လွန်ခဲ့သောသီတင်းပတ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် စိတ်အေးလက်အေးရှိသော သီတင်းပတ်တစ်ခု မဟုတ်ခဲ့ပေ။ ၎င်းအနေဖြင့် ဗဟိုအာရှမဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာအောင် ထိန်းသိမ်းရန်အတွက် ယူကရိန်းအား ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများသို့ သွားရောက်ခဲ့ရသည်။ ထို့အပြင် နေတိုးမဟာမိတ်အုပ်စုက ရုရှားကို အဓိကရန်သူတော်အဖြစ် ကြေညာခဲ့ပြီး ရုရှား၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဆွီဒင်နှင့် ဖင်လန်တို့ကို နေတိုးအဖွဲ့ထဲသို့ဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းကို သမ္မတပူတင်အနေဖြင့် သတိနှင့် စောင့်ကြည့်နေရပြီး တစ်ဖက်တွင်လည်း ၎င်း၏တပ်ဖွဲ့ဝင်များက ယူကရိန်းတွင် အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ငြင်းချက်ထုတ်နေရသည်။
ယခုသီတင်းပတ်အတွင်း ဥရောပတွင် ဆက်တိုက်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးများတွင် ယူကရိန်းအရေးနှင့်ပတ်သက် ၍ ဥရောပ၏တညီတညွတ်တည်း ရပ်တည်မှုကို တန်ပြန်ရန်အတွက် သမ္မတပူတင်သည် အမေရိကန်နှင့် မဟာမိတ်များ၏လုပ်ရပ်များကို ရန်လိုသော ရည်ရွယ်ချက်များ၏ သက်သေသာဓကအဖြစ် ပုံဖော်ရန် ကြိုးပမ်းလာခဲ့ပြီး အိမ်နီးချင်းယူကရိန်းအား ထိုးစစ်ဆင်မှုကိုလည်း အရှိန်မြှင့်သွားမည်ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
သမ္မတပူတင်အနေဖြင့် ရုရှား၏ နယ်နိမိတ်အနီးသို့ နေတိုးမဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်လာမှုအား ရုရှားအတွက် အဓိကလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ကာလကြာမြင့်စွာ ရည်ညွှန်းပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ စစ်တပ်များ စေလွှတ်ခဲ့စဉ်ကလည်း ယူကရိန်းနှင့် အနောက်နိုင်ငံများအကြား စစ်ဘက်ဆက်ဆံရေး နီးကပ်သထက် နီးကပ်လာခြင်းသည် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများကို ပိုမိုညီညွတ်လာအောင် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။ အမေရိကန်နှင့် မဟာမိတ်များက ယူကရိန်းအတွက် ဒေါ်လာဘီလျံနှင့်ချီ တန်ကြေးရှိသည့် စစ်လက်နက်နှင့် အခြားအကူအညီများ ပေးအပ်ခဲ့ကာ ရုရှားအပေါ်တွင်လည်း မကြုံဖူးလောက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ရုရှား၏အရန်ထားရှိသော နိုင်ငံခြားငွေကြေးကို ထိန်းချုပ်ပိတ်ပင်ခြင်း၊ ရေနံနှင့်အခြားသော အဓိကပို့ကုန်များကို ပစ်မှတ်ထားပိတ်ဆို့ခြင်းနှင့် ဥရောပဝေဟင်ပိုင်နက်ထဲသို့ ရုရှားလေယာဉ်များ ဝင်ရောက်မှုကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် နေတိုးမဟာမိတ်အဖွဲ့သည် အရှေ့ဥရောပရှိ ၎င်းတို့မဟာမိတ်နိုင်ငံများ၏ ပိုင်နက်နယ်မြေများသို့ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်များ ထပ်မံဖြန့်ကြက်ချထားခြင်းတို့ကို ပြုလုပ်လာသကဲ့သို့ ဆွီဒင်နှင့် ဖင်လန်တို့ကိုလည်း ၎င်းတို့၏ ကြားနေဝါဒကို စွန့်လွှတ်ကာ နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ရန် တိုက်တွန်းခဲ့သည်။
ဇွန် ၂၉ ရက်က မက်ဒရစ်မြို့တွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် နေတိုးမဟာမိတ်အဖွဲ့က ၎င်းနှစ်နိုင်ငံကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် တရားဝင်ဖိတ်ခေါ်ခဲ့ပြီး ရုရှားသည် အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် အကြီးမားဆုံးတိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်ဟု အတိအလင်း ကြေညာခဲ့သည်။
ဆိုဗီယက်ယူနီယံနိုင်ငံဟောင်း သုံးနိုင်ငံ၊ အီရန်နိုင်ငံတို့နှင့် ကက်စပီယန်ပင်လယ်ဒေသ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဇွန် ၂၉ ရက်က တာ့ခ်မင်နစ္စတန်သို့ ရောက်ရှိလာခဲ့သည့် ရုရှားသမ္မတပူတင်က နေတိုးအဖွဲ့၏ လုပ်ရပ်များသည် ရုရှားကို ဆန့်ကျင်ရန် ပစ်မှတ်ထားနေကြောင်းကို သက်သေပြရာ ရောက်နေသည်ဟု ပြောကြားခဲ့ပြီး ယူကရိန်းကို စစ်ဆင်ရေးဆင်နွှဲခဲ့သည့် ၎င်း၏လုပ်ရပ်သည် အနောက်မဟာမိတ်များ၏ အခန်းကဏ္ဍခိုင်မာအားကောင်းလာအောင် ကူညီပံ့ပိုးသကဲ့သို့ပင် ဖြစ်နေသည်ဟုလည်း ၎င်းက ဝန်ခံခဲ့သည်။
တာ့ခ်မင်နစ္စတန်၏မြို့တော် အက်ရှ်ဂါဘတ်တွင် ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအတွင်း သမ္မတပူတင်နှင့် အစည်းအဝေးတက်ရောက်ခဲ့သည့် အခြားခေါင်းဆောင်များက ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ လူသိရှင်ကြား မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းမရှိပေ။ ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်မူ ကက်စပီယန်ပင်လယ်သို့ မည်သည့် ပြည်ပစစ်တပ်မှ ဝင်ရောက်မလာနိုင်အောင် တားဆီးကာကွယ်ရန် သဘောတူညီခဲ့ကြောင်း အလေးအနက် ဖော်ပြခဲ့ပြီး အခြားနိုင်ငံတစ်နိုင်ငံက ၎င်းတို့၏နယ်နိမိတ်ထဲသို့ ထိပါးကျူးကျော်ခွင့် မရှိစေရန်လည်း ကတိပြုခဲ့သည်ဟု ဆိုသည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲ၏ ဘေးဆွယ်တွေ့ဆုံမှုအဖြစ် အီရန်သမ္မတ အီဘရာဟင်ရာအီစီနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှား-အီရန် မဟာဗျူဟာမြောက် ဆက်ဆံရေး၏ အရေးပါပုံကိုလည်း သမ္မတပူတင်က အလေးထားပြောဆိုခဲ့သည်။
တာ့ခ်မင်နစ္စတန်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ရုရှားခေါင်းဆောင်က အမေရိကန်အနေဖြင့် မဟာမိတ်များကို သိမ်းသွင်း ရန်အတွက် ပြင်ပမှ ခြိမ်းခြောက်မှုအဖြစ် ယိုးမယ်ဖွဲ့ အကြောင်းပြချက်ပေးနိုင်မည့် ရန်သူကို အမြဲတစေ ရှာဖွေလေ့ရှိရာ အီရန်သည် ထိုအနေအထားနှင့် ကိုက်ညီမှုမရှိသော်လည်း ရုရှားသည် ၎င်းတို့ဖန်တီးထားသောအကြောင်း ပြချက်နှင့် အံဝင်ခွင်ကျ ဖြစ်နေသည်ဟု ဆိုသည်။
ယူကရိန်းစစ်ပွဲ မတိုင်မီက ရုရှားသည် နေတိုး၏အင်အားချဲ့ထွင်မှုတွင် ယူကရိန်းနှင့် အခြားဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းများကို ထည့်သွင်းခြင်းမပြုရန်နှင့် အရှေ့ဥရောပတွင် နေတိုး၏တပ်ဖြန့်ထားမှုကို ပြန်ရုပ်သိမ်းပေးရန်တို့ ပါဝင်သော လုံခြုံရေးအာမခံချက်များကို အပြင်းအထန် တောင်းဆိုခဲ့သည်။ သို့ရာတွင် အမေရိကန်နှင့် မဟာမိတ်များက အဆိုပါတောင်းဆိုချက်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော မည်သည့်နိုင်ငံအတွက်မဆို နေတိုးအဖွဲ့က တံခါးဖွင့်ထားကြောင်းနှင့် မည်သည့်ပြင်ပနိုင်ငံကမှ တားဆီး စွက်ဖက်ပိုင်ခွင့် မရှိကြောင်း ယတိပြတ်ပြောကြားခဲ့သည်။
တစ်ချိန်တည်း၌ပင် အမေရိကန်အစိုးရနှင့် နေတိုးအဖွဲ့က လက်နက်ထိန်းချုပ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနှင့် ထိပ်တိုက်တွေ့နိုင်သည့် အန္တရာယ်လျှော့ချရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။ ရုရှားဘက်ကမူ ထိုအကြောင်းအရာများသည် မိမိတို့တောင်းဆိုထားသည့် လုံခြုံရေးအာမခံချက်များလောက် အရေးမကြီးဟုဆိုကာ အလေးထားဟန် မပြခဲ့ပေ။
ယူကရိန်းကို မကျူးကျော်မီအချိန်အထိ ရုရှားအစိုးရက ၎င်းတို့အနေဖြင့် တိုက်ခိုက်ရန် အစီအစဉ်မရှိဟု ပြောဆိုခဲ့သော်လည်း နေတိုးအဖွဲ့ထဲသို့ ယူကရိန်းနှင့် အခြားဆိုဗီယက်နိုင်ငံဟောင်းများကို လုံးဝ ထည့်သွင်းခြင်းမပြုရန် ပြတ်ပြတ်သားသား သတိပေးခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များကလည်း အရှေ့ဘက်သို့ သြဇာချဲ့ထွင်ခြင်း မပြုဟု နှုတ်ကတိများ ပေးခဲ့သော်လည်း နေတိုးမဟာမိတ်အဖွဲ့သည် ရုရှားကို ဗြောင်ကျကျ လိမ်ညာလှည့်ဖြားကာ ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့မှ ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းများနှင့် ဘောလ်တစ်ဒေသမှ ဆိုဗီယက်သမ္မတနိုင်ငံဟောင်းများကို မဟာမိတ်အဖွဲ့ထဲသို့ အင်အားဖြည့်တင်းခဲ့သည်ဟု ပူတင်က စွပ်စွဲခဲ့သည်။ စစ်မက်ဖြစ်ပွားမှုကို ရပ်တန့်စေမည့် ဆွေးနွေးမှုများ မပြုလုပ်ရန် အနောက်နိုင်ငံများက ယူကရိန်းကို ဟန့်တားနေသည်ဟုလည်း ဇွန် ၃၀ ရက်တွင် ပူတင်က ပြောကြားခဲ့သည်။
“ယူကရိန်းကို ဆက်ပြီးတိုက်ပွဲဝင်အောင် တွန်းအားပေးနေတာနဲ့ နောက်ထပ်ဆွေးနွေးမှု တစ်စုံတစ်ရာမပြုလုပ်ဖို့ တိုက်တွန်းနေတာဟာ အနောက်နိုင်ငံတွေနဲ့ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုသာ ကာကွယ်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ကောက်ချက်ချရမှာပါ” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဖင်လန်နှင့် ဆွီဒင်အား နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းသည် အနောက်နိုင်ငံများ ပြောဆိုနေသကဲ့သို့ ရုရှားအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု မဟုတ်ကြောင်းလည်း ပူတင်က ချေပပြောဆိုခဲ့သည်။
ဆွီဒင်နှင့် ဖင်လန်တို့အနေဖြင့် ၎င်းတို့ဆန္ဒရှိသကဲ့သို့ လုပ်ပိုင်ခွင့်ရှိပြီး ရုရှားနှင့် ၎င်းနိုင်ငံများအကြား နယ်မြေအငြင်းပွားမှုတစ်စုံတစ်ရာ မရှိဟုလည်း ပူတင်က ဆိုသည်။ သို့သော်ငြားလည်း အဆိုပါနိုင်ငံများတွင် နေတိုးတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်အခြေခံအဆောက်အအုံများ ချထားခြင်းတို့ ပြုလုပ်လာပြီး မိမိတို့၏ ပိုင်နက်နယ်မြေများအပေါ် ခြိမ်းခြောက်မှုများ ရှိလာပါက ထိရောက်သော တုံ့ပြန်မှုများ ပြုလုပ်ရလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။
ထို့အပြင် ယူကရိန်းစစ်မြေပြင်ရှိ ရုရှားတပ်ဖွဲ့ဝင်များသည် အမိမြေလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေသည့် သူရဲကောင်းများဟု သမ္မတပူတင်က ချီးကျူးခဲ့ပြီး ဒွန်းဘတ်စ်ဒေသ လွတ်မြောက်ရေး၊ အဆိုပါဒေသရှိ ပြည်သူများကို ကာကွယ်ရေးနှင့် ရုရှားနိုင်ငံ၏ လုံခြုံရေးအတွက် အာမခံချက်ရှိစေမည့် အခြေအနေများကို ဖန်တီးရေးအစရှိသော ရည်မှန်းချက်များ မပြည့်ဝမချင်း အထူးစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းစစ်ဆင်ရေးကို စီမံချက်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆင်ရေး ကာလအတိုင်း အတာတစ်ခုအတွက် ချမှတ်ထားသော ရည်မှန်းချက်များ ပြည့်မီစေရန် ရှေ့ဆက်ချီတက်နေကာ ထိခိုက်ကျဆုံးမှုအနည်းဆုံးဖြစ်စေရန်အတွက်လည်း စစ်ဆင်ရေးကို အလျင်စလို လုပ်ဆောင်မည်မဟုတ်ဟု သမ္မတပူတင်က ဆိုသည်။










