တစ်ပတ်အတွင်း အစာမစား၊ အရည်ချည်းသောက်ခဲ့သည့် ဖန်ပင်ပင်းက ၎င်း၏ဝိတ်ချနည်းကို ပရိသတ်များလိုက်မတုပရန် သတိပေး

တစ်ပတ်အတွင်း အစာမစား၊ အရည်ချည်းသောက်ခဲ့သည့် ဖန်ပင်ပင်းက ၎င်း၏ဝိတ်ချနည်းကို ပရိသတ်များလိုက်မတုပရန် သတိပေး
(Photo : AsiaOne)
(Photo : AsiaOne)
Published 30 June 2022

နာမည်ကျော်တရုတ်ရုပ်ရှင်မင်းသမီး ဖန်ပင်ပင်းသည် ခုနစ်ရက်အစာမစားဘဲ အရည်ချည်းသောက်ကာ ကိုယ်အလေးချိန် ၆ ဒသမ ၂၅ ကီလိုဂရမ်ချနိုင်ခဲ့သည်ကို လူမှုမီဒီယာတွင် အသေးစိတ်မျှဝေထားသည်။

သို့သော်ပရိသတ်များက ဖန်၏ပြင်းထန်သည့်ဝိတ်ချနည်းကို သဘောမကျဖြစ်နေကြပြီး ကျန်းမာရေးထိခိုက်စေသည့်နည်းဟုပင် ယူဆနေကြသည်။

ဖန်ပင်ပင်းက ဇွန် ၂၀ ရက်မှ ၂၆ ရက် အထိ တစ်ပတ်အတွင်း မည်သို့ ၀ိတ်ချခဲ့သည် ကို တရုတ်ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Xiaohongshu တွင်တင်ထားပြီး အလုပ်အတွက်သာ ထိုနည်းကိုသုံးခဲ့ခြင်းဖြစ်ကာ ပရိသတ်များလိုက်မလုပ်ရန်လည်း ဖန်ကသတိပေးခဲ့သည်။

၂၀၁၇ ခုနှစ်က ဆေးပညာဂျာနယ်တစ်ခု တွင် အဆိုပါနည်းသည် Bigu ဟုခေါ်သည့် အစာမစားရ (ဂျုံ၊အစေ့အဆန်များကို ရှောင်ရ) သည့်နည်းဖြစ်ပြီး ကျန်းမာအောင်၊ ကိုယ်အလေးချိန်ကျအောင်၊ အသက်ရှည်အောင် ကျင့်သုံးရသည့်နည်းဟု ဆိုထားသည်။

ဖန်ပင်ပင်းအဆိုအရ ၎င်းသည် ခုနစ်ရက်အတွင်း သီးနှံစိမ်အရည်များ၊ ပရိုတင်းမှုန့်ရောစပ်ထားသည့် ဖျော်ရည်များကိုသာ  သောက်ခဲ့သည်။သို့သော်ကိုယ်လက်လေ့ကျင့်ခန်းအဖြစ် လမ်းလျှောက်ခြင်းနှင့် ယောဂကိုလည်း ဖန်ကပြုလုပ်ခဲ့သည်။ပထမဆုံးနေ့မှာပင် ဖန်က ခြောက်ကီလိုမီတာခန့်အထိ  လမ်းလျှောက်ခဲ့သည်။

သုံးရက်မြောက်နေ့ညတွင် နည်းနည်း ဗိုက်ဆာသည်ဆိုသည့် ဖန်က သုံးရက်မြောက် နေ့မှာပင် ကိုယ်အလေးချိန် ၃ ဒသမ ၆ ကီလို ဂရမ်ကျသွားပြီဖြစ်ကာ ငါးရက်မြောက်နေ့ တွင် ၅ ဒသမ ၁ ကီလိုဂရမ်ကျသွားခဲ့သည်။

“အရမ်းပေါ့ပါးသွားတယ်လို့ခံစားရတယ်။အလုပ်မှာအိပ်လည်းမငိုက်ဘူး၊ စိတ်နောက်တာမျိုးလည်း မဖြစ်တော့ဘူး။ လန်းဆန်းနေတယ်” ဟု  ဖန်ကဆိုသည်။

သို့သော်လည်းပရိသတ်အချို့က ငါးရက်မြောက်နေ့တွင် ဖန်၏ကျန်းမာရေးကို အားမရဖြစ်နေကြပြီး ဖန်၏ပုံစံမှာအားနည်း ပုံပေါက်နေသည်၊ စကားပြောပုံမှာ အားမရှိ ၊ တုံ့ပြန်မှုများနှေးကွေးလာသည်ဟု ထောက်ပြကြသည်။အချို့ကလည်း အဆိုပါနည်းသည်  ရေရှည်တွင် ထိရောက်မည်မဟုတ်ဘဲ ကျန်းမာရေးကိုထိစေမည်ဟုဆိုကြသည်။

ဖန်သည် ယခင်ကလည်း ထိုနည်းကို ၁၀ ရက်ကြာပြုလုပ်ခဲ့ဖူးသည်။

Most Read

Most Recent