ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေသည် ၁၉၇၀ ပြည့်နှစ်ကာလများကကဲ့သို့ ငွေကြေးဖောင်းပွမှုနှင့် စျေးကွက်ကျဆင်းမှု တစ်ပြိုင်တည်းဖြစ်ပေါ်သည့် အခြေအနေသို့ ကျဆင်းသွားနိုင်သည့် အန္တရာယ်များရှိနေသည်ဟု ကမ္ဘာ့ဘဏ်က နှစ်စဉ် ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချထုတ်ပြန်ကာ ဇွန် ၇ ရက်က သတိပေးခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှုနှုန်း အားနည်းနေပြီး စျေးနှုန်းများမြင့်တက်နေသည့် အခြေအနေနှစ်ရပ်ပေါင်းစည်းမှုသည် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးကို နာလန်ပြန်ထူရန် ရုန်းကန်နေရဆဲဖြစ်သည့် ဒါဇင်နှင့်ချီသည့် ဆင်းရဲသည့်နိုင်ငံများတွင် ကြီးမားသည့်ဆင်းရဲဒုက္ခများ ဖြစ်လာနိုင်စေသည်ဟုဆိုကြောင်း AFP သတင်းတွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ဇွန် ၇ ရက်က ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်တွင် ၂ဒသမ၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ယူကရိန်းစစ်ပွဲကြောင့် ဇန်နဝါရီ လက ခန့်မှန်းချက်ထက် ၁ ဒသမ၂ ရာခိုင်နှုန်း ထပ်မံလျှော့ချခဲ့သည်။ငွေကြေးဖောင်းပွမှုနှင့် စျေးကွက်ကျဆင်းမှုအခြေအနေသည် ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် တည်ငြိမ်မှုပျက်ပြားစေမည့် အကျိုးဆက်များ သက်ရောက်လာနိုင်ခြေရှိသည်ဟု ဆင်ခြင်စဉ်းစားနိုင်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေးဗစ်မယ်လ်ပက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“နိုင်ငံအများစုမှာ စီးပွားရေး ကျဆင်းတဲ့ အခြေအနေကို ရှောင်လွှဲဖို့ ခက်ခဲပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းအခြေအနေမျိုး ဖြစ်ပွားလာပါက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ပိုမိုသိသာစွာ နှေးကွေးသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း စီးပွားရေးကျဆင်းသည့်အခြေအနေကို ရောက်ရှိစေနိုင်သည်ဟု မယ်လ်ပက်စ်က သတိပေးခဲ့သည်။
ယူကရိန်းစစ်ပွဲသည် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် အခြေအနေအရပ်ရပ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖင့်နှေးမှုတို့ကို ပိုမိုဆိုးရွား စေခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု ချည့်နဲ့သည့် ရှည်ကြာသော အချိန်ကာလနှင့် ငွေကြေးဖောင်းပွမှုတို့ကို မြင့်တက်စေသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ “ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာများ” ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကပ်ရောဂါကာလက စီးပွားရေးကျဆင်းမှုမှ ပြန်လည်နာလန်ထူခဲ့သည့် ၂၀၂၁ ခုနှစ်၌ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၅ဒသမရ ရာခိုင်နှုန်းအထိ ပြန်လည် နာလန်ထူနိုင်ခဲ့ပြီးနောက် ယခုထုတ် ပြန်ချက်အရ နှစ်ပေါင်း ၈၀ ကျော်အတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုမှ ကနဦးအဆင့် နာလန် ထူမှုအပြီးတွင် အဆိုးရွားဆုံးအဆင့်အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေကို ဖွံ့ဖြိုး တိုးတက်မှုများ တန့်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမြင့်တက်နေသည့် ၁၉၇၀ ပြည့်နှစ်က အခြေအနေများနှင့်တူညီမှုရှိနေသည်ဟုကမ္ဘာ့ဘဏ် ၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
သို့သော်လည်း ယင်းကာလများက အမေရိကန်ဒေါ်လာသည် ခိုင်မာမှုရှိနေပြီး အဓိကငွေကြေးဆိုင်ရာ အင်စတီကျူးရှင်းများမှာလည်း ခိုင်မာခဲ့သည့်အခြေအနေများသည် လက်ရှိအခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
IMF ၏ တာဝန်ရှိသူတစ်ဦးက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် အခြေအနေများ ဆက်လက်ယိုယွင်းနေချိန်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ယခုနှစ်အ တွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို နောက်တစ်ကြိမ် လျှော့ချရန် မျှော်မှန်းထားသည်ဟု ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။
IMF သည် ဧပြီလက ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ GDP ကို ၄ဒသမ ၄ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး လက်ရှိတွင် အကျပ်အတည်းများစွာ ဖြစ်ပွားနေသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ၎င်းက ဆိုသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ကလည်း ယူကရိန်းပဋိပက္ခကြောင့်GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၃ ဒသမ ၀ အထိ လျှော့ချခဲ့ပြီး ယင်းသည် ဒီဇင်ဘာလက ခန့်မှန်းချက်ဖြစ်သည့် ၄ ဒသမ ၅ ရာခိုင်နှုန်းမှ လျှော့ချခဲ့ခြင်း ဖြစ်သည်။
ထို့ပြင်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို ဆင်းရဲသည့် နိုင်ငံများက အများဆုံးခံစားရ လိမ့်မည်ဖြစ်ပြီး ယင်းနိုင်ငံများသည် စားနပ်ရိက္ခာအနည်းငယ်အတွက် ငွေကြေးများစွာသုံးစွဲရလိမ့်မည်ဟု ကုလသမဂ္ဂက ဇွန် ၉ ရက်တွင် သတိပေးခဲ့သည်။
ယူကရိန်းပဋိပက္ခကြောင့် ကောက်ပဲသီးနှံစျေးနှုန်းများ မြင့်တက်ခဲ့သဖြင့် ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဝယ်ယူသည့် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁ ဒသမ ၈ ထရီလျံအထိ စံချိန်တင်ရှိခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်တွင် နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းမှုတွင် မြန်မာ့စီးပွားရေး အခြေအနေကို မခန့်မှန်းတော့ဘဲ ချန်လှပ်ထားကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးအလားအလာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှအပ ကျန်အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံအားလုံး စီးပွားရေးတိုးတက်မှုရှိနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပြီး အရှေ့အာရှနှင့်ပစိဖိတ်ဒေသ (EAP) နိုင်ငံအတွင်း စီးပွားရေး အလားအလာခန့် မှန်းချက်မှ ဖယ်ထုတ်ခြင်းခံရသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။
အာဆီယံနိုင်ငံများအတွင်း ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုများရှိသည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်၏ စီးပွားရေးအခြေအနေများကို ခန့်မှန်းနိုင်စွမ်းမရှိတော့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းတွင်ကျန်းမာရေးဘေးအန္တရာယ်မှ ကံကောင်းစွာ သက်သာရာရခဲ့သော်လည်း တတိယလှိုင်းတွင် မြန်မာနိုင်ငံက အလူးအလဲခံစားခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသော စီးပွားပျက်ကပ် အန္တရာယ်လှိုင်းလုံး၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားလျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါအပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲကြောင့်ဖြစ်ပေါ်ခဲ့သည့် သက်ရောက်မှုကိုပါ တစ်ပူပေါ် နှစ်ပူဆင့်သလို ခံစားနေရသည်။ နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ဓနကြွယ်ဝမှု၊ ဘဏ္ဍာရေးအခြေအနေ အားနည်းသည့်နိုင်ငံဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးသည့် ပြည်သူအများအပြားရှိနေ သည့်နိုင်ငံဖြစ်ခြင်းကြောင့် စီးပွားပျက်ပါက ထိခိုက်နိုင်သည့်လူအများအပြားကို ကယ်ဆယ်နိုင်ရေးမှာ စိန်ခေါ်မှုများစွာ ရှိနေသည်။
ကပ်ရောဂါ၏ ကာလကြာရှည်စွာ သက်ရောက်မှုဒဏ်ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့်စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့် မြင့်မားစွာရှိနေသည်။
စီးပွားရေး လုပ်ရကိုင်ရခက်ခဲလာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများလည်း နည်းပါးလာခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်းချီ လျော့နည်းပျောက်ဆုံးလာသကဲ့သို့ မြို့ပြတွင်ရော ကျေးလက်တွင်ပါ အလုပ်အကိုင် ဆုံးရှုံးသွားသူပေါင်းများစွာ ရှိလာခဲ့သည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများစု လုပ်ရကိုင်ရခက်ခဲခဲ့သည်မှာ ကာလအတန်ကြာနေပြီး လက်ရှိအခြေအနေတွင် လုပ်ကိုင်ရ ခက်ခဲသည့်အခြေအနေမှ ရပ်ဆိုင်းလုနီးပါး အခြေအနေသို့ ရောက်ရှိလာနေပြီကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ ရရှိသော သတင်းများအရ သိရသည်။
“ပြောရရင် အခုကာလက အားလုံးခက်ခဲနေတဲ့ကာလပေါ့ဗျာ။ လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရခက်ခဲနေသလို ဝန်ထမ်းတွေ အလုပ်သမားတွေကိုလည်း လခတိုးမပေးနိုင်တဲ့အပြင် လျှော့ပါပေးနေရတယ်။ အဲဒီတော့ ဝန်ထမ်းတွေလည်း မလောက်ငှကြဘူး။ စက်ရုံတွေပိတ်လိုက်ရတော့ အလုပ်ပြုတ်သွားတဲ့ အလုပ်သမား သောင်းနဲ့ချီရှိတယ်။ သူတို့ ဘာဆက်လုပ်ကြမလဲ။ အလုပ်ရှင်တွေဘက်ကလည်း ဆက်လုပ်ဖို့ ဘယ်လိုမှမဖြစ်တော့တာကြောင့် လက်ရှိ အခြေအနေတွေကြောင့် ပိတ်လိုက်ရတဲ့သူ တွေရှိတယ်။ အမျိုးစုံပေါ့ဗျာ။ နောက်ဆုံးတော့ စီးပွားရေးမကောင်းတော့ အကုန်ဒုက္ခရောက်ကြတာပေါ့”ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းစရိတ်စကများနှင့် ပို့ဆောင်ခများ မြင့်တက်လာခြင်း၊ စျေးနှုန်းများ မြင့်တက်လာခြင်း နှင့် ဒေါ်လာငွေလဲလှယ်နှုန်း အခြေမသာခြင်းတို့က စရိတ်စကဝန်ထုပ်ဝန်ပိုးများ တိုးမြှင့်ပေးခဲ့ကာ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ မေလတွင် တန့်နေခဲ့ကြောင်း ၂၀၂၂ ခု နှစ် မေလအတွက် ထုတ်ပြန်သည့် S & P Global မြန်မာထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index- ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်း) စစ်တမ်းတွင် ဖော်ပြထားသည်။
ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် ထုတ်လုပ်မှုသည် ဧပြီလတွင် ခဏတဖြုတ်တိုးလာခဲ့သည့်နောက် မေလတွင် အကျဘက်ကို ပြန်လည်ဦးတည်ခဲ့ကြောင်း၊ သို့သော်လည်း ကျဆင်းသွားသည့်နှုန်းမှာမူ အသင့်အတင့်မျှသာရှိကြောင်း၊ ယင်းကျဆင်းမှုကို အော်ဒါအသစ်များ အနည်းငယ်ကျဆင်းလာမှုနှင့် တိုက်ဆိုင်ခဲ့ကြောင်း၊ ဖောက်သည်များ၏ ငွေရေးကြေးရေး အခက်အခဲများကြောင့် ထိုသို့ ကျဆင်းလာခဲ့ရသည် ဟု အများစုက ဖော်ပြကြကြောင်း သိရသည်။
“မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကုမ္ပဏီများရဲ့ လုပ်ငန်းအခြေအနေများအနေနဲ့ မေလမှာ ကျယ်ပြန့်စွာ တန့်လာခဲ့ပါတယ်။ရောင်းချရမှုများ အားလုံးမသိမသာ ဆုတ်ယုတ်လာခဲ့ပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်တွေစံချိန်တင်တိုးလာခဲ့တဲ့ အကြားတွင် ထုတ်လုပ်မှု ပြန်ကျလာခဲ့ခြင်းမှာ မှတ်သားရမယ့် အချက်ပါ။ အလုပ်ခန့်မှုအညွှန်းကိန်းမှာ တိုးတက်မှုနယ်ပယ်ထဲတွင်ရှိနေသော် လည်း စစ်တမ်း၏နောက်ဆုံးလအတွင်းမှာ အရှိန်ကျလာခဲ့လျက် နည်းပါးတဲ့အလုပ်ခန့်မှုနှုန်းကိုသာ ညွှန်ပြနေပါတယ်” ဟု S & P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
ထုတ်ကုန်စွမ်းအားကိုတိုးချဲ့ရန်နှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ် အရှိန်မြှင့်ပေးရန် ကြိုးပမ်းမှုအဖြစ် ကုမ္ပဏီများက ဝန်ထမ်းဦးရေကို တိုးချဲ့ခန့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သို့သော်လည်း အလုပ်သမားများကိုရှာဖွေရာတွင် ကုမ္ပဏီများ အနေဖြင့် အခက်အခဲများတွေ့ရသောကြောင့် အလုပ်နေရာဖန်တီးမှုနှုန်းမှာ ဧပြီလထက် အားပျော့ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
စျေးနှုန်းများကို လေ့လာကြည့်ပါကလည်း မေလတွင် ငွေကြေး ဖောင်းပွမှု ဖိအားပေးမှုများ မြင့်မား လျက်ရှိနေပြီး သွင်းကုန်စုစျေးနှုန်း များ၏ ဖောင်းပွမှုနှုန်းမှာ ဧပြီလထက် မသိမသာမြန်လာခဲ့သည်။
ပစ္စည်းများ ရှားပါးမှု၊ ငွေလဲလှယ်နှုန်း အခြေမသာခြင်းနှင့် ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်း အားလုံးတို့သည် စရိတ်စကများ နောက်ဆုံးမြင့်တက်လာမှု၏အကြောင်းရင်းများ ဖြစ်ကြသည်။ ကုမ္ပဏီများက သွင်းကုန်ကုန်ကျစရိတ် မြင့်တက်လာမှုကို ကာမိစေရန် မိမိတို့၏ ရောင်းစျေးများကို ဆက်လက်ပြီး မြှင့်တင်ခဲ့ကြသော်လည်း ရောင်းစျေးများ၏ ဖောင်းပွမှုနှုန်းမှာ မေလ တွင် လေးလအတွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့သည်။
“ပစ္စည်းပေးသွင်းသူတို့ဘက်က ပျက်ကွက်မှုတွေ၊ စျေးနှုန်းများ မြင့်တက်လာမှုတွေနဲ့ ငွေလဲနှုန်းအခြေမသာခြင်း အားလုံးတို့က ကုန်ကျစရိတ်တွေကိုတိုးမြှင့်စေခဲ့ပြီး အားနည်းနေခဲ့ပြီးသား ဝယ်လိုအား ကားချပ်ပုံအပေါ်ကို ဖိစီးခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံး နိုင်ငံရေးအခြေအနေ မရေရာမှုတွေနဲ့ နိုင်ငံဘက် က COVID-19 ကို တုံ့ပြန်မှု နှေးကွေးနေခြင်းတို့က အနာဂတ် မျှော်လင့်ချက်တွေအတွက် အန္တရာယ်များ တိုးမြင့်စေခဲ့ပါတယ်”ဟု စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ်ပြောကြားခဲ့သည်။
နောက်ဆုံးအနေဖြင့် လာမည့် ၁၂ လ အတွက် ထုတ်လုပ်မှုဆိုင်ရာ အကောင်းမြင်မှု အဆင့်မှာ မေလ တွင် မသိမသာအားသန်လာခဲ့သော်လည်း သမိုင်းစဉ်ဒေတာနှင့်ယှဉ်ကြည့်လျှင် အားပျော့လျက် ရှိနေဆဲပင်ဖြစ် ကြောင်း၊ စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့ကြသူ လေးရာခိုင်နှုန်းကသာ လာမည့်နှစ်ထဲတွင် ထုတ်လုပ်မှုတိုးလာမည်ဟု ခန့်မှန်းကြချိန်တွင် အပြောင်းအလဲရှိမည်မဟုတ်ဟု မျှော်လင့်ခဲ့သူ ၉၆ ရာခိုင်နှုန်းရှိခဲ့သောကြောင့် လုပ်ငန်းများ၏ ယုံကြည်မှုမှာ အားနည်းခဲ့ရခြင်းဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ အကျပ်အတည်းနှင့် နိုင်ငံရေးအပြောင်းအလဲကာလအတွင်း ကုစားမှုမှ ပြန်လည်ထူထောင် နိုင်ရေးအထိ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍစီးပွားရေးမှာ အဓိက အကျဆုံးဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်မှသာ ပြည်သူလူထု၏အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများအတွက် အာမခံချက်ရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးအသိုက်အဝန်းလည်း ပုံမှန်လည်ပတ်နေမည် ဖြစ်သည်။
မြန်မာ့စီးပွားရေးသည် အစဉ်အဆက်အားနည်းခဲ့သလို ကိုဗစ် -၁၉ နှင့် လက်ရှိအကျပ်အတည်းများကြောင့် ဗုန်းဗုန်းမလဲရေးအတွက် ပြန်၍ထောက်ကူရာတွင် အဓိကကျောရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရေးကလည်း လက်ရှိအချိန်အထိ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
သို့ဖြစ်ရာ မပြေလည်သေးသည့်ဘဏ်လုပ်ငန်းအကျပ်အတည်း၊ နိုင်ငံခြားငွေလဲနှုန်းဂယက်၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်လာမှု၊စက်သုံးဆီစျေး အခြေအနေနှင့် မလွဲမသွေ ဖြစ်ပေါ်လာသည့် စီး ပွားရေးကျဆင်းမှုကို ကုစားရန် မှန်ကန်သည့် မူဝါဒများချမှတ်အကောင်အထည်ဖော်ရန် မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။










