ဟောင်ကောင်၏ နှစ်ပတ်လည်နှင့် မရေရာသည့် စီးပွားရေးအလားအလာ

ဟောင်ကောင်၏ နှစ်ပတ်လည်နှင့် မရေရာသည့် စီးပွားရေးအလားအလာ
Published 1 July 2022
ရာဇ

ဗြိတိန်သည် ဟောင်ကောင်ကို တရုတ်၏အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ချိန်က အဒ်မွန်ဟျူသည် လူစည်ကားသည့် စတော့အိတ်ချိန်းစျေးကွက်တွင် အသေးစားစတော့ရှယ်ယာကစားသူတစ်ဦးဖြစ်ခဲ့သည်။ ယင်းအချိန်က ဟောင်ကောင်သည် အနောက်နှင့်အရှေ့၏ လမ်းဆုံ၊ လမ်းခွနေရာများထဲတွင် တည်ရှိနေသည့်မြို့ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက်မှုများမှာ တစ်ဟုန်ထိုးမြင့်တက်နေသည့်အချိန်ဖြစ်သည်။

ဟောင်ကောင်ကို တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ၁၉၉၇ ခုနှစ်မတိုင်မီက တရုတ်နှင့် ဗြိတိန်အကြား သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ ယင်းသဘောတူညီမှုမှာ ဟောင်ကောင်ကို အရင်းရှင်စနစ်ဖြင့် နှစ်ပေါင်း ၅၀ ထားရှိမည်ဟု တရုတ်က ကတိပြုခဲ့ခြင်းဖြစ်သည်။ ယင်းသဘောတူညီမှုမှာ ကမ္ဘာ့ထိပ်သီးဘဏ္ဍာရေးဗဟိုချက်များထဲတွင် ဟောင်ကောင်ကို တစ်ခုအပါအဝင်ဖြစ်စေရန် ကူညီပေးရာရောက်သည့် စီမံဆောင်ရွက်ချက်တစ်ခုဖြစ်သည်။

ဇူလိုင် ၁ ရက်နေ့ဆိုလျှင် ဟောင်ကောင်သည် ဗြိတိန်လက်အောက်မှ တရုတ်လက်အောက်သို့ ရောက်ရှိခဲ့သည့် ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ထို့အတူ ဟောင်ကောင်ကို အရင်းရှင်စနစ်ဖြင့် ဆက်လက်ထားရှိမည်ဟု သဘောတူခဲ့သည့် နှစ်ပေါင်း ၅၀ ခရီး၏ လမ်းတစ်ဝက်သို့ ရောက်ရှိသည့် ကာလဖြစ်သည်။ ထိုအချိန်တွင် ဟောင်ကောင်၏ စီးပွားရေးအနာဂတ်ကို သုံးသပ်ကြည့်မည်ဆိုပါက မရေရာမှုများဖြင့် ဖုံးလွှမ်းနေမည်ကို မြင်တွေ့ရမည်ဖြစ်သည်။

တရုတ်အပေါ် မှီခိုနေရသည့် ဟောင်ကောင်၏စီးပွားရေးသည် နိုင်ငံရေးမငြိမ်သက်မှုများနှင့် COVID-19 ကပ်ရောဂါကြောင့်  ခက်ခဲစွာရုန်းကန်နေရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ လက်ရှိတွင် ဝန်ထမ်း ၃၀၀ နီးပါးဖြင့် အလယ်အလတ်တန်းစား စတော့ရှယ်ယာပွဲစားလုပ်ငန်းတစ်ခု၏ အလုပ်အမှုဆောင်ချုပ်ဖြစ်နေပြီဖြစ်သည့် ဟျူကမူ ဗြိတိန်၏ လွှဲပြောင်းမှုအလွန် ဟောင်ကောင်၏ စျေးကွက်များသည် စိုးရိမ်ဖွယ်ကောင်းသည့်အခြေအနေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး တရုတ်ကို ယခင်ကထက် ပိုမိုအာရုံစိုက်လာရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

“၁၉၉၇ ခုနှစ်မတိုင်ခင်ကတော့ ဟောင်ကောင်စျေးကွက်ရဲ့ တစ်ဝက်လောက်ဟာ ပြည်ပရဲ့ ရင်းနှီးငွေတွေဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှာတော့ အခြေအနေဟာ တစ်ဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး စျေးကွက်တစ်ခုလုံးကို တရုတ်ရဲ့ ရင်းနှီးငွေက ထိန်းချုပ်သွားခဲ့ပါတယ်” ဟု ဟျူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဆယ်စုနှစ် နှစ်စုအတွင်း တရုတ်၏ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်မှုသည် ဟောင်ကောင်ကို ကြီးမားစွာအကျိုးဖြစ်ထွန်းစေခဲ့ပြီး ဟောင်ကောင်သည် တရုတ်ပြည်မကြီးမှကုမ္ပဏီများအတွက် မုခ်ဝတစ်ခုဖြစ်လာခဲ့ပြီး ပြည်ပစီးပွားရေးလုပ်ငန်းများအတွက်လည်း ယနေ့ခေတ် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်၏စျေးကွက်ထဲသို့ ဝင်ခွင့်ရသည့်တံခါးပေါက်တစ်ခုဖြစ်ခဲ့သည်။

“ဟောင်ကောင်ဟာ လွတ်လပ်စွာကုန်သွယ်မှုနဲ့ ပွင့်လင်းတဲ့ စျေးကွက်စီးပွားရေးအတွက် စံနမူနာတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု တရုတ်လိုလားသည့် ဟောင်ကောင်နိုင်ငံရေးသမား ရက်ဂီနာအစ်ပ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော်လည်း ဟောင်ကောင်သည် ၎င်း၏ကံကြမ္မာကို တရုတ်နှင့် မြဲမြံစွာချိတ်ဆက်နေမှုက တရုတ်အပေါ် အလွန်အကျူးမှီခိုမှုနှင့် မိမိဘာသာ အားရကျေနပ်မှုဖြစ်နေသည့်အခြေအနေများဆီသို့ ရောက်ရှိသွားနိုင်မှုအပေါ် ပညာရှင်များက သတိပေးခဲ့ဖူးသည်။

ယခုနှစ်အတွင်း ဟောင်ကောင်၏ စတော့ရှယ်ယာစျေးကွက်တွင် တရုတ်ကုမ္ပဏီများသည် စျေးကွက်တန်ဖိုး၏ ၈၀ ရာခိုင်နှုန်းခန့်ပါဝင်ခဲ့ပြီး ယင်းသည် ၁၆ ရာခိုင်နှုန်းသာရှိသည့် ၁၉၉၇ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်လာခြင်းဖြစ်သည်။

ထိုအချိန်အတောအတွင်း ဟောင်ကောင်၏ ဂျီဒီပီသည် ၁၉၉၇ ခုနှစ်က တရုတ်ပြည်မကြီး၏ ဂျီဒီပီ ၁၈ ရာခိုင်နှုန်းနှင့်တူညီခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် သုံးရာခိုင်နှုန်းကျဆင်းခဲ့သည်။

ဟျူကမူ ယင်းကဲ့သို့ပြည့်စုံကျယ်ပြန့်သည့် အပြောင်းအလဲကို လက်ခံကြိုဆိုကြောင်း အလေးမထားဟန်ဖြင့် ပြောကြားခဲ့သည်။

“ဒီအခြေအနေဟာ ဘယ်သူက ဆရာကျလဲဆိုတာကို သိနိုင်မယ့် အပြောင်းအလဲတစ်ခုသာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရှိန်အဟုန်ဟာ ဥရောပနဲ့ အမေရိကန်ကို ကျော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတော့မှာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်းက တရုတ်၏စီးပွားရေးနှင့် နိုင်ငံရေးအင်အားသည် လျင်မြန်စွာမြင့်တက်ခဲ့သဖြင့် အနောက်နိုင်ငံများနှင့် တင်းမာမှုများရှိလာခဲ့ကာ ယင်းတင်းမာမှုများသည် ဟောင်ကောင်အပေါ် သက်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရသည် ဟောင်ကောင်တွင် အစိုးရအတိုက်အခံများကို နှိမ်နင်းခဲ့သဖြင့် အမေရိကန်က ဟောင်ကောင်အပေါ် မျက်နှာသာပေးထားသည့် ကုန်သွယ်ရေးဆိုင်ရာအဆင့်အတန်းကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဟောင်ကောင်သည် လုံလောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရတော့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရသည် ဟောင်ကောင်အရာရှိအချို့ကိုလည်း ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

“၁၉၉၇ ခုနှစ်တွေကတော့ ကျွန်တော်တို့ဟာ အရမ်းအရေးပါတဲ့ ကြားခံတစ်ခုအဖြစ် ရပ်တည်နိုင်စွမ်းရှိခဲ့ပါတယ်။ ဒါပေမယ့်အခုအခါမှာတော့ လူတိုင်းဟာ ကျွန်တော်တို့ရဲ့ ကျောထောက်နောက်ခံအခြေအနေနဲ့ပတ်သက်ပြီး သံသယတွေ ပိုများလာခဲ့ပါတယ်” ဟု ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်မှ စီးပွားရေးကထိက ယန်ဝေဟင်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဟောင်ကောင်ဟာ ကြားခံနေရာ ဒါမှမဟုတ် ကြားပွဲစားတစ်ယောက်လို မဟုတ်တော့ဘူးလို့ ကုန်သွယ်ဘက်တွေက ခံစားလာရမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စင်ကာပူကဲ့သို့ ဒေသတွင်းပြိုင်ဘက်များသည်လည်း ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးငွေကြေးဗဟိုချက်နေရာများထဲတွင် ဟောင်ကောင်၏နေရာကို အစားထိုးဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ယန်က ဆိုသည်။

ယင်းဖိအားများအပြင် နိုင်ငံရေးထိန်းချုပ်မှုကို တင်းကျပ်မှုနှင့် တရုတ်၏ ကိုဗစ်ကင်းစင်မူဝါဒကို ကျင့်သုံးနေမှုသည် ဟောင်ကောင်ကို ပိုမိုအခက်တွေ့စေခဲ့သည်။

ကပ်ရောဂါကိုထိန်းချုပ်ရန် တင်းကျပ်သည့် ခရီးသွားလာမှုဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကြောင့် ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့်ရော နိုင်ငံတကာနှင့်ပါ နှစ်နှစ်ကြာ အဆက်ပြတ်သွားခဲ့ပြီး ယင်းအခြေအနေသည် ဟောင်ကောင်မှ ပါရမီရှင်အများအပြား ပြည်ပသို့ ထွက်ခွာသွားစေရသည့် အဓိကအကြောင်းအရာဖြစ်သည်ဟု ဟောင်ကောင်အာဏာပိုင်များက ဝန်ခံခဲ့သည်။

သို့သော်လည်း ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် ဟောင်ကောင်သည် ပြန်လည်နာလန်ထူလာနိုင်လိမ့်မည်ဟု တရုတ်ပြည်မကြီးလိုလားသည့် ဟောင်ကောင်နိုင်ငံရေးသမား ရက်ဂီနာအစ်ပ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဟောင်ကောင်ရဲ့ တည်နေရာအနေအထားဟာ အရမ်းကိုအားသာချက်ရှိနေဆဲဖြစ်ပါတယ်။ ဟောင်ကောင်ဟာ တရုတ်ရဲ့ မုခ်ဝတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးကဏ္ဍမဟုတ်ဘဲ အခြားကဏ္ဍများမှာမူ ဗြိတိန်၏ လွှဲပြောင်းမှုကာလနောက်ပိုင်းတွင် ရုန်းကန်ခဲ့ရသည်။

“ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော်တို့ရဲ့ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်လျော့သွားခဲ့ပါတယ်။ အဲဒါဟာ ဟောင်ကောင်ဒေသခံတွေရဲ့ ကိုယ့်ဘာသာကျေနပ်အားရမှုနဲ့ အမြင်ကျဉ်းမြောင်းမှုတို့ကြောင့်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဟောင်ကောင်ရှိ ဟန်ရှန်းတက္ကသိုလ်၏ဥက္ကဋ္ဌ ဆိုင်မွန်ဟိုက ပြောကြားခဲ့သည်။

ဥပမာအားဖြင့် ဟောင်ကောင်ဆိပ်ကမ်းသည် တစ်ချိန်က ကမ္ဘာပေါ်တွင် အလုပ်အများဆုံးဆိပ်ကမ်းများထဲတွင် တစ်ခုအပါအဝင်အဖြစ် ဆယ်စုနှစ်များစွာကြာ ပါဝင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် အဆင့်သတ်မှတ်ချက်များ လျော့ကျခဲ့သည်။

“အစိုးရဟာ လစ်ဘရယ်လက်သစ်နဲ့ ကြားဝင်မစွက်ဖက်ရေးဝါဒီနဲ့ ချဉ်းကပ်ခဲ့ပြီး လုပ်ငန်းတွေနဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံမူကြမ်းကို  မဖော်ဆောင်ခဲ့ပါဘူး” ဟု ဟိုက ပြောကြားခဲ့သည်။

အာဏာပိုင်များသည် အရင်းအမြစ်များကို သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးကဲ့သို့ ကဏ္ဍများအပေါ်တွင် မြှုပ်နှံခဲ့သော်လည်း ယင်းသည် အိမ်နီးချင်းနည်းပညာဗဟိုချက်ဖြစ်သည့် ရှိန်ကျန်းမြို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးကြောာင်း ဟိုက ပြောကြားခဲ့သည်။

“ဟောင်ကောင်အနေနဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍကို ကိုယ်တိုင်သိရှိနားလည်ဖို့ လိုအပ်နေပါပြီ။ အတိတ်ကာလက ပြည်မကြီးနဲ့ ဘယ်လိုဟန်ချက်ညီအောင် ထိန်းပြီးလုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ဒါဟာ ရေရှည်အတွက်ဆိုရင် ပိုပြီးခက်ခဲလာဖို့ပဲရှိပါတယ်” ဟု ဟိုက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent