ပေါင်မြို့နယ် ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ပေါင်မြို့နယ် ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 30 June 2022
ဘိုဘိုမြင့်

ပေါင်မြို့နယ် အုန်းတပင်ကျေးရွာ နှင့် နတ်ကြီးချောင်ကျေးရွာချင်းဆက်လမ်းတွင် ဇွန်လ ၂၉ ရက် ည ၇ နာရီ ခန့်က ပေါင်မြို့၊ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူမှာ ပေါင်မြို့၊ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွေးသိန်း ဆိုသူဖြစ်ကြောင်း နှင့် ၎င်းနှင့်အတူပါလာသူ အုန်းတပင်ကျေးရွာမှ ကိုဇော်ဇော် တွင်လည်း သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပီး “ဦးထွေးသိန်း နဲ့ ကိုဇော်ဇော်တို့က အုန်းတပင်ရွာဘက်ကနေ နတ်ကြီးချောင်ရွာဘက်ကို ဆိုင်ကယ်နဲ့သွားတဲ့အချိန်မှာ ဆိုင်ကယ်တစ်စီးက ကျော်တက်လာပြီးတော့ သေနတ်နဲ့ပစ်သွားတာလို့ သိရတယ်” ဟု ပြောကြားသည်။

ဦးထွေးသိန်း မှာ သေနတ်ဒဏ်ရာ (၂) ချက်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရတယ်။ ကိုဇော်ဇော်က ခြေထောက်မှာ သေနတ်ဒဏ်ရာရသွားတယ်လို့ သိရတယ်။ အခင်းဖြစ်ပြီး သူတို့ကို မုတ္တမဆေးရုံကို ပို့ဆောင်လိုက်တယ်လို့သိရတယ်။ ဦးထွေးသိန်းရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့မနက်ပိုင်းမှာ ပေါင်မြို့ကိုပြန်သယ်လာတယ်လို့ သိရပါတယ်” ဟု ၎င်းဒေသခံ ကဆက်လက် ပြောကြားသည်။

ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ရှာဖွေ၊ စစ်ဆေးခြင်းများလုပ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၇) ရက် ည (၉) နာရီအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်မင်းဦး မှာလည်း မုပ္ပလင်ကျေးရွာမှ မရမ်းချောင်ကျေးရွာဘက်သို့ပြန်လာစဉ် လမ်းတွင် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent