ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက် ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက်  ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက် ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက်  ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေး
Published 30 June 2022

ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် များအက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီးတစ်ဦးအား စစ်ဆေးခဲ့ကြောင်း အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇွန် ၃၀ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အထက်ပါအမှုတွင် သြစတြေးလျနိုင်ငံ သား မစ္စတာရှောင်တာနယ်တို့ မူရင်းစွဲဆိုထားသည့် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် စွဲချက်တင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဟောင်း သုံးဦးအား ပုဒ်မ ၃ (၁) (ဂ)/၉ ဖြင့် စွဲချက်ထားကြောင်းနှင့် လာမည့်ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိနေသော ပြန်ခေါ်သက်သေတစ်ဦးအား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို ရဲမှူးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၃ (၁) (ဂ)/၉ သည် အားပေးကူညီမှုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ဇူလိုင် ၇ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) တွင် “မည်သူမဆို နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်စေသောရည်ရွက်ချက်ဖြင့်” ဟု ဖော်ပြထားပြီး ပုဒ်မ (ဂ) တွင် “ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန်ကြံရွယ်၍ အစိုးရလျှို့ဝှက်သင်္ကေတ (Code)၊ ကင်းစကားဝှက် (Password)၊ ပုံကြမ်း၊ အစီအစဉ်၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာရွက်စာတမ်း အမှတ်အသား သို့မဟုတ် သတင်းကိုရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်းပြုလျှင် သို့မဟုတ် သူတစ်ပါးဆက်သွယ်သိရှိစေလျှင်လည်းကောင်း”၊ “ထိုပြစ်မှုသည် တပ်မတော်လုပ်ငန်း၊ လက်နက်တိုက်၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်တည်ရှိရာ၊ ချထားရာ နေရာတစ်ခုခု၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဆိုင်ရာ မိုင်း၊ မိုင်းတွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘောနှင့် လေယာဉ်တစ်ခုခုနှင့် သက်ဆိုင်လျှင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းခံရမည်။ အခြားပြစ်မှုနှင့်သက်ဆိုင်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခြင်းခံရမည်” ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Most Read

Most Recent