မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့်မီးပွိုင့်တွင် တောင်ဒဂုံမြို့နယ်လျှပ်စစ်မန်နေဂျာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွား

မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့်မီးပွိုင့်တွင် တောင်ဒဂုံမြို့နယ်လျှပ်စစ်မန်နေဂျာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွား
Published 30 June 2022

မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့်မီးပွိုင့်တွင် တောင်ဒဂုံမြို့နယ်လျှပ်စစ်မန်နေဂျာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဇွန် ၂၉ ရက် ည ၈ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

မြောက်ဒဂုံမြို့နယ် (၄၆)လမ်းဆုံဘက်မှ ပင်လုံလမ်းအတိုင်း ဘေလီတံတားဘက်သို့ ဦးဝင်းမြင့်ဇော်ဆိုသူမှာ Kluger အနက်ရောင်ယာဉ်အား မောင်းနှင်လာစဉ် ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့်မီးပွိုင့်အရောက်တွင် အမည်မသိ

သေနတ်သမားက ဦးဝင်းမြင့်ဇော်အား ပစ်သတ်ခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။ 

'' သေနတ်သံကြားလို့ ထွက်ကြည့်တာ ကားတစ်စီးက သင်းဝင်လမ်းထောင့်မှာ လမ်းဘေးထိုးကျနေတယ်။ အဲဒီကျမှ ယာဉ်မောင်းတဲ့သူကို သေနတ်နဲ့ပစ်သတ်သွားတာလို့ သိရတယ်။ သေနတ်နဲ့ပစ်သတ်ခံရတဲ့သူက တောင်ဒဂုံလျှပ်စစ် မန်နေ ဂျာတစ်ဦးလို့ ပြောနေတာတော့ ကြားတယ်။ သေဆုံးတဲ့သူကိုတော့ မြောက်ဥက္ကလာဆေးရုံ ပို့လိုက်တယ် " ဟု အနီးနေထိုင်သူများက ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခံရသည် အမျိုးသားမှာ မေးစေ့ယာဘက် ထိမှန်ဒဏ်ရာတစ်ချက်၊ လက်ဝဲဘက်ပါးဖောက်ဝင်ဒဏ်ရာတစ်ချက်၊ လက်ဝဲဘက်နံဘေး ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ လက်ယာဘက် နံဘေးဖောက်ဝင်ဒဏ်ရာနှစ်ချက် နှင့် ကျောကုန်းလက်ယာဘက်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ကျည်ခွံခြောက်ခု၊ ကျည်ထိပ်ဖူးတစ်ခု နှင့် ကျည်တစ်ထောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူအမျိုးသားမှာ တောင်ဒဂုံမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းမြင့်ဇော် ဖြစ်ပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent