တရုတ်ထံသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခဲ့သည့် နှစ်ပတ်လည်အခမ်းအနားတက်ရောက်ရန် သမ္မတရှီကျင်းပင် ဟောင်ကောင်သို့ရောက်ရှိ

တရုတ်ထံသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခဲ့သည့် နှစ်ပတ်လည်အခမ်းအနားတက်ရောက်ရန် သမ္မတရှီကျင်းပင် ဟောင်ကောင်သို့ရောက်ရှိ
ဟောင်ကောင်သို့ ရောက်ရှိလာပြီးနောက် မိန့်ခွန်းပြောကြားနေသည့် တရုတ်သမ္မတ ရှီကျင်းပင်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ် (Photo : AFP)
ဟောင်ကောင်သို့ ရောက်ရှိလာပြီးနောက် မိန့်ခွန်းပြောကြားနေသည့် တရုတ်သမ္မတ ရှီကျင်းပင်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ် (Photo : AFP)
Published 30 June 2022
Ref : AFP

ဗြိတိန်၏ အုပ်ချုပ်မှုအောက်မှ တရုတ်ထံသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခဲ့သည့် ၂၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန်အတွက် တရုတ်သမ္မတ ရှီကျင်းပင်သည် ဇွန် ၃၀ ရက်က ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသသို့ ရောက်ရှိ လာခဲ့သည်။

သမ္မတ ရှီကျင်းပင်သည် COVID-19 ကပ်ရောဂါ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်မကြီး ပြင်ပသို့ ပထမဆုံးအကြိမ် သွားရောက်မှုအဖြစ် ဟောင်ကောင်သို့ မြန်နှုန်းမြင့် ရထားဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ ၎င်း၏ဇနီးဖြစ်သူ ဖန်းလိယွမ်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့လည်း အတူလိုက်ပါလာခဲ့သည်ဟု သိရသည်။ ရထားဘူတာ၌ ကျောင်းသူကျောင်းသား ကလေးငယ်များက အလံများ၊ ပန်းစည်းများ ဝှေ့ယမ်းကိုင်ဆောင်ကာ သမ္မတရှီကို ကြိုဆိုခဲ့ကြပြီး ခြင်္သေ့အကဖြင့်လည်း ကပြကြိုဆိုခဲ့ကာ စိစစ်ရွေးချယ်ထားသော သတင်းမီဒီယာ အချို့လည်း လာရောက်သတင်းယူခဲ့သည်။

သမ္မတရှီ၏ ခရီးစဉ်အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသကဲ့သို့ ထိုခရီးစဉ်အတွက် လုံခြုံရေးအင်အားကိုလည်း အလုံးအရင်း ချထားခဲ့သည်။

ဟောင်ကောင်အစိုးရ ခေါင်းဆောင်များသည် တင်းကျပ်သော ကိုဗစ်ထိန်းချုပ်ရေးစနစ်များကို ချမှတ်ကာ ဟောင်ကောင်၏ နေရာအချို့ကိုလည်း ပိတ်ထားပြီး ဂျာနယ်လစ် အများအပြားကို ဇူလိုင် ၁ ရက်တွင် ပြုလုပ်မည့် အမိမြေသို့ ဟောင်ကောင်ပြန်လည် ရောက်ရှိသည့် နှစ်ပတ်လည် အခမ်းအနားများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် တစ်ခါတစ်ရံ အဓိကရုဏ်းအသွင် ရောက်ရှိသွားသည့် ဧရာမဆန္ဒပြပွဲကြီးများ ဖြစ်ပွားခဲ့ပြီး နောက် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် တရုတ်အစိုးရက အလွန်ကျယ်ပြန့်သည့် အမျိုးသားလုံခြုံရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့သည်။

သမ္မတ ရှီကျင်းပင်သည် တရုတ်ပြည်မရှိ ဟောင်ကောင်နှင့် ထိစပ်နေသော ရှန်ကျန်း ပြည်နယ်တွင် ညအိပ်ဖွယ်ရှိသည်ဟု သိရ သည်။

အဆင့်အမြင့်ဆုံး အစိုးရ တာဝန်ရှိသူများ အပါအဝင် ထိုခရီးစဉ်အတွင်း သမ္မတရှီနှင့် အနီးကပ်လိုက်ပါလာသူများအား လူအများနှင့် ထိတွေ့ဆက်ဆံခြင်းကို ကန့်သတ်ထားပြီး နေ့စဉ် ပီစီအာရ်စစ်ဆေးမှု ခံယူရကာ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်း ဟိုတယ်ကွာရန်တင်း ဝင်စေခဲ့သည်ဟု သိရသည်။

ဟောင်ကောင် အာဏာပိုင်များသည် သမ္မတရှီ၏ ခရီးစဉ်အတွင်း စိတ်အနှောင့်အယှက်ဖြစ်စေမည့် အခြေအနေမှန်သမျှကို တားဆီးရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်အတွင်း လူကိုးဦးထက်မနည်းကို အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဇူလိုင် ၁ရက် နှစ်ပတ်လည်နေ့တွင် ဟောင်ကောင်၌ လူသောင်းနှင့်ချီ လမ်းပေါ်ထွက်၍ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးချီတက်မှုများ ပြုလုပ်လေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် လုံခြုံရေး တင်းကျပ်မှုများကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ယင်းကဲ့သို့ လူအများ အပြား စုဝေးမှုများကို မတွေ့ရှိရတော့ပေ။

အာဏာပိုင်များသည် သမ္မတရှီ၏ ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ သတင်းယူမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး ပြည်တွင်းပြည်ပမှ ဂျာနယ်လစ် ၁၃ ဦးသည် ဟောင်ကောင် နှစ်ပတ်လည် အခမ်းအနားများသို့ တက်ရောက်သတင်းယူခွင့် ပယ်ချခံခဲ့ရသည်။ ဟောင်ကောင်တွင် လမ်းမများကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ထားခဲ့ပြီး တစ်မြို့လုံး၌ ဒရုန်းလွှတ်တင်မှုများကို လုံခြုံရေး အကြောင်းပြချက်အရ ရဲတပ်ဖွဲ့က ယာယီပိတ်ပင်ထားသည်ဟု သိရသည်။      

Most Read

Most Recent