ပွဲမပြီးသေးသော ရုရှား-ယူကရိန်းစစ်ပွဲ

ပွဲမပြီးသေးသော ရုရှား-ယူကရိန်းစစ်ပွဲ
Published 5 July 2022
ဇင်မျိုး

ယူကရိန်းအရှေ့ပိုင်း လူဟန်ဒေသကို သိမ်းပိုက်နိုင်ခြင်းနှင့်အတူ ရုရှားအနေဖြင့် ဆုနှင့် ထိုက်တန်သည်ဟု ပြောနိုင်သည့်တိုင် ရုရှားမှာ အစောပိုင်းစစ်ပွဲရည်မှန်းချက်များကို ပြည့်မီအောင်စွမ်းဆောင်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ယူကရိန်းကို စစ်ရေးအရ အဆုံးအဖြတ်ပေးနိုင်လောက်အောင် ထိုးနှက်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။

ရုရှားထိုးစစ်သည်ကား ယခုအခါ ဒွန်းဘက်စ်၏ လက်ကျန်အပိုင်းဖြစ်သော စက်မှုအချက်အချာဒေသကို အာရုံပြောင်းသွားသည်ဆိုသော်လည်း ယူကရိန်းသည် ဒွန်းဘက်စ်ဒေသ၌ ခံစစ်အခိုင်အမာပြုထားသော နေရာများကို ပိုမိုလွယ်ကူစွာ ကာကွယ်ထားသည်။ စစ်ပွဲ၏လမ်းကြောင်းကို ပုံဖော်ပေးမည့်တိုက်ပွဲများသည်ကား ရှေ့တွင်ရှိနေဆဲဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ထားသည်။

“ဒါဟာ ရုရှားအတွက် နည်းစနစ်ဆိုင်ရာ အောင်ပွဲလို့ထင်ပါတယ်။ ဒါပေမဲ့ ပြန်လည်ဆန်းစစ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေရဲ့ ဆက်စပ်အခြေအနေအတွင်းမှာပဲ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိနေပါတယ်” ဟု လန်ဒန်အခြေစိုက် RUSI အဖွဲ့က လေ့လာဆန်းစစ်သူ နေးမဲလ်ဗင်က ပြောသည်။

ဇူလိုင်လ ၄ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က လူဟန်ဒေသကို လွတ်မြောက်အောင်လုပ်ပေးသည့်အတွက် သူ၏စစ်သားများကို ချီးကျူးဂုဏ်ပြုခဲ့သည်။ သူရဲကောင်းဆန်မှုအတွက် ဆုတံဆိပ်များချီးမြှင့်မည်ဟု ပြောကြားခဲ့သည်။ စစ်သားများအနားရမည်ဟု ဆိုသည်။ ရုရှားအာကာသယာဉ်မှူး သုံးဦးက အာကာသမှ အောင်ပွဲသတင်းစကားကို ပါးခဲ့သည်။

ယင်းအောင်ပွဲသည် စစ်ပွဲ၏အစောပိုင်း သီတင်းပတ်များ၌ ကိယက်ဗ်ကို ထိုးစစ်ဆင်မှုအား စွန့်လွှတ်၍ ဒွန်းဘက်စ်ကို သိမ်းပိုက်ရန် အလေးပေးလုပ်ဆောင်ခဲ့သော စစ်အင်အားကြီးနိုင်ငံ ရုရှားအတွက် သမိုင်းမှတ်တိုင်ဖြစ်သည်။ ဒွန်းဘက်စ်သည် လူဟန်နှင့် ဒိုးနက်တို့ဖြင့် ဖွဲ့စည်းထားသော ဒေသဖြစ်သည်။ ယူကရိန်းသည် ဒိုးနက်ဒေသအများစုကို ထိန်းချုပ်ထားဆဲဖြစ်သည်။

မိမိတို့ဘာသာသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သော ရုရှားကျောထောက်နောက်ခံပြုခွဲထွက်ဒေသများကို လွတ်လပ်ရေးယူပေးချင်သဖြင့် ဒွန်းဘက်စ်ကို ယူကရိန်းထံမှ ရယူလိုသည်ဟု စစ်ပွဲမတိုင်မီ တစ်ရက်အလိုတွင် ရုရှားက ပြောထားသည်။ အဆိုပါခွဲထွက် သမ္မတနိုင်ငံငယ် နှစ်နိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသည်ဟုလည်း ရုရှားက ပြော ကြားခဲ့သည်။

ဒွန်းဘက်စ်တိုက်ပွဲသည် ဧပြီလလယ်ဝန်းကျင်တွင် စတင်ခဲ့သည်။  ဒွန်းဘက်စ်တိုက်ပွဲစတင်ကတည်းက ရုရှားသည် လူဟန်ဒေသမှ ယူကရိန်းကို တိုက်ထုတ်ကာ ယင်းဒေသကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက်ကျူးကျော်မှုမတိုင်မီမော်စကို ထောက်ခံသောခွဲထွက်ရေးသမားများဖြစ်သည့် ရုရှားလူတို့က လူဟန်ဒေသအများအပြားကို ထိန်းချုပ်ထားသည်။

“ဒီ (လူဟန်ကို သိမ်းပိုက်တာ) ဟာကတော့ ပြန်လည်ဆန်းစစ်ထားတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အလွန်သေးငယ်တဲ့ ရည်မှန်းချက်အနည်းအကျဉ်းလောက်ပါပဲ။ ပြီးတော့ ဒီရည်မှန်းချက်အောင်မြင်ဖို့ ရုရှားက သူ့ရဲ့စစ်အင်အားအပြည့်အဝကို သုံးခဲ့ရတာပါ။ ရက် ၆၀ နီးပါးကြာခဲ့ပါတယ်” ဟု မဲလ်ဗင်က ပြောသည်။

ရုရှား၏ ကနဦးစစ်ရေးရည်မှန်းချက်များမှာ ဒွန်းဘတ်၊ လူဟန်ဒေသတို့ကို သိမ်းပိုက်ခြင်းဆိုသည်ထက် ပိုလွန်သည်။ ယုတ်စွအဆုံး ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်းနိုင်ငံဖြစ်သော ယူကရိန်း၏ အနောက်အုပ်စုအပေါ် တိမ်းညွှတ်မှုကို ပြောင်းလဲပစ်ရန် သို့မဟုတ် ယူကရိန်းအစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ရန်အထိ ပါဝင်သည်ဟု အမေရိကန်အခြေစိုက် ပြည်ပမူဝါဒ သုတေသနအဖွဲ့က ရော့လီက ပြောသည်။ ရုရှား၏ ရည်မှန်းချက်များထဲတွင် ယူကရိန်းကို စစ်မဲ့နိုင်ငံဖြစ်အောင် လုပ်ဆောင်ခြင်းလည်း ပါဝင်သည်ဟု ဆိုသည်။

“ရုရှားဟာ စစ်ပွဲအစမှာ ပိုမိုရည်မှန်းချက်ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိထားတယ်ဆိုတာ ရှင်းပါတယ်” ဟု သူက ပြောသည်။

ထိခိုက်ဆုံးရှုံးမှု များပြား

ရုရှားက စစ်မြေပြင်နည်းစနစ်များကို အပြောင်းအလဲလုပ်ခဲ့သည်။ မြေပြင်တပ်ဖွဲ့များကို စေလွှတ်ခြင်းမပြုမီ ယူကရိန်းတပ်ဖွဲ့များ နေရာယူထားသည့်နေရာများကို တာဝေးပစ်လက်နက်များအသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ်ရာ တိုးတက်မှုနှေးကွေး၍ အောင်မြင်မှုရရန် ခက်ခက်ခဲခဲကြိုးပမ်းရသည့် အနေအထားဖြစ်သည်ဟု လေ့လာဆန်းစစ်သူတစ်ဦးက ပြောသည်။ ပထမကမ္ဘာစစ်နှင့် ဆင်တူနေသည်ဟု ဆိုသည်။

“ဒါဟာ စစ်အဟုန်ကို တည်ဆောက်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ သူတို့ဟာ တစ်ရက်တစ်ရက်မှာ နယ်မြေနည်းနည်းပဲ သိမ်းယူနေတာဖြစ်ပါတယ်။ ခေတ်သစ်စစ်ပွဲဆိုတဲ့ စကားနဲ့ပြောရရင် ဒါဟာ တိုးတက်မှု အလွန်နှေးကွေးနေတာပဲလို့ ပြောရမှာဖြစ်ပါတယ်။ ရုရှားဟာ အဆင့်မြင့်လက်နက်တွေနဲ့ လူအင်အားကို အသုံးပြုနေရတာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီအတွက် သူတို့ပေးဆပ်နေရတာပါ” ဟု မဲလ်ဗင်က ပြောသည်။

လွိုင်ဆစ်ချန့်မြို့မှ ယူကရိန်းစစ်သားများ ဆုတ်ခွာခဲ့ပြီးနောက် ယင်းမြို့သိမ်းပိုက်ခံရခြင်းမှာ နာကျင်စရာ ဆုံးရှုံးမှုဖြစ်သည်ဟု လူဟန်ဒေသ၏ ယူကရိန်းအုပ်ချုပ်ရေးမှူးက ရိုက်တာကို ပြောသည်။သို့ရာတွင် လုံးလုံးအဝိုင်းခံထားရပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရခြင်းမှ ယူကရိန်းစစ်သားများကို ကယ်နိုင်ခဲ့သည်ဟုဆိုသည်။

“စစ်ရေးရှုထောင့်ကပြောရင် တပ်ချထားရာနေရာတွေကို စွန့်ခွာရတာဟာ ဆိုးပါတယ်။ ဒါပေမဲ့ ဒါဟာ အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စစ်ပွဲကို နိုင်ဖို့ပါ။ လွိုင်ဆစ်ချန့်တိုက်ပွဲကို နိုင်ဖို့မဟုတ်ပါဘူး” ဟု အုပ်ချုပ်ရေးမှူး ဆာဂေးဂိုင်ဒေးက ပြောသည်။

ဒွန်းဘက်စ်ဒေသ၏ မြို့ကြီးဖြစ်သော ဆလိုးဗီးယန့်နှင့် ဘားမွတ်မြို့ငယ်တို့သည် ရုရှားနောက်ထပ်ထိုးစစ်၏ ပစ်မှတ်များ ဖြစ်လာမည်ဟု သူက ခန့်မှန်းသည်။ ပြည်ပအင်အားကြီးနိုင်ငံများအနေဖြင့် လက်နက်ကြီး ထောက်ပံ့မှုများကို မြန်မြန်ဆန်ဆန်လုပ်ဆောင်ပေးရန် သူက တိုက်တွန်းလိုက်ပြီး ယူကရိန်းအခြေအနေ၌ နောက်ကျလွန်းသွားသည်ကို အနောက်အုပ်စုက နားလည်သွားပြီဟု ဆိုသည်။

ကျူးကျော်မှုက ယူကရိန်းအရှေ့ပိုင်းနှင့် ယူကရိန်းအရှေ့တောင်ပိုင်းတို့တွင် လူထောင်ချီ သေဆုံးစေခဲ့ပြီး လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာပြေးစေခဲ့ရကာ မြို့ကြီးများကို ပြားပြားဝပ်သွားစေသည်။

ရုရှားသည် ကျိုးကြောင်းမဲ့ ကျူးကျော်စစ်ကို ဆင်နွှဲနေသည်ဟု ယူကရိန်းနှင့် အနောက်အုပ်စုကပြောကြားလျက်ရှိကာ စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု ရုရှားကို စွပ်စွဲလျက်ရှိသည်။ အဆိုပါစွပ်စွဲမှုများကို ရုရှားက ငြင်းဆန်ထားသည်။ ယူကရိန်း၏ စစ်အင်အားလျော့ပါးစေရန်၊ အာဏာရယူထားသည့်အန္တရာယ်များသော မျိုးချစ်များကို အမြစ်ဖြုတ်ရန်၊ ယူကရိန်းမှ ရုရှားဘာသာ စကားပြောသူများကို ကာကွယ်ရန် အထူးစစ်ဆင်ရေးပြုလုပ်ခြင်းသာဖြစ်သည်ဟု ရုရှားက ပြောသည်။

အရေးပါသော တိုက်ပွဲ

ယူကရိန်းသည် လွိုင်ဆစ်ချန့်နှင့် ဆီဗာရိုဒိုးနက်မြို့တို့တွင် တပ်များကို နေရာချထားရန် ခက်ခဲနေသည်ဟု လီက ပြောသည်။ ဆီဗာရိုဒိုးနက်သည် ရှေ့တန်းစစ်မြေပြင်ဖြစ်ခဲ့သော နေရာဖြစ်သည်။ ရုရှားနယ်မြေထဲ ငေါထွက်နေသော ဆီဗာရိုဒိုးနက်သည် ယူကရိန်းအမာခံနယ်မြေဖြစ်၍ ဇွန်လ ၂၅ ရက်တွင် ကျသွားခဲ့သည်။

ယူကရိန်းသည် မိမိ၏တပ်များကို အကာအကွယ်ပေးရန် ဆီဗာရိုဒိုးနက်သို့ လက်နက်ကြီးများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တို့ကို ပို့ဆောင်နိုင်စွမ်းမရှိပေ။ အကြောင်းမှာ ယူကရိန်းစစ်သားများ အကာအကွယ်မဲ့သည့် အနေအထားဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။ ဆလိုးဗီးယန့်နှင့် ခရာမာတော့တို့၏ အနီးအနားတွင် ခံစစ်စည်းအသစ်ကို ပုံဖော်သည့်အခါ အားနည်းချက်ရှိလာလိမ့်မည်မဟုတ်ဟု လီက ပြောသည်။

“အဲဒီခံစစ်မျဉ်းဟာ တာဝေးပစ်လက်နက်ကြီးတွေ၊ တာဝေးပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့အတူ ခုခံကာကွယ်ဖို့ ယူကရိန်းကို ပိုမိုလွယ်ကူစေသင့်ပါတယ်။ ယူကရိန်းဘက်ကလည်း ဒီလောက်အသံတိတ်နေမှာ မဟုတ်ဘူးဆိုတော့ အဲဒီမှာတိုက်နေတဲ့ ယူကရိန်းစစ်သားတွေကို အကာအကွယ်ပေးနိုင်အောင် လက်နက်ကြီးတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို သူတို့အသုံးပြုနိုင်ပါတယ်” ဟု သူက ပြောသည်။ လက်ရှိတွင် ရုရှားသည် ယူကရိန်းအရှေ့ပိုင်း၌ အနည်းငယ် အသာရနိုင်သည်ဟု သူက ခန့်မှန်းသည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းယူခဲ့သော ရုရှားသည် ယူကရိန်းတောင်ပိုင်းရှိ နယ်မြေအများအပြားကို သိမ်းယူထားသည်။ ပင်လယ်နက်အထိပေါက်သည့် မဟာဗျူဟာအရ အရေးပါသော ခါဆန်ဒေသကို ထိန်းချုပ်ထားသည်။ ခါဆန်ဒေသတွင် တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူကရိန်းက ပြောထားသည်။

စစ်ပွဲ၏ အရေးပါသော တိုက်ပွဲသည် ဖြစ်မလာသေးပေ။ ဒွန်းဘက်စ်အတွက် တိုက်ခိုက်သည်ဆိုခြင်းထက် မဟာဗျူဟာအရ ပိုမိုအရေးပါသော ခါဆန်တွင် တန်ပြန်ထိုးစစ်ဆင်ရမည်ဟု ယူကရိန်းဘက်က ရှုမြင်ထားပုံ ရသည်ဟု မဲလ်ဗင်က ပြောသည်။ “ဒွန်းဘက်စ်တိုက်ပွဲဟာ ယူကရိန်းအတွက် မဟာဗျူဟာကျတဲ့ တိုက်ပွဲမဟုတ်ပါဘူး။ အရေးပါတဲ့ တိုက်ပွဲဟာ တောင်ပိုင်းမှာ ဖြစ်လာဖို့ရှိပါတယ်” ဟု သူက ပြောသည်။        

Ref:Reuters

Most Read

Most Recent