို့ကြီးဟာ လည်ပတ်နေတယ်။ အလုပ်သမားတွေကြည့်လိုက်ရင်လည်း မြန်မာပြည်က အလုပ်သမားတွေချည်းပါပဲ။ ထိုင်းနိုင်ငံ၊ရနောင်းမြို့က End User လားဆိုတော့လည်း မဟုတ်ဘူးရှင့်။ အဲဒီကနေတစ်ဆင့် အအေးခန်းတွေနဲ့ မဟာချိုင်ကိုသွားတယ်။
မဟာချိုင်မှာရှိတဲ့အလုပ်သမားတွေကလည်း မြန်မာတွေချည်းပဲဆိုတော့ သယံဇ ာတယိုဖိတ်မှု၊ ငွေကြေးယိုဖိတ်မှု၊ လူသားအရင်းအမြစ်တွေ ယိုဖိတ်မှုတွေ၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ကောင်းကောင်းနားလည်သဘောပေါက်မယ်ဆိုရင်တော့ ဘယ်ရှိမှန်းမသိသေးတဲ့ ငါးလေလံစျေးကို စောင့်မျှော်နေမယ့်အစား လက်ရှိ နိုင်ငံတော်အစိုးရနဲ့ အကျိုးတူပူးပေါင်း ဖွဲ့စည်းထားတဲ့ ငါးလေလံစျေးကြီးကို အကောင်အထည်ဖော်လိမ့်မယ်ဆိုတာ ယုံလည်းယုံတယ်။ မျှော်လင့်လည်းမျှော်လင့်ပါတယ်။ အားလည်းကိုးပါတယ်။ လုပ်ပေးပါလို့လည်းတောင်းဆိုပါတယ်။
မေး ။ ငါးလေလံစျေးကြီး လည်ပတ်လာရင် နိုင်ငံတော်အတွက်ရရှိလာမယ့် အကျိုးကျေးဇူးတွေ ဘယ်လောက်အထိရှိမလဲ။
ဖြေ ။ ကျွန်မတို့ငါးလေလံစျေးတည်ထောင်ခဲ့တာက ငါးစျေးကွက်တစ်ခုတည်းတင် မဟုတ်ပါဘူး။ တရားမဝင်ကုန်သွယ်မှုတွေ လျှော့ချဖို့အတွက်လည်းပါပါတယ်။ တရားမဝင် ကုန်သွယ်မှုလို့ဆိုရာမှာ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေအပြင် လောင်စာဆီမှောင်ခိုကုန်ကူးတာတွေ၊ အစားအသောက်မှောင်ခိုကုန်ကူးတာတွေ၊ ရေထွက်သယံဇာတတွေကို အခွန်လျှော့ပြတာတွေ၊ မဖမ်းသင့်တဲ့ငါးတွေကိုဖမ်းတာတွေ၊ နိုင်ငံတကာကသတ်မှတ်ထားတဲ့ ငါးမဖမ်းရမျိုးစိတ်တွေကိုဖမ်းတာတွေကို တားဆီးရေးအတွက်လည်းပါတယ်ရှင့်။ ရှိပြီးသားငါးလေလံ စျေးကြီးကို နိုင်ငံတော်က စနစ်တကျလည်ပတ်မယ်ဆိုရင် တနင်္သာရီတိုင်းဒေသကြီးတစ်ခုတည်းကကို တစ်နှစ်ကို ကုန်သွယ်မှုက ဒေါ်လာ တစ်ဘီလျံအထိ တက်လာနိုင်ပါတယ်။ ငါးလေလံစျေးက ၂၀၀၃ ခုနှစ်က ရပ်တန့်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ ပြန်လည်ပတ်နိုင်အောင် လုပ်ခဲ့ပေမဲ့ ငါးတွေက တစ်ကောင်မှ မရောက်လာခဲ့ဘူး။ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျွန်မတို့ဒေသသုံး ညနေစျေးလေး ပြန်ဖွင့်တဲ့အချိန်မှာတောင် အိမ်ထောင်စု ၅၀၀ ခန့်အထိကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားနိုင်ပါတယ်။ အဲဒါတောင်မှ Local သုံးတာလေးပဲဖြစ်ပါသေး တယ်။ International Market ကို တကယ်လုပ်နိုင်မယ်ဆိုရင် သောင်းနှင့်ချီပြီး အလုပ်အကိုင်အခွင့် အလမ်းတွေရနိုင်ပါတယ်။
မေး ။ ငါးလေလံစျေးနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေတဲ့အပိုင်းက ဘယ်အထိရောက်နေပြီလဲ။
ဖြေ ။ လက်ရှိတာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံလာခြင်းမရှိသေးပါဘူး။ ကျွန်မတို့အနေနဲ့လည်း တွေ့ထားတာမျိုးလည်း မရှိသေးပါဘူး။ လာမယ့်လတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံခွင့်တောင်းပြီးတွေ့ဖို့ရှိပါတယ်။ နိုင်ငံတော်က လိုအပ်လာရင်ရင်းနှီးမြှုပ်နှံထားတဲ့သူတွေကို တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။
မေး ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတဲ့ အပိုင်းလေးကိုလည်း ပြောပြပေးပါ။
ဖြေ ။ စီးပွားရေးအကျပ်အတည်းက ကျွန်မတို့နိုင်ငံတစ်ခုတည်းဖြစ်နေတာ မဟုတ်ပါဘူး။ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အကျပ်အတည်းဖြစ်ခဲ့ကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေအားနည်းနေတဲ့ အချိန်မှာရှိပြီးသား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးပါ။ ဥပဒေအရ ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုလေးစားလိုက်နာပြီး အကောင်ထည် ဖော်ဆောင်ရွက်ပေးခြင်းအားဖြင့်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍဖြစ်တဲ့ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးသွားနိုင်သလို နိုင်ငံတကာကိုလည်း ရှိပြီးသား ရင်းနှီးမြှုပ်နှံ မှုတွေကို ကာကွယ်ပါတယ်၊ ကာကွယ်နေပါတယ်ဆိုတဲ့ အာမခံချက်လည်း လုပ်ခွင့်ရမယ်။ ကောင်းမွန်တဲ့ သတင်းစကားပါးခွင့်ရမယ်။ နိုင်ငံတော်နဲ့ လုပ်ထားတဲ့ငါးလေလံစျေးကို အစုရှယ်ယာရှင်တွေမဟုတ်တဲ့ တခြားသူတွေက အဲဒီငါးလေလံစျေးက ပြဿနာတွေပဲဆိုတဲ့စကားတွေကိုပဲ နားထောင်နေပြီး တကယ့် ပိုင်ရှင်အစစ်အမှန်တွေကိုခေါ်ယူတွေ့ဆုံခြင်းမရှိဘူး။ ကြားစကားတွေကိုပဲ နားထောင်နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေအရ အကာအကွယ်မပေးဘူး။ စာချုပ်တွေ အပေါ်လေးစားလိုက်နာမှု အားနည်းပြီး ဘယ်ဆီမှန်းမသိ၊ ဘယ်ကမှန်းမသိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ မှီခိုဖို့စောင့်နေရင် သယံဇာတတွေက တဖြည်းဖြည်းကုန်ဆုံးသွားပါလိမ့်မယ်။ နော်ဝေ သုတေသနသင်္ဘောရဲ့ သုတေသန ရလဒ်အရ မြန်မာနိုင်ငံမှာ ရေသယံဇာတက ၈၀ ရာခိုင်နှုန်းလျော့ပါးသွားပြီလို့ မှတ်တမ်းတွေ ထွက်ခဲ့ပြီးသားပါ။ အချိန်သိပ်မရှိတော့ပါဘူး။ ဘယ်သူ့ကိုလုပ်ပေးပါဆိုပြီး ပြောခွင့် ကျွန်မတို့မှာ မရှိပါဘူး။ နိုင်ငံတော်လိုအပ်လို့ခွင့်ပြုရင် နိုင်ငံတော်ရဲ့ မူဝါဒပါပဲ။ သို့ပေမဲ့လည်း လက်ရှိ ရှိပြီးသား ငါးလေလံစျေးကြီးကနှစ် ၂၀ လုံးလုံး ထားခဲ့ပြီးပြီ။ အဲဒါကို အသုံးပြုပါ။ အသုံးချပါ။ နိုင်ငံတော် ရဲ့ ယိုဖိတ်နေတဲ့ ဝင်ငွေတွေ၊ ယိုဖိတ်နေတဲ့လူသားအရင်းအမြစ်တွေကို အဲဒီငါးလေလံစျေးကို အသုံးချပြီး ပြန်လည်ရယူပါလို့ နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေကို မေတ္တာရပ်ခံချင်ပါတယ်။
မေး ။ လက်ရှိငါးလေလံစျေးက MIC ကနေဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ရထားတယ်။ လက်ရှိ ၁၀ သန်းပဲ ရင်းနှီးမြှုပ်နှံထားသေးတယ်။ အရင် အစိုးရလက်ထက်ကတည်းက ဒေါ်လာသန်း ၂၀ လွှဲဖို့ကိစ္စ ကြန့်ကြာနေခဲ့တယ်။ လက်ရှိအနေအထားမှာတော့ ဘယ်လို ဆောင်ရွက်လို့ရမယ့် အနေအထားရှိမလဲ။
ဖြေ ။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လည်း ရင်းနှီးမြှုပ်နှံမှုတိုးဖို့ ကြိုးစားခဲ့တယ်။ ဘယ်လိုအကြောင်းတွေကြောင့်လည်း မသိဘူး။ ခွင့်ပြုမိန့် မရခဲ့ဘူး။ လက်ရှိအစိုးရအနေနဲ့ မြေပြင်မှာ ဘယ်လိုဆောင်ရွက်ပေးမလဲ။ ဥပဒေအရ ဘယ်လိုဆောင်ရွက်ပေးသွားမလဲ ဆိုတဲ့အပိုင်း ပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှုဆက် လက်လုပ်ကိုင်သွားဖို့ရည်ရွယ်ထားပါတယ်။ နှစ် ၂၀ ကျော်လုံးလုံး ပစ်ပယ်ခံဘဝကို ရောက်ခဲ့ရတယ်။ ဒီလိုအပစ်ပယ်ခံဘဝကို လက်ရှိ အစိုးရက ဥပဒေအရအကာအကွယ်ပေးမယ်။ ဥပဒေအရ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်မှာ ဥပဒေအရ လေးစားလိုက်နာမယ်။ မျှတစွာ ယှဉ်ပြိုင်မှု ကျွန်မတို့ကို ပေးမယ်။ အဲဒီလို ကာကွယ်ပေးရာမှာလည်း ဌာနဆိုင်ရာအဆင့်ဆင့်ကနေ ပေါင်းစပ်ညှိနှိုင်းပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ရင်းနှီးမြှုပ်နှံမှုတွေက နိုင်ငံတော်အတွက်လည်း မကောင်းဘူး။ ရင်းနှီးမြှုပ်နှံသူတွေ အတွက်လည်းအဟောသိကံဖြစ်ပါတယ်။
မေး ။ ငါးလေလံစျေး ပြန်လုပ်ဖို့ တခြားလုပ်ငန်းရှင်တွေလည်း ကြိုးစားခဲ့တယ်။ အရင်အစိုးရလက်ထက်မှာ သရက်ချောင်းမှာတစ်ခု၊ မြိတ်ေ လတပ်ဌာနချုပ်နားမှာတစ်ခု၊ စန္ဒဝတ်ကျေးရွာမှာ တစ်ခုလုပ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဖြစ်မြောက်လာခြင်းမရှိဘူး။ အဲဒီလိုနဲ့ ဆယ်စုနှစ် နှစ်ခုကျော်အကြာ ထိုင်းနိုင်ငံကိုလုပ်ကျွေးနေရသလို ဖြစ်နေခဲ့တယ်။ တကယ်တော့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ငါးစျေးကွက်ကြီးရှိနေဖို့အတွက် လုပ်ပေးနေသလိုဖြစ်နေခဲ့တယ်။ အဲဒီအပေါ်မှာသုံးသပ်ချက်တွေ ဘယ်လိုရှိမလဲ။
ဖြေ ။ နိုင်ငံတော်တာဝန်ရှိသူတွေက ကျောကလည်းသား၊ ရင်ကလည်းသားဆိုပြီး ဥပဒေနဲ့ တစ်ပြေးညီ အုပ်ချုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့ ကျွန်မ အဲဒီလိုပြောသလဲဆိုတော့ တကယ်သာ ငါးလေလံစျေးတွေဖြစ်ဖို့ ကြိုးစားနေတဲ့သူတွေက တကယ်ကို ငါးလေလံစျေးကြီးဖြစ်လာဖို့ ဆန္ဒရှိခဲ့ရင် အရင်အစိုးရလက်ထက်မှာ ကျွန်မတို့တွေ့ဆုံခဲ့ဖူးတယ်။ မီဒီယာတွေလည်းသိပါတယ်။ သူတို့ကိုယ်တိုင် ငါးလေလံစျေးကို စိတ်မဝင်စားပါဘူးလို့ အတိအလင်း ပြောခဲ့ပြီးပါပြီ။ အရင်အစိုးရ လက်ထက်မှာလည်း ငါးစျေးတွေ လျှော့ပြခဲ့ကြတယ်။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို FOB ထွက်တဲ့အချိန်မှာ စျေးနှုန်းတွေက အရမ်းလျှော့ပြတဲ့ အနေအထားကို လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်းအထန်ဆွေးနွေးခဲ့တာမျိုးရှိခဲ့တယ်။ အဲဒီအချိန်ကစပြီး သူတို့တွေက လေလံစျေး မလုပ်ရင်မရတော့ပြီဆိုတဲ့အတွေးအမြင်နဲ့ ငါးလေလံစျေးလုပ်ဖို့ကြိုးစားလာခဲ့တယ်။ လက်ရှိအစိုးရတာဝန်ရှိသူတွေက သူတို့တွေဟာ တကယ်ငါးလေလံစျေးလုပ်ချင်တာဟုတ်ရဲ့လားဆိုတဲ့ အဓိကအချက်ကိုစဉ်းစားဖို့လိုသလို နိုင်ငံတော်အစိုးရ၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော် အကြာကတည်းက ရှိပြီးသားငါးလေလံစျေးကိုဘာ အကြောင်းရင်းတွေကြောင့် မအောင်မြင်တာလဲ။ ဘာကြောင့် ထိုင်းနိုင်ငံရောက် ငါးစျေးကွက်ကြီးကို ဆယ်စုနှစ် နှစ်ခုကျော်အကြာ ပြန်မယူနိုင်တာလဲ။ ငါးလေလံစျေးလုပ်မယ့် သူတွေကရော အရင်တုန်းကတည်းက ငါးဖမ်းလှေတွေ မရှိဘူးလား။ ရှိလျက်သားနဲ့ ငါးလေလံစျေးလုပ်ဖို့ အရင်ကတည်းက တစ်ခွန်းမှ မဟခဲ့ဘူး။ တနင်္သာရီတိုင်းက ရေမရှိ၊ မီးမရှိလို့ မအောင်မြင်နိုင်ဘူးပြောခဲ့တယ်။ အခုလည်းပဲ တနင်္သာရီတိုင်း ဒေသကြီးက ရေရော၊ မီးပါနိုင်ငံတော်ကပေးထားတာ မရှိပါဘူး။ အခုအချိန်မှထပြီး ငါးလေလံစျေးလုပ်ဖို့ကြိုးစားတာက နောက်ကွယ်မှာ ဘာအကြောင်းရင်းတွေပါလဲဆိုတာက နိုင်ငံတော်အစိုးရက စိစစ်ဖို့ တာဝန်အရှိဆုံးပါ။ မီဒီယာတွေ မှာပြောထားတဲ့ ငွေကြေးပမာဏက တကယ်ပဲရှိပြီလား။ တကယ်ပဲ နောက်ခံအာမခံချက်တွေပြနိုင်ပြီလား။ အဲဒါကိုသက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်ဆင့်ကနေ စိစစ်ဖို့တာဝန်ရှိပါတယ်။ အရင်ရှိပြီးသား ငါးလေလံစျေးကြီး ဘာကြောင့် အောင်မြင်အောင် မလုပ်နိုင်ခဲ့သလဲဆိုတဲ့ အဖြေရှာဖို့လိုပါတယ်။ အဲဒီအဖြေတွေ့သွားရင် မြိတ်မြို့ဟာ ဟောင်ကောင်လိုလည်းဖြစ်သွားနိုင်သလို စင်ကာပူလည်းဖြစ်သွားနိုင်ပါတယ်။ အဲဒီအဖြေကိုမရှာနိုင်ရင်တော့သယံဇာတတွေ ကုန်သွားမှာဖြစ်သလို နိုင်ငံသားတွေလည်း ထိုင်းနိုင်ငံကို ထွက်ခွာပြီး တနင်္သာရီတိုင်းက ပြည်သူတွေလည်းဒုံရင်းဒုံရင်းပဲဖြစ်နေမှာပါ။










