ဗြိတိန်၊ ဂျပန် ကျွန်းနိုင်ငံနှစ်ခုနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ဗြိတိန်၊ ဂျပန် ကျွန်းနိုင်ငံနှစ်ခုနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
Published 10 July 2022
  ရဲကျော်စွာ

ယခုရက်များအတွင်း ထူးခြားသော ဖြစ်ရပ်နှစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပထမတစ်ခုက ဗြိတိန်ကွန် ဆာဗေးတစ်ပါတီ အစိုးရ၏ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သူ၏အာဏာရ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ပေးလိုက်ရခြင်းဖြစ်သည်။ လာမည့် ဆောင်းဦးပေါက်ကာလအတွင်း ဗြိတိသျှ ကွန်ဆာဗေးတစ်ပါတီညီလာခံကို ကျင်းပကာ ပါတီခေါင်းဆောင် အသစ်ကို ရွေးချယ်မည်ဖြစ်သည်။ ထိုပါတီခေါင်းဆောင်အသစ်က အစိုးရဝန်ကြီးချုပ်အဖြစ် လွှဲပြောင်း တာဝန်ယူမည်ဖြစ်သည်။

ဗြိတိန်၏ “ဝက်စမင်စတာ စနစ်” (Westminster System) အရ အာဏာရပါတီ၏ ခေါင်းဆောင်က ဝန်ကြီးချုပ်တာဝန်ယူရသည်။ အကယ်၍ ဝန်ကြီးချုပ်က ပါတီခေါင်းဆောင်ရာထူးမှ ထွက်ပေးလိုက်ရလျှင် လအနည်းငယ်အတွင်း ပါတီညီလာခံခေါ်ယူကာ ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ်ပေးရသည်။ ပါတီခေါင်းဆောင်အသစ် ရွေးချယ်ပြီးသည့်အချိန်အထိ လက်ရှိဝန်ကြီးချုပ်က ယာယီတာဝန် ဆက်လက်ယူထားရသည်။

ဒုတိယဖြစ်ရပ်က ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်သည်။ ဂျပန်သည် ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် လက်နက်ကိုင်ဆောင်မှုကို တင်းကျပ်စွာ ထိန်းချုပ်ကန့်သတ်ထားသော နိုင်ငံဖြစ်သော်လည်း  “စွဲလမ်း ယုံကြည်မှုဆိုင်ရာ အယူသည်း အစွန်းရောက်ဂိုဏ်းများ” (Superstitious Cults) နှင့် ယာကူဇာဟု လူသိများသော တရားမဝင် ဒုစရိုက် မာဖီးယားဂိုဏ်းများ ထူထပ်များပြား လွန်းသောနိုင်ငံတစ်ခုလည်း ဖြစ်သည်။

ဗြိတိန်နှင့် ဂျပန်တူညီသော အချက်များ

ဗြိတိန်နှင့် ဂျပန် နှစ်ခုစလုံးသည် သမုဒ္ဒရာများအတွင်းမှ ကျွန်းနိုင်ငံ အလတ်စားများ ဖြစ်သည်။ ဗြိတိန်က ဥရောပတိုက်အနီးတွင်ရှိပြီး ဂျပန်က အာရှတိုက်အနီးတွင်တည်ရှိနေကာ နှစ်နိုင်ငံစလုံးက ကမ္ဘာဂြိုဟ်၏ အကြီးမားဆုံးကုန်းမြေဖြစ်သော ယူရေးရှားကုန်းမြေ (Eurasia) ၏ အရှေ့ထိပ်နှင့် အနောက်ထိပ်တွင် ပိတ်လျက် တည်ရှိနေကြသည်။

နှစ်နိုင်ငံစလုံးက စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးပြီး တော်ဝင်မိသားစုများက ပြည်သူများအပေါ် သြဇာလွှမ်းမိုးမှု ကြီးမားသည်။ နှစ်နိုင်ငံစလုံးက ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည်။ နှစ်နိုင်ငံစလုံးက စက်မှုနိုင်ငံများ (Industrialist Nations) နှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ (Developed Nations) ဖြစ်ကြသည်။

နှစ်နိုင်ငံစလုံးသည် တစ်ချိန်က “အထူးအင်အားကြီးနိုင်ငံများ” (Great Power) အဖြစ် တည်ရှိခဲ့ကြသည်။ နှစ်နိုင်ငံစလုံးက “ရေကြောင်း အင်ပါယာများ (၀ါ) ရေကြောင်း အဂ္ဂနိုင်ငံတော်များ” (Maritime Empires) ကို ကျယ်ပြန့်စွာထူထောင်ခဲ့ကြဖူးသည်။

နှစ်နိုင်ငံစလုံးသည် သူတို့၏အတိတ်ကာလက နယ်ချဲ့စစ်ပွဲများကြောင့် အချို့သောဒေသများတွင် အမုန်းခံရသော တိုင်းပြည်များ ဖြစ်သည်။ ဥပမာ  တရုတ်ပြည်သူများစွာက ၁၉ ရာစု ဘိန်းစစ်ပွဲများကြောင့် ယခုအချိန်အထိ ဗြိတိန်ကို မုန်းတီးနေဆဲဖြစ်ပြီး ၂၀ ရာစု နယ်ချဲ့ကျူးကျော်စစ်များကြောင့် ဂျပန်ကိုလည်း မုန်းတီးနေဆဲဖြစ်သည်။

နှစ်နိုင်ငံစလုံးသည် ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ အနီးကပ် အမာခံ နောက်လိုက်နိုင်ငံများ ဖြစ်ခဲ့ပြီး အမေရိကန်က ဦးဆောင်သော ဂျီ - ၅ ငါးနိုင်ငံအုပ်စု အဖွဲ့ဝင်နိုင်ငံများ လည်းဖြစ်ကြသည်။

နှစ်နိုင်ငံစလုံး၏ ထောက်လှမ်းရေး၊ စုံစမ်းစစ်ဆေးရေး၊ လုံခြုံရေး၊ သုတေသန၊ မဟာဗျူဟာရေးရာ၊ အထူးစစ်ဆင်ရေး၊ လျှို့ဝှက်စစ်ဆင်ရေး၊ သတင်းလုပ်ငန်း၊ သူလျှိုလုပ်ငန်းနှင့် အခြားသော လျှို့ဝှက်ဝန်ထမ်းအေဂျင်စီအားလုံးသည် အမေရိကန်ပြည်ထောင်စုမှ သက်ဆိုင်ရာ အထူးပြုလျှို့ဝှက်ဝန်ထမ်း အေဂျင်စီများ၏ “လက်အောက်ခံ တစ်ပိုင်း နောက်လိုက်များ” (Half-Subordinate) ဖြစ်နေကြသည်။

နှစ်နိုင်ငံစလုံးသည် စစ်ဘက်နှင့် အရပ်ဘက်သုံး ရေကြောင်းစက်မှုလုပ်ငန်းဆိုင်ရာ သိပ္ပံနှင့်နည်းပညာများတွင် အထူးအဆင့်အတန်း မြင့်မားပြီး လေကြောင်းနှင့် အာကာသနည်းပညာများ၊ ဇီဝနှင့် ဆေးဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများတွင်လည်း သိသာစွာ အဆင့်အတန်း မြင့်မားသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည် ဒဿနဗေဒ၊ ရသစာပေနှင့် တေးဂီတအနုပညာများတွင်လည်း အဆင့်အတန်းရှိကြသည်။

နှစ်နိုင်ငံစလုံးသည် လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရများ၊ မြန်မာ့တပ်မတော်အာဏာပိုင်များ၊ အာဏာရနှင့် အတိုက်အခံ နိုင်ငံရေးသမားများ၊ မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်း၊ လူနည်းစုလူမျိုးစုများနှင့် နီးကပ်သောဆက်ဆံရေးများ တည်ရှိခဲ့သည်။

နှစ်နိုင်ငံစလုံး၏ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်းများ၊ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု ကုန်အမှတ်တံဆိပ်များ၊ စီးပွားရေးနှင့် လူမှုရေးဆက်သွယ်မှုများကို မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းအတွင်း ယခုအထိ လူကြိုက်များနေကြဆဲဖြစ်သည်။

ဗြိတိန်နှင့် ဂျပန် မတူညီမှုများနှင့် ဆန့်ကျင်ဘက်များ

ဗြိတိန်အခြေစိုက်နှင့် ပင်လယ်ရပ်ခြား အင်္ဂလိပ်လူမျိုး လက်ယာ အစွန်းရောက်ဝါဒီများ၊ အစွန်းရောက် ရှေးရိုးစွဲဝါဒီ ကွန်ဆာဗေးတစ်များ၊ အမျိုးသားရေးဝါဒီများနှင့် ဗျူရိုကရက်များက မြန်မာနိုင်ငံနှင့် နိုင်ငံ့လူဦးရေ၏ လူများစုဖြစ်သော ဗမာလူမျိုးများကို ယခုခေတ်အထိ လွန်စွာ မနှစ်သက်၊ မုန်းတီးနေဆဲ ဖြစ်သည်။

-၁၉၄၅ ခုနှစ်တွင် ရွေး ကောက်ပွဲ အနိုင်ရလာသော ဗြိတိသျှ အလုပ်သမားပါတီ အစိုးရကြောင့် မြန်မာပြည်လွတ်လပ်ရေးရခဲ့ခြင်း၊

-သခင်အောင်ဆန်းကို အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ပေးနိုင်ခဲ့သော်လည်း သခင်အောင်ဆန်းက အမျိုးသားသူရဲကောင်းဖြစ်သွားခြင်း၊

-လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေရန် ပုံအောလောင်းကြေး ထပ်ခဲ့ရသော ၁၉၄၈ ခုနှစ်မှ စတင် မီးမွှေးပေးခဲ့သည့် ပြည်တွင်းစစ်အတွင်း သူတို့ဖြစ်စေလိုသော ဆန္ဒအတိုင်း မြန်မာနိုင်ငံ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲမှုမဖြစ်ပွားခဲ့‌ခြင်း၊

- ခွဲထွက်ရေးဝါဒီ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများကို ၁၉၄၈ ခုနှစ်မှ စတင်ကာ သူတို့က အကြိမ်ကြိမ်ပေးခဲ့သော ကတိကဝတ်များ၊ အားပေးစကားများနှင့် မျှော်လင့်ချက်များက ၂၀၂၂ ခုနှစ် အထိ လက်တွေ့မဖြစ်နိုင်သော စိတ်ကူးယဉ်အိပ်မက်များနှင့် ယုံတမ်း ပုံပြင်များဖြစ်သွားခဲ့ရခြင်းနှင့်

- ၁၉၄၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ မြန်မာနိုင်ငံ၏ လူဦးရေ အများစုလူမျိုးအဖြစ် ၇၄ နှစ် တိုင်အောင် ဗမာလူမျိုးက ဆက်လက် တည်ရှိနေခြင်း

အစရှိသောအချက်များသည် ဗြိတိန်နှင့် ပင်လယ်ရပ်ခြား အင်္ဂလိပ်လူမျိုး “အစွန်းရောက် အင်အားစုများ” (Extremist Elements) အတွင်းမှ “နယ်ချဲ့လက်သစ်ဝါဒီများ” (Neo-Imperialists) အတွက် မြန်မာနိုင်ငံနှင့် နိုင်ငံ့လူဦးရေ၏ လူများစုလူမျိုးဖြစ်သော ဗမာလူမျိုးများအပေါ် ရန်ငြိုးအာဃာတများ ဆက်လက်ထားရှိစရာအကြောင်းအရာများ ဖြစ်နေခဲ့သည်။

လတ်တလော အခြေအနေ အားဖြင့်

- မြန်မာနိုင်ငံ၏ အာဏာရ အစိုးရအဆက်အဆက်က ဗြိတိန်၏အထက်မှ ခေါင်းဆောင်နိုင်ငံဖြစ်နေသော အမေရိကန်ပြည်ထောင်စုနှင့် ပြေလည်ကောင်းမွန်သော ဆက်ဆံရေးများမရှိဘဲ အထူးဆိုးရွားနေခြင်း၊

- အလားတူပင် ဗြိတိန်၏ အစဉ်အလာ ရန်သူဟောင်းနှင့် ပြိုင်ဘက်ဟောင်းဖြစ်သော ပြင်သစ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အာဏာရ အစိုးရအဆက်ဆက်က ကောင်းမွန်သော ဆက်ဆံရေးများ မရှိခြင်း၊

-လက်ရှိ မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုက ရန်လိုဆန့်ကျင်မုန်းတီးနေသော အဓိကပစ် မှတ်နိုင်ငံများဖြစ်သည့် ရုရှား ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ အနီးကပ် အထူးမိတ်ဆွေနိုင်ငံဖြစ်နေခြင်း၊

- မြန်မာနိုင်ငံအတွင်း ဗမာလူမျိုးများအကြားမှ အမျိုးသားရေးဝါဒီများ၊ လစ်ဘရယ်များနှင့် ရက်ဒီကယ်များအကြား သုံးပွင့်ဆိုင်နိုင်ငံရေးနှင့် ၀ါဒရေးရာပဋိပက္ခများနှင့် ယှဉ်ပြိုင်မှုများ ပြင်းထန်စွာဖြစ်ပွားနေခြင်း၊

-မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အင်အားစုများ အပါအဝင် အထွေထွေ ထိပ်တိုက်ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်း၊

- မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအဆင့်အတန်းများ နိမ့်ကျနေခြင်း

အစရှိသော အချက်များက ဗြိတိန်မှ မြန်မာ/ဗမာ ဆန့်ကျင်ရေး အစွန်းရောက်အင်အားစုများအတွက် လတ်တလောအနေဖြင့် စိတ်ချမ်းသာဖွယ်ရာအချက်များ ဖြစ်နေကြသည်။

ဆန့်ကျင်ဘက်အနေဖြင့်မူ ဂျပန်နိုင်ငံမှ ဂျပန်လူမျိုး၊ နိုင်ငံရေး နှင့် စီးပွားရေးအင်အားစုအသီးသီးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် မတူညီသော ဇာတ်ကောင်များနှင့် မတူညီသောအင်အားစုများကို သက်ဆိုင်ရာဝါဒဂိုဏ်းအလိုက်၊ သီးခြားစီ ထောက်ခံအားပေးနေကြသော်လည်း ဂျပန်လူမျိုးအများစု၏ မြန်မာနိုင်ငံနှင့် ဗမာလူမျိုးများအပေါ် တူညီစွာထားရှိသော အခြေခံသဘောထားအမှန်မှာ စိတ်ထားကောင်းမွန်သော၊ စိတ်ရင်း ကောင်းမွန်သော၊ ကိုယ့်ကျင့်တရားနှင့် ညီညွတ်သော သဘောထား ဖြစ်သည်။

ဂျပန်များက မြန်မာကို ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် တည်ရှိစေလိုသည်။ ဂျပန်အာဏာရနိုင်ငံရေးသမားများက ဂျပန်အပေါ် လွှမ်းမိုးနေသော အမေရိကန်ပြည်ထောင်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးအသစ်တစ်ရပ်ကို မြန်မာနိုင်ငံနှင့် ပြန်လည်ထူထောင်လာနိုင်မည့် အချိန်ကာလတစ်ခု ပြန်လည် ဖြစ်ပေါ်လာရေးကို မျှော်လင့်လိုလားနေကြသည်။

အင်္ဂလိပ်လူမျိုးများကဲ့သို့ မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမည့်အရေး၊ လူနည်းစုလူမျိုးစုများ၏ ခွဲထွက်ရေးလှုပ်ရှားမှုများကို လိုလားသော သဘောထားမျိုး ဂျပန်လူမျိုးများထံတွင် မရှိ။ မြန်မာနိုင်ငံ ဆင်းရဲမွဲတေနေခြင်းနှင့် ခေတ်နောက်ကျနေခြင်းကို မြင်တွေ့ရလျှင် ပျော်ရွှင် စိတ်ချမ်းသာပြီး ကြည်နူးနေတတ်သည့် သဘောထားမျိုး ဂျပန်များထံတွင် မရှိပါ။

အဝေးရောက် မြန်မာနိုင်ငံသားဟောင်းများ၏ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင်လည်း အင်္ဂလိပ်များက အစဉ်အလာအရ ‘လေ’ နှင့်သာ အကူအညီ ပေးခဲ့ပြီး ‘လေ’ နှင့်သာ မြှောက်ပေးနေခဲ့သည်။ လက်တွေ့ရုပ်ဝတ္ထုအကူအညီများကို ရိုဟင်ဂျာအရေးလှုပ်ရှားသူများနှင့် လူမျိုးစုခွဲထွက်ရေးအင်အားစုများအတွက်သာ အင်္ဂလိပ်များက ပေးခဲ့ကြသည်။

ဂျပန်များကမူ အဝေးရောက် မြန်မာအင်အားစုများအပါအဝင် မြန်မာ့ဒီမိုကရေစီရေးအင်အားစုများအတွက် ‘လေ’ သက်သက်ဖြင့် မဟုတ်သော၊ လက်တွေ့ ရုပ်ဝတ္ထု အကူအညီများကို မြောက်မြားစွာ နှစ်စဉ်အကူအညီပေးခဲ့သည်။ မည်သည့်ခွဲထွက်ရေးအင်အားစုကိုမှ ဂျပန်များက မြှောက်မပေးခဲ့။

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်အရာရှိများက ဦးဆောင်ပြုလုပ်ခဲ့သော မူဝါဒပိုင်းနှင့် နည်းပညာပိုင်းအစည်းအဝေးများတွင်လည်း  အစဉ်အလာအရ အင်္ဂလိပ်များက လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေမည့် လက်တွေ့ မဖြစ်နိုင်သော နည်းလမ်းအမှားများနှင့် လမ်းကြောင်းအမှားများကိုသာ အကြံပြုဆွေးနွေးလေ့ ရှိခဲ့ကြသည်။

ထိုမြန်မာ့အရေး နိုင်ငံစုံဆွေးနွေးမှုတိုင်းတွင် ဂျပန်အရာရှိများက လက်တလောအခြေအနေကို အမှန်တကယ် ကုစားနိုင်မည့်၊ လက်တွေ့ “ဖြစ်နိုင်ခြေများ” (Possibilities) နှင့် “ဖြစ်တန်ခြေများ” (Probabilities) ပိုမိုမြင့်မားသော၊ ပိုမိုသင့်လျော်ကောင်းမွန်သော နည်းလမ်းအမှန်များနှင့် လမ်းကြောင်းအမှန်များကိုသာ အကြံပြုဆွေးနွေးလေ့ရှိကြသည်။

အင်္ဂလိပ်များ၏ ရည်မှန်းချက်အစစ်များ

-အမေရိကန်ပြည်ထောင်စု၊ ရုရှားပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂအင်အားစု ငါးရပ်စလုံး အချင်းချင်းယှဉ်ပြိုင်ရင်း၊ တိုက်ခိုက်ရင်းဖြင့် စီးပွားရေးအရ၊ ဓနအင်အားအရ၊ စက်မှုလုပ်ငန်းများနှင့် နည်းပညာအရ ယင်းအင်အားစု ငါးရပ်စလုံး အင်အားကျဆင်း၊ ချည့်နဲ့၊ ပြိုကွဲသွားစေရန်၊ 

- ယင်းငါးပွင့်ဆိုင်ပဋိပက္ခများ နှင့် ယှဉ်ပြိုင်မှုများအတွင်းမှ ဗြိတိန်၏အမျိုးသားအကျိုးစီးပွားအတွက် သိပ္ပံ၊ နည်းပညာ၊ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် အခြားသော အရင်းအမြစ်ပေါင်းစုံနယ်ပယ်များတွင် စွမ်းနိုင်သမျှ အချိန်မီ အမြတ်ထုတ်အသုံးချနိုင်ရန်၊

- ယင်းကာလအတွင်း ဗြိတိန်၏အမာခံအင်အားစုများဖြစ်သော ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျော်ဒန်နှင့် မော်ရိုကိုနိုင်ငံများကို အခြေပြုကာ အပြင်စည်း အင်အားစုများအဖြစ် ဆော်ဒီအာရေးဘီးယား၊ ပါကစ္စတန်နှင့် အာရပ်ရေနံစော်ဘွားနိုင်ငံများကို စည်းရုံးသိမ်းသွင်းပြီး

“မဟာအန်ဂလိုဘဏ္ဍာရေးနှင့် စီးပွားရေး အင်ပါယာ” (Greater Anglo Financial and Economic Empire) တစ်ရပ်ကို ပြန်လည်တည်ထောင်ရန်နှင့်

- အနာဂတ် မဟာအန်ဂလို ဘဏ္ဍာစီးပွားအင်ပါယာသစ်၏ ဖြစ်တန်ခြေရှိသော၊ အလားအလာရှိသော အနာဂတ်ရန်သူများနှင့် အနာဂတ်ပြိုင်ဘက်များကို မည်သည့် အခွင့်အရေးမျှ မပေးဘဲ ကြိုတင်ဖယ်ရှားဖြိုခွဲထားရန် စသောအချက်များက အင်္ဂလိပ်လူမျိုး အစွန်းရောက်တစ်စု၏ လက်တွေ့မဖြစ်နိုင်သော စိတ်ကူးယဉ်အိပ်မက်များနှင့် ရည် မှန်းချက် ကြီးမားလွန်းသော မဟာဗျူဟာလုပ်ငန်းစဉ်ပိုင်း ဦးတည်ချက်များ ဖြစ်ကြသည်။

မတူညီသော ခေတ်သစ် အခင်းအကျင်း

ဂျပန်နှင့် ဗြိတိန် နှစ်ခု၏ မတူညီမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်မှုများမှာ အမှန်တကယ်တွင် များပြားလွန်းသည်။

သို့သော်လည်း ယနေ့ခေတ်ကဲ့သို့ အာရှတိုက်က ပြန်လည်နိုးထ၊ အင်အားကြီးထွား၊ မြင့်တက်လာနေသော ခေတ်သစ်အတွင်း ၁၉ ရာစု ခေတ်ဟောင်းကဲ့သို့  လန်ဒန်၊ ပါရီနှင့် ဗီယန်နာမြို့တော်များမှ ဆုံးဖြတ်ချက်များဖြင့် မြန်မာတို့၏ ကံကြမ္မာကို မပြဋ္ဌာန်းနိုင်၊ ပုံမသွင်းနိုင်တော့ပါ။

မြန်မာတို့၏ ကံကြမ္မာကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံဒေသပေါင်းစုံရှိ ပြည်တွင်း ပင်မအင်အားစုများ၏ ဆုံးဖြတ်ချက်များဖြင့်သာ လက်တွေ့ ပုံသွင်းနိုင်၊ ပြဋ္ဌာန်းနိုင်သော ခေတ်သစ်တစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ 

Most Read

Most Recent