မိုးပျံနေဆဲ ဒေါ်လာ

မိုးပျံနေဆဲ ဒေါ်လာ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
Published 26 June 2022
စောနိုင် (အသုံးချဘောဂဗေဒ)

(၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် မေလအထိ ဒေါ်လာစျေး အခြေအနေ ယေဘုယျရှုမြင်ချက်)

(၁) မိုးပျံပူဖောင်းကို အားလုံးတွေ့ ဖူးမြင်ဖူးသည်။ အခြားပူဖောင်းများနှင့်မတူဘဲ ကမ္ဘာမြေပြင်၏ ဆွဲအား (gravity) ကို ဆန့်ကျင်လျက် ကောင်းကင်ဘက်သို့ မြင့်တက်နိုင်စွမ်းရှိသည့် ပူဖောင်း မဟုတ်ပါလော။ အမြင့်သို့ တက်နိုင်သည့်အစွမ်းရှိနေခြင်းမှာ ၎င်းထဲတွင်ထည့်သွင်းထားသောဟိုက်ဒြိုဂျင်ဓာတ်ငွေ့၏ လေထက် ပေါ့ပါးလွန်းခြင်းဂုဏ်သတ္တိကြောင့်ဖြစ်ကြောင်း  အားလုံး သိပြီးလည်းဖြစ်၏။

ယခု မြန်မာ့စီးပွားရေး အဆောက်အအုံအတွင်း ဒေါ်လာစျေးနှုန်းသည် မိုးပျံပူဖောင်းကဲ့သို့ပင် အရှိန်ပါလျက် ကောင်းကင်အမြင့်သို့ တက်နေခဲ့သည်မှာ ကြာပြီ။   အားလုံး မည်သို့မှဆွဲချနိုင်စွမ်းမရှိ။  

ဝေဒနာကိုယ်စီဖြင့်ကြည့်နေကြရုံမျှသာ။ ထိုဝေဒနာသည် ငယ်စဉ် ကလေးဘဝက မိုးပျံပူဖောင်းလေးများ ကောင်းကင်ပေါ် ပျံတက်သွားသည်ကိုမြင်ရသည့်အခါ ဖြစ်ပေါ်ခံစားရသည့် စိတ်လှုပ်ရှား ပျော်ရွှင်ဝမ်းမြောက်သည့်ခံစားမှု ဝေဒနာ မျိုးတော့မဟုတ်။ မိမိတို့၏အိတ်ကပ် ထဲရှိ မထိရ မကိုင်ရဘဲတန်ဖိုး လျော့သွားသည့် ပြည်တွင်းသုံးငွေစက္ကူ များကိုကြည့်လျက် စိုးရိမ်သောက ဖိစီးနေရသည့် ဝေဒနာမျိုးသာ။

(၂) နိုင်ငံများစွာနှင့် စီးပွားရေး၊ ကုန်သွယ်ရေးအဆက်အစပ်ရှိသည့် နိုင်ငံတိုင်း ဒေါ်လာငွေလဲလှယ်နှုန်း၏ သက်ရောက်မှုကို ခံစားကြရသည်။ ဒေါ်လာငွေကို ဘုံငွေကြေး တစ်ရပ်သဖွယ် လက်ခံအသုံးပြုခဲ့ကြသည့်  ဘရက်တန်ဝုဒ်စနစ် (Bretton Wood System) နိဂုံးချုပ်သွားသော်လည်း ဒေါ်လာသည် ကမ္ဘာ့ငွေကြေး

ပလ္လင်ပေါ်တွင် ခန့်ညားစွာရှိနေဆဲပင်။ ယနေ့ကာလအထိ  နိုင်ငံအများစု ဘုံထားသုံးစွဲသော ငွေမာဖြစ်နေဆဲဖြစ်၏။

ထို့ကြောင့် နိုင်ငံတကာ စီးပွားရေး ကိစ္စရပ်များအတွက် ဒေါ်လာ ငွေကြေး၏ အပြောင်းအလဲ၊ အလှုပ်အရှား၊ အရိပ်အခြည်တို့ကို အမြဲမပြတ်သတိထားနေကြရသည်။  ဒေါ်လာငွေ၏ မိခင်နိုင်ငံ အမေရိကန်၏ စီးပွားရေး၊ အမေရိကန်ဗဟိုဘဏ်၏မူဝါဒတို့ကိုကြည့်၍ နိုင်ငံတကာ စီးပွားရေး အခြေအနေ၊ တစ်နိုင်ငံချင်း၏ စီးပွားရေးအခြေအနေများကိုပါ  ကြိုတင်ခန့်မှန်းသုံးသပ်၊ ကြိုတင်ပြင်ဆင်နေကြရသည်။

ထို့သို့ မျက်စိဒေါက်ထောက် ကြည့်နေရသော ဒေါ်လာငွေသည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး ငွေကြေးတော့မဟုတ်ပေ။ နှိုင်းယှဉ်လဲလှယ်နှုန်းများကို လေ့လာကြည့်သည့်အခါ ၎င်းထက်တန်ဖိုး ပိုမိုမြင့်မားသည့် ငွေကြေးများရှိသကဲ့သို့

(ဥပမာ ဗြိတိသျှပေါင်စတာလင်နှင့် ယူရိုငွေကြေး)၊ ၎င်း၏တန်ဖိုးနှင့်  အလွန်အလှမ်းကွာ၊ နိမ့်လွန်းလှ သောငွေကြေးများ  (ဥပမာ ဗင်နီဇွဲ လားနိုင်ငံသုံးငွေကြေး ဗင်နီဇွဲလီယံ ဘိုလီဘာ) လည်းရှိသည်။ အာဆီယံ ဒေသကိုကြည့်ပါကလည်း ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယားငွေကြေးတို့သည် ဒေါ်လာ နှင့် နှိုင်းယှဉ်လဲလှယ်ပါက ပမာဏအားဖြင့် မြန်မာငွေကြေးကျပ်ငွေထက်  ပိုမိုများပြားသည်ကို တွေ့ရ လိမ့်မည်။ ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက် ပေါက်စျေးနှုန်းအရ အမေရိကန် တစ်ဒေါ်လာလျှင် ဗီယက်နမ် ဒေါင် (Vietnamese Dongs ) ၂၂,၉၀၀ ၊ အင်ဒိုနီးရှားရူးပီးယား (Indonesian Rupiahs) ၁၄,၃၇၆၊ လာအိုကစ် (Laos Kip) ၁၁,၉၉၁ နှင့် ကမ္ဘော ဒီးယားရီရယ် (Cambodian Riels) ၄,၀၈၀ ပမာဏပေါက်စျေးရှိသည်။ ဒေါ်လာငွေနှင့် ပြည်တွင်းငွေကြေး လဲလှယ်မှု အခြေအနေသည် စီးပွားရေးအင်အား၊ ကုန်ထုတ်လုပ်မှု စွမ်းအား၊ ပို့ကုန်ပမာဏအရ ဒေါ်လာငွေ၏ ဖိအားသက်ရောက်မှုခံနိုင်ရည်များအရ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီနိုင်မည်မဟုတ်။

မြန်မာ့စီးပွားရေးအဆောက်အအုံထဲတွင် မြင့်တက်နေသောပြည်တွင်းဒေါ်လာလဲလှယ်နှုန်း ဖိအားအောက်၌ မြန်မာစီးပွားရေးသည်  အင်အားကုန်ခန်းလျက် ရုန်းကန်လှုပ်ရှားနေရသည်ကို တွေ့မြင်နေရ သည်။ 

 (၃) မြန်မာ့စီးပွားရေးအဆောက်အအုံထဲတွင် ဒေါ်လာစျေး အတက်အကျ အခြေအနေအမျိုးမျိုး မကြာခဏဖြစ်ခဲ့ဖူးသည်။ တစ်ရှိန်ထိုး မြင့်တက်သည့် အခြေအနေမျိုးလည်း ကြုံခဲ့ရဖူးသည်။ မဝေးသေးသည့် အတိတ်ကာလကိုပြန်လည် လေ့လာကြည့်နိုင်သည်။ နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော တစ်ဒေါ်လာ မြန်မာငွေ ခြောက်ကျပ်ဝန်းကျင် ပုံသေငွေလဲနှုန်းစနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလတွင် အစီအမံဖြင့် အရှင်မျှော ငွေလဲနှုန်းစနစ် (Managed floating Exchange Rate System) သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။ ထိုအချိန်တွင် တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ ကျော်ဝန်းကျင်သာ။ ထိုအခြေအနေမှစခဲ့သည် ဒေါ်လာစျေးနှုန်း အခြေအနေသည် အကျနည်းနည်း၊ အတက်များများဖြင့်  လေးနှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအရောက်တွင် ၁၃၀၀ ကျပ်ခန့်အထိ အမြင့်ဆုံးဖြစ်လာခဲ့သည်။   

၂၀၁၆ ခုနှစ်ဒီဇင်ဘာတွင် ကျပ် ၁၃၀၀ ကျော်ခဲ့သည်။၂၀၁၇ ခုနှစ် တစ်လျှောက်လုံးတွင် တစ်ဒေါ်လာ ကျပ်  ၁၃၅၀ အထက်ဝန်းကျင်၌ အတက်အကျအနည်းငယ်မျှဖြင့် အိန္ဒြေရနေခဲ့ပြန်သည်။ ထို့နောက် ၂၀၁၈ ခုနှစ် အစ၌ ၁၃၀၀ ကျော်၊ နှစ်လယ်ဇူလိုင်လအရောက် ၁၄၀၀ ကျော်ဝန်းကျင်နှင့်  နှစ်ကုန်ချိန် ဒီဇင်ဘာလတွင် ၁၅၀၀ ကျော်အထိ တစ်ရိပ်ရိပ်မြင့်တက်ခဲ့သည်။၂၀၁၉ ခုနှစ်တွင်မူ ကျပ် ၁၅၀၀ ကျော်ဝန်း ကျင်၌သာအတက်အကျ တဝဲလည်လည်ဖြစ်လျက် နှစ်ကုန်ဆုံးချိန် အထိ ထိုနှုန်းထားဝန်းကျင်တစ်ဝိုက် နားမှာပင်တည်နေခဲ့သည်။  ၂၀၂၀ ပြည့်နှစ်အစတွင် အဆိုပါလဲလှယ်နှုန်းမှ တဖြည်းဖြည်းကျဆင်းလာခဲ့ပြန်ပြီး နှစ်အလယ်အရောက်၌ ၁၄၀၀ ဝန်းကျင်အထိလည်းကောင်း၊ နှစ်အကုန်တွင် ကျပ် ၁၃၀၀ ဝန်းကျင်သို့ လည်းကောင်း  ထိုးဆင်းကျသွားခဲ့သည်။  

(၄) ၂၀၂၁ ခုနှစ်အစ ဇန်နဝါရီလအစ၊ ဒေါ်လာစျေးနှုန်းမှာ တစ်ဒေါ်လာကျပ် ၁၃၀၀ ကျော်လွန်ရုံ အနေအထားဖြစ်သည်။ ဖေဖော်ဝါရီလ အရောက်တွင်  မြန်မာ့နိုင်ငံရေးအခင်းအကျင်း  ရုတ်ခြည်းအပြောင်းအလဲဖြစ်သွား၏။

နိုင်ငံရေးမိုးကောင်းကင် အောက်တွင်ရှိနေသော အရာအားလုံး   ပြောင်းလဲသွားရာ တည်ငြိမ်မှု အားနည်းလာသောနိုင်ငံ့စီးပွားရေးအခြေအနေ၊ ပြည်တွင်းဘဏ်များ၏ အခက်အခဲများနှင့်အတူ မြန်မာ့ငွေရေးကြေးရေးအခြေအနေသည်လည်း လှုပ်ခါသွားခဲ့သည်။ ပြည်သုံးငွေကျပ်ငွေနှင့် ဒေါ်လာ နှိုင်းယှဉ်တန်ဖိုးများလည်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ဖေဖော်ဝါရီလအတွင်း ကျပ်-ဒေါ်လာလဲလှယ်နှုန်း  ကျပ် ၁၄၀၀ ကျော်သွားသည်။ မတ်လတစ်လျှောက်လုံး ဆက်တိုက်မြင့်တက်သွားခဲ့ပြီးနောက် ဧပြီလထဲ၌  ၁၅၀၀ ကျော်၊ မေလ၌ ၁၆၀၀ ကျော် သွားသည်အထိ မြင့်တက်သွားခဲ့၏။       

ဇွန်လအတောအတွင်း ၁၅၀၀ အောက်သို့ အနည်းငယ်ပြန်ကျခဲ့၏။  ဇူလိုင်လတွင် ၁၆၀၀ ကျပ်သို့တစ်ဖန် ပြန်လည်ရောက်ရှိခဲ့ပြန်သည်။ ဤသို့ဖြင့်  ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်သည် ဒေါ်လာစျေးနှုန်း အလှုပ်အခတ်များစွာဖြစ်ပေါ်လျက် ထိတ်လန့်စရာကောင်းအောင် မြင့်တက်သည့် ကာလဖြစ်ခဲ့သည်။

သြဂုတ်လ အရောက်တွင်  ပို၍ဆိုးရွားလာ၏။ ကျပ် ၁၇၀၀ ကျော်ဖြင့် ထိတ်လန့်စရာ အခြေ အနေအထိပင် ဖြစ်ခဲ့သည်။ သို့သော် အရှိန်လျော့မည့် အခြေအနေ မမြင်ရသေး။ တကယ်ပင် ဒေါ်လာစျေးနှုန်းသည် မြင်းရိုင်းတစ်ကောင် ဒေါသကြွနေသည့်အလားဖြစ်နေသည်။ ဒုန်းစိုင်း၍ အမြင့်သို့ ပြေးတက်ချင်နေသည့်အခြေအနေ။ အားလုံးစိုးထိတ်နေကြရတော့၏။  

ဗဟိုဘဏ်၏ ကျပ်-ဒေါ်လာ လဲလှယ်နှုန်း အခြေအနေ (၂၀၂၁ ခုနှစ်၊ သြဂုတ်လအထိ) ဇာစ်မြစ်။ https://forex.cbm.gov.mm/index.php/fxrate/history

(၅) အမြင့်သို့ ပြေးတက်ချင်နေသည့် ဒေါ်လာသည် စက်တင်ဘာလတွင် ၎င်း၏အမြင့်ပျံတက်နှုန်းကို အစွမ်းကုန်ပြသတော့သည်။  ဗဟိုဘဏ်ရည်ညွှန်းနှုန်းက တစ်ဒေါ်လာ ကျပ် ၁၇၀၀ ကျော်ရှိနေစဉ်မှာပင် စျေးကွက်ထဲ၌ စက်တင်ဘာလအစမှာ ကျပ် ၁၈၀၀ ကျော်၊ ပထမရက်သတ္တပတ်၌ ကျပ် ၁၉၀၀ ကျော်၊ ဒုတိယရက်သတ္တပတ်၌ကျပ် ၂၀၀၀ ကျော်အထိဖြစ်သွား၏။

ဗဟိုဘဏ်သည်လည်းစွမ်းနိုင်သမျှ အားထုတ်ခဲ့သည်။ စက်တင်ဘာဒုတိယပတ်အကုန်၌ စျေးကွက်ထဲသို့ ဒေါ်လာ ၁၅ သန်းထုတ်ရောင်း သည်။ ဒေါ်လာစျေးနှုန်းက တုပ်တုပ်မျှမလှုပ်။ ရက်အပိုင်းအခြား အနည်းငယ်အတွင်းမှာပင်  ဒေါ်လာရှစ်သန်း ထုတ်ရောင်းသည်။ တစ်ဒေါ်လာ ကျပ် ၁၉၅၀ ဝန်းကျင် သို့ အနည်းငယ်ကျဆင်းသွား၏။ ကျဆင်းမှုသည်အချိန်ကြာကြာမခံ။  နှစ်ရက်သုံးရက်အကြာ၌ ကျပ် ၂၀၀၀ ကျော်ပြန်ဖြစ်သွားသည်။ တတိယရက်သတ္တပတ်အကုန်၌ ဒေါ်လာ ၁၅ သန်း ထပ်မံထုတ်ရောင်းရသည်။

ဗဟိုဘဏ်၏အားထုတ်မှုများကို ထိရောက်မှုမရှိတော့။ ကျပ်-ဒေါ်လာလဲလှယ်နှုန်းသည် ကျပ် ၂၀၀၀ ကျော်မှ လုံးဝပြန်မဆင်းတော့ဘဲ အမြင့်သို့သာ ဆက်လက် ဦးတည်နေတော့သည်။ နောက်ဆုံးရက်သတ္တပတ်အစတွင် ၁၀ သန်း၊ စက်တင်ဘာလကုန်ခါနီးတွင် ဒေါ် လာ ၁၅ သန်းထပ်မံ ထုတ်ရောင်းပေးခဲ့ပြန်သည်။

ဤသို့ဖြင့် စက်တင်ဘာလအတွင်း ဗဟိုဘဏ်က ဒေါ်လာ ရောင်းချပေးမှုသည် ၆၃ သန်း အထိဖြစ်သွားခဲ့သည်။ သို့သော် နိုင်ငံခြားငွေကြေးစျေးကွက်ထဲ၌ ဒေါ်လာစျေးနှုန်းသည် ဗဟိုဘဏ် အားထုတ်မှုကို သရော်သကဲ့သို့ ရှိနေသည်။ ထိုရက်များအတွင်း ဒေါ်လာ စျေးနှုန်းသည် မြန်မာ့စီးပွားရေး အဆောက်အအုံအတွင်းရှိ လူအားလုံးကို စိတ်လှုပ်ရှားပျာယာခတ်စေခဲ့သည်။ ဒေါ်လာစျေးမြင့်တက်မှုသည်  ထိတ်လန့်နေသူတို့ကို ပိုမို ခြောက်လှန့်သည့် အခြေအနေမျိုး ဖြစ်လာ၏။ 

စက်တင်ဘာလကုန်ဆုံးခါနီး  ၂၈ ရက်၊ ၂၉ ရက်နေ့များ၌ စျေးကွက်ထဲ၌ တစ်ဒေါ်လာ  ၂၇၀၀ ကျပ် ဝန်းကျင်အထိ ရောက်နေသည့် သတင်းများကြားနေခဲ့ကြသည်။ အရောင်းအဝယ် ဖြစ် မဖြစ်ထက် အမြင့်ကိုသာ တက်မည့်တကဲကဲဖြစ်နေသကို စိုးရိမ်အံ့သြစွာထပ်မံမြင်တွေ့လိုက်ကြရသည်။ စက်တင်ဘာသည်  မြန်မာ့စီးပွားရေးအဆောက်အအုံထဲ၌ ဒေါ်လာငွေ စံချိန်တင် မိုးပေါ်ပျံတက်သည့်ကာလ  ဖြစ်ခဲ့လေပြီ။

အမြင့်ဘက်သို့သာ ဦးတည် နေသော ဒေါ်လာစျေးနှုန်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ဒုတိယရက်သတ္တပတ်မှ လကုန်အထိ အခြေအနေ ) ကိုးကား။ မြန်မာ့အလင်းသတင်းစာ၊ အလဲဗင်းဒေးလီးသတင်းစာ

(၆) စက်တင်ဘာလ ကုန်ဆုံးရက်၊ ၃၀ ရက်တွင် ကျပ် ၂၄၀၀ သို့ပြန်ကျသွားသည်ကို ကြားရသည်။ အောက်တိုဘာလ တစ်လလုံး၌လည်း တဖြည်းဖြည်းချင်း ပြန်ကျလာ၏။ အောက်တိုဘာလကုန်၌ ကျပ် ၁၉၀၀ ဝန်းကျင်ဖြစ်သွား၏။ “တော်ပါသေး” ဟု ပြောရန်ပြင်နေစဉ်မှာပင် နိုဝင်ဘာလအစတွင်  အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ရာ ကျပ် ၂၀၀၀ နီးပါးရှိလာခဲ့ပြန်သည်။ နိုဝင်ဘာလကုန်တွင်မူ ကျပ် ၁၈၀၀-၁၉၀၀ ဝန်းကျင်၌ မတည်မငြိမ် ဖြတ်သန်းလျက်ရှိခဲ့၏။

ဒီဇင်ဘာလတွင် ဗဟိုဘဏ်သည် စျေးကွက်အတွင်း ဒေါ်လာများထပ်မံထုတ်ရောင်းလျက် ကျပ်-ဒေါ်လာလဲလှယ်နှုန်း ကျဆင်းနိုင်ရေး ဆက်လက်အားထုတ်ခဲ့ရာ ဗဟိုဘဏ်၏ စျေးကွက်အတွင်း ဒေါ်လာအရောင်းပမာဏသည် ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင်သည့် ပမာဏ ၁၁၈ သန်းအထိ ဖြစ်သွားခဲ့သည်။ မည်သို့ပင်အားထုတ်နေစေကာမူ ဒေါ်လာစျေးနှုန်းသည် ပြန်လည်ကျဆင်းသည့်အခြေအနေ မရှိခဲ့။ ကျပ် ၁၈၀၀-၁၉၀၀ ဝန်းကျင်တွင် ဖြည်းဖြည်းလေးလေးဖြင့်သာ။

၂၀၂၁ ခုနှစ်အတွင်း  ဗဟိုဘဏ်၏ လအလိုက်  ဒေါ်လာရောင်းချမှု အခြေအနေ (ဒေါ်လာသန်းပေါင်း) ကိုးကား ။ Eleven Daily Newspapers သတင်းများ

  

(၇)၂၀၂၂ ခုနှစ်ရောက်ခဲ့ပြီ။ ဇန်နဝါရီ မှ ဧပြီလ ပထမရက် သတ္တပတ်အထိ ဗဟိုဘဏ်ညွှန်းထားသော  တစ်ဒေါ်လာစျေးနှုန်းသည် ၁၇၇၈ ကျပ် တည်တည်ငြိမ်ငြိမ်ပင်။ စျေးကွက်ထဲတွင်မူ တည်ငြိမ်မှုမရှိဘဲ အထက်တက်ဖို့သာ စိုင်းပြင်းနေသကဲ့သို့ရှိနေသည်။ ဗဟိုဘဏ် ဒေါ်လာထုတ်ရောင်းပေးမှုများ ရှိနေသေးသည့်တိုင် ဇန်နဝါရီတစ်လလုံး တစ်ဒေါ်လာ ကျပ် ၁၉၀၀ ဝန်းကျင်တွင်ဖြစ်ပေါ်နေခဲ့သည်။ ဖေဖော်ဝါရီ တစ်လလုံး၌လည်း ပြန်လည်ကျဆင်းဖို့ အရိပ်အယောင်ပင်မတွေ့ခဲ့ရပေ။

မတ်လ ဒုတိယရက်သတ္တပတ်မှစ၍  ကျပ် ၂၀၀၀ ကျော်သို့ ထပ်မံမြင့် တက်လာခဲ့သည်မှာ ဧပြီလ မြန်မာ နှစ်ကူးသင်္ကြန ်ကာလအထိပင်။  ဧပြီလ ပထမ ၃ ရက်နေ့တွင် ပြည်ပမှဝင်ရောက်လာသည့်နိုင်ငံခြားငွေများကို တစ်ရက်အတွင်း သတ်မှတ်ထားသောနှုန်း တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် မြန်မာ့ကျပ်ငွေသို့ လဲလှယ်ရောင်းချရန် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာ့နှစ်ကူး သင်္ကြန်ကာလအလွန် စျေးကွက်ထဲ၌ ဒေါ်လာစျေးနှုန်းသည် ကျပ် ၁၈၅၀ နှုန်း ဖြစ်သယောင်ရှိနေခဲ့သော်လည်း ရောင်းချနိုင်မှုမရှိဘဲ ဝယ်ယူမှုများသာရှိခဲ့ သည်ဟုသိခဲ့ရသည်။ မေလတစ်လျှောက်လုံးတွင်လည်း ဗဟိုဘဏ်၏ စျေးနှုန်း  ၁၈၅၀ ကျပ် ဖြင့် ဆက်လက်ရှိနေခဲ့သည်ဟု ယေဘုယျဆိုရမည်။ စျေးကွက်အတွင်း အမှန်တကယ် အရောင်းအဝယ်ဖြစ်နေသော ဒေါ်လာလဲနှုန်းမှာမူ  စျေးကွက်ပေါက်စျေးအောက်သို့ ကျဆင်းပုံမပေါ်ဘဲ  ကျပ်၂၀၀၀ အထက်၌ ဖြည်းဖြည်းလေးလေး မြင့်တက်နေခဲ့သည်ကိုတွေ့ရသည်။

ဒေါ်လာစျေးသည် ၂၀၂၁ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်များက ဖြစ်ပေါ်ခဲ့သည့် မျက်ကလူးဆန်ပြာ အခြေအနေမျိုးမဟုတ်သည့်တိုင် ဒေါ်လာငွေကြေးနှင့် ဆက်စပ်နေသည့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် လောင်စာဆီစျေးသည် တည်ငြိမ်မှုမရှိဘဲ မှန်းဆရခက်ခဲသည့် အခြေအနေ ရောက်သွားသည်။

(၈) ဒေါ်လာစျေးနှုန ်းနှင့်ပတ်သက်လာလျှင် နိုင်ငံရပ်ခြားနှင့် ဆက်စပ်လုပ်ကိုင်နေသူတို့သာ စိတ်ဝင်စား နိုင်သည်ဟု ထင်စရာရှိသော်လည်း လက်တွေ့တွင် ဤသို့မဟုတ်။ သွင်းကုန်အမျိုးမျိုးကို ပမာဏအလုံး အရင်းဖြင့် မှီခိုအားထားနေရသော   စီးပွားရေးအဆောက်အအုံထဲ၌ ဒေါ်လာစျေးနှုန်းကိစ္စသည်အားလုံး စိတ်ဝင်စားသည့်ကိစ္စဖြစ်နေသည်။ ဒီရေကဲ့သို့ တရိပ်ရိပ်တက်လာနေသဖြင့် တစ်ရက်ပြီးတစ်ရက် စိုးရိမ်ကဲစရာဖြစ်လာနေတော့သည်။ သွင်းကုန်သမားများ၏ပစ္စည်းများ စျေးကြီးမြင့်ကုန်သည်။ သွင်းကုန် ကိုမှီခိုနေရသော ပြည်တွင်းစားသုံးသူများစျေးကြီးမြင့်သည့် ဝန်ပိကုန်ကြ၏။ ကုန်ကြမ်း၊ တစ်စိတ်တစ်ပိုင်း ကုန်ချောတင်သွင်းသူများလည်း ကုန်ကျစရိတ်မြင့်တက်လာကာ ၎င်းတို့ထုတ်ကုန်စျေးနှုန်းများကို လိုက်ပါမြင့်တက်ရသဖြင့် ပြည်တွင်းစားသုံးများသာ စျေးနှုန်းကြီးသည့် ဒဏ်ထိရပြန်သည်။ အခြားသော ဆက်စပ်ပစ္စည်းများလည်းတစ်နွယ်ငင် တစ်စင်ပါ စျေးနှုန်းကြီးမြင့်မှုဖြစ်လာခဲ့ရ၏။ 

လောကသဘာဝ အကောင်း အဆိုးရှိသည့်အတိုင်း ဒေါ်လာစျေးနှုန်း မြင့်တက်ခြင်းသည် ဆိုးကျိုးကိုသာမဟုတ်၊ ကောင်းကျိုးကိုလည်း ဖြစ်စေသည်။

ပို့ကုန်သမားများ  နိုင်ငံရပ်ခြား သို့တင်ပို့သည့် ပစ္စည်းစျေးနှုန်းများ ကျဆင်းလာနိုင်သည်။ အကျိုးဆက်မှာ အခြားနိုင်ငံပို့ကုန်များနှင့် ယှဉ်ပါက စျေးနှုန်းသက်သာလာသောကြောင့် စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာကာ ပို့ကုန်စျေးကွက် ဝေစုတိုးချဲ့ရေးအတွက်အခွင့်သာ လာနိုင်သည်ဟုဆိုကြသည်။ ပို့ကုန် ထုတ်လုပ်မှု အားကောင်းသည့်  နိုင်ငံအချို့ဆိုလျှင် တန်ဖိုးမြင့်တက်နေသော ၎င်းတို့၏ပြည်တွင်းငွေကြေးကို ရည်ရွယ်ချက်ရှိရှိဖြင့်ပင် တန်ဖိုးချခြင်း (Devaluation) ပြုလုပ်၍ ပို့ကုန် စျေးကွက်တိုးချဲ့နိုင်ရေး အားထုတ်ခဲ့ကြဖူးသည်။ ထို့ကြောင့် ဒေါ်လာစျေးကျသောအချိန်ကာလသည် ပို့ကုန်စျေးကွက် ပိုမိုချဲ့ထွင် နိုင်ရေး အခွင့်သာသော အချိန်အခါဖြစ်သည်ဟု ဖတ်စာအုပ်ကြီး အတိုင်းဆိုရမည်။ သို့သော် ထုတ်လုပ်ရေးအားမကောင်းလျှင်၊  ပို့ကုန်ကဏ္ဍ အကျအနပြင်ဆင်ထားခြင်းမရှိလျှင် ထိုအခြေအနေမျိုးကို စိတ်ကူး၍ပင် မရနိုင်ပေ။  

(၉) ဒေါ်လာစျေးနှုန်း အမြင့်သို့ ပျံတက်နေသည့် အချိန်ကာလများအတွင်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေး ကွက်အတွင်း ဒေါ်လာစျေးနှုန်း အတက်အကျ ကြီးမားမှု လျော့ကျစေရန် အကန့်အသတ်များကြားမှ နည်းလမ်း အမျိုးမျိုးဖြင့် အားထုတ်လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ သတ်မှတ်ထားသော လေလံစျေးနှုန်းဖြင့် ဒေါ်လာငွေကြေးများ ထုတ်ရောင်းပေးခြင်း ဖြစ်သည်။ ဒေါ်လာအဝယ်ဖိအား လျော့ကျ၍ ဒေါ်လာစျေးနှုန်းကျ သွားစေရန် ဒေါ်လာ အရောင်းပမာဏကို ထောက်ကူဖြည့်ပေးခြင်းဖြစ်မည်။ သို့သော် ထုတ်ရောင်းသည့် ခဏတာသာ အတက်အကျမအီမလည်ဖြစ်ကာ အနည်းငယ်ကျဆင်းခြင်း၊ မြင့်တက်မှု ခေတ္တတန့်သွားခြင်းတို့တွေ့ရသော်လည်း အချိန်တို အတွင်းမှာပင် စျေးနှုန်းအမြင့်ဆီသို့သာ ပြန်လည် ဦးတည်သွားသည်ချည်း ဖြစ်၏။ အလုပ်မဖြစ်ခဲ့။

ထို့ပြင်  နိုင်ငံခြားငွေကြေး စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးကဏ္ဍများတွင် ဒေါ်လာအသုံးပြုမှုလျှော့ချနိုင်ရေး (မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်ငွေနှင့် ယွမ်၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်ငွေနှင့် ဘတ်၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် ကျပ်နှင့် ရူပီးငွေတို့ တိုက်ရိုက်ပေးချေးမှုအတွက်စီစဉ်ဆောင်ရွက်ခြင်း)၊ ကုန်သွယ်မှုရရှိလာသော ဒေါ်လာဝင်ငွေများကို ထိန်းသိမ်းခြင်းအပါအဝင် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများပြင်ဆင်ပြောင်းလဲခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။

မေလ  နောက်ဆုံးပတ်ထဲ၌ ဗဟိုဘဏ်သည် အားထုတ်မှုကို ထပ်မံပြုလုပ်ခဲ့ပြန်သည်။  ပြည်တွင်းတွင် သုံးစွဲမှုများ၊ ပေးချေမှုများကို မြန်မာ ကျပ်ငွေဖြင့်သာ နိုင်ငံတွင်းသို့ ပေးပို့လာသော နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် (တစ်ရက်အတွင်း) ရည်ရွယ်ချက် သည် ပြည်တွင်း၌ နိုင်ငံခြားသုံးငွေ (အထူးသဖြင့် အမေရိကန်ဒေ ါ်လာ)  အသုံးပြုမှု ပိုမိုကျယ်ပြန့်လာမှုကို ဟန့်တားလျှော့ချခြင်း၊ နိုင်ငံခြား သုံးငွေလိုအပ်ချက် (ဝယ်လိုအား) မြင့်မားလာခြင်း၏အကျိုးဆက် ကြောင့် ဖြစ်ပေါ်လာသော နိုင်ငံ ခြားငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်း (အမြင့်ဘက်သို့သာ ဦးတည်နေ ခြင်း) တို့ကို ထိန်းသိမ်းရန်ဖြစ်သည်။ တစ်နည်းဆိုသော် စျေးကွက်လိုအပ် ချက်အရ တိမ်းညွတ်လာသော ဒေါ်လာလိုက်ဇေးရှင်း (Unofficial Dollarization) ကို ကြိုတင်ကာကွယ်ခြင်းဟုလည်း ယူဆရသည်။

(၁၀) လက်ရှိအခြေအနေသည် ကမ္ဘာ့ကပ်ရောဂါသည်လည်း လုံးဝ ကင်းစင်သည့်အခြေအနေမရှိသေး။ ကပ်ရောဂါဒဏ်ကြောင့် ကမ္ဘာ့စီးပွားရေး နာလန်ထူမှုသည်လည်း  မှန်းဆ၍မရနိုင်သေးသည့်အချိန်။ ရုရှား-ယူကရိန်းစစ်ပွဲကလည်း အရှိန်ကောင်းနေဆဲ။ စစ်ပွဲအခြေအနေပေါ်မူတည်၍ ရုရှားနှင့် မိတ်ဆွေနိုင်ငံများ၊  ယူကရိန်း မဟာမိတ်နိုင်ငံများကြား ဖြစ်ပေါ်လာသော နှစ်ဖက်တုံ့ပြန်မှုများသည် အဓိကအားဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် လောင်စာဆီအပါအဝင် စီးပွားရေးရာကိစ္စများစွာနှင့် ဆက်စပ် သက်ရောက်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများကြား စီးပွားရေး၊ ကုန်သွယ်ရေး ပိုမိုဆက်နွှယ် ပတ်သက်နေရသည့် ယခုကဲ့သို့ အချိန်အခါ၌ ငွေကြေးကိစ္စများ၊ ဘဏ္ဍာရေးစျေးကွက်များသည်လည်း ယခင်ကထက်ပိုမိုဆက်စပ် လျက်ရှုပ်ထွေးမှုများရှိနေသည်။ ထို့ကြောင့် ဒေါ်လာငွေကြေးအခြေအနေကိုလည်း မတည်မငြိမ်ဖြစ်ကာ မှန်းဆရ ခက်ခဲလျက်ရှိသည်။ ထို့ ပြင် ဒေါ်လာငွေကြေး၏မိခင်နိုင်ငံ အမေရိကန် စီးပွားရေးပေါ် မူတည်၍ အမေရိကန်ဗဟိုဘဏ် (Fed) က လည်း အင်ဖလေးရှင်းစိုးရိမ်စိတ်ဖြင့် အတိုးနှုန်းကိရိယာကို ပိုမိုအာရုံစိုက် အသုံးပြုရန် ရှိလာနေပြီဖြစ်ရာ ဒေါ်လာငွေကြေးနှင့် ဆက်စပ်ပတ်သက်နေသည့် နိုင်ငံများ၏စီးပွားရေး အခြေအနေများ၊ ဒေါ်လာငွေကြေးအပေါ် သီးသန့်အရန်ငွေထားရှိမှု အခြေအနေများကိုပါ သတိထား လေ့လာစောင့်ကြည့်၍ ဆိုးကျိုး သက်ရောက်မှု နည်းပါးစေရန် ပြင်ဆင်ထားရန်လည်း လိုအပ်လာသည်။ 

(၁၁) ပြည်တွင်း အခြေအနေကိုလည်း ပြန်လည်သတိထားသင့်သည်။ စီးပွားရေးအဆောက်အအုံအတွင်းရှိ ထုတ်လုပ်မှု၊ နည်းပညာ၊ အက်စ်အမ်အီး (SME- Small and Medium Enterprise) တို့၏ ဖွံဖြိုးမှု ဝင်ငွေပမာဏ၊ အလုပ်အကိုင် အခွင့်အလမ်း၊ ပို့ကုန်ကဏ္ဍ၊ ငွေကြေး ဝယ်နိုင်စွမ်းအားစသည်တို့သည် နိုင်ငံ တစ်နိုင်ငံ၏စီးပွားရေကိုယ်ခံစွမ်းအားများဖြစ်သည်။ နိုင်ငံခြားငွေ ဒေါ်လာစျေးမြင့်တက်နေမှု ဖြေရှင်းရာတွင်  အဓိကထည့်သွင်းစဉ်းစားရမည့် အချက်များဟုလည်းမှတ်ယူရမည်။ အခြားနိုင်ငံများနည်းတူ ကိုဗစ်ကပ်ရောဂါသည် မြန်မာ့စီးပွားရေးအဆောက်အအုံထဲသို့လည်း ၂၀၂၀ ပြည့်နှစ် မတ်လတွင်  စတင်ဝင် ရောက်လာခဲ့သည်။

မက်ခရို၊ မိုက်ခရို စီးပွားရေး အခြေအနေအားလုံးထိခိုက်ခဲ့၏။ တစ်နှစ်နီးပါးခန့် ပြည်တွင်းသို့ ဒေါ်လာစီးဝင်မှု အားနည်းသွားခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် နိုင်ငံရေးအခြေအနေအပြောင်းအလဲ ဖြစ်သည်။ ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေပျက်ယွင်းသွားသည်။ ပြည်တွင်း၌ငွေကြေးလည်ပတ်စီးဆင်းမှုသည် တသွင်သွင် မစီးဆင်းနိုင်တော့။ ကိုဗစ်လှိုင်းများကလည်း တစ်ရစ်ပြီး တစ်ရစ်တက်လာခဲ့ပြန်သည်။ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းသွားခြင်း၊ ထုတ်လုပ်မှုများကျဆင်းခြင်း၊ အက်ဖ်ဒီအိုင်များ စီးဝင်လာမှု လျော့နည်းခြင်း၊ ပို့ကုန် အားနည်းသွားခြင်းတို့ ဖြစ်လာခဲ့သည်။

နိုင်ငံရပ်ခြားအကူအညီများလည်း နည်းပါးသွား၏။ နိုင်ငံရေး မရေရာမှုအောက်တွင် ကိုဗစ် တတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံလိုက်ရသောအခါ ဆေးဝါး၊ ကျန်းမာရေး ကိရိယာ၊ ကာကွယ်ရေး၊ ကုသရေးပစ္စည်းများ အရေးပေါ် အလျင်အမြန်တင်သွင်းရန် အကြောင်းဖြစ်လာမှုသည်လည်း ဒေါ်လာစျေးမြင့်တက်ခြင်း အကြောင်းတစ်ရပ် ဖြစ်ခဲ့သည်။

အားပျော့ပြီးရင်း ပျော့နေသောပြည်တွင်းသုံး ကျပ်ငွေ၊ အဝင်နည်းလာသော်လည်း စီးထွက်မှုများနေသော ဒေါ်လာငွေစသည့် အခြေအနေများသည် ဒေါ်လာစျေးနှုန်းမြင့်တက်မှုပြင်းထန်စေခဲ့သည့် အဓိကအချက်များဟုကောက်ချက် ချရမည်သာ။

(၁၂) နိုင်ငံတစ်နိုင်ငံတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်ပါက ရှေ့တန်းတိုက်စစ်မှူးသဖွယ် အမြဲရင်ဆိုင် ဖြေရှင်းရသည်မှာ ဗဟိုဘဏ်ဖြစ်သည်။ ဗဟိုဘဏ်တွင် သီအိုရီကိရိယာများ၊ ဥပဒေလက်နက်များ ရှိသည်။ အတိုးနှုန်းများ၊ (Interest Rate) အပြောင်းအလဲပြုလုပ်ခြင်း၊ အရန်ငွေသားအချိုး (Reserve Ratio)  ပြင်ဆင်ပေးခြင်း၊ အစိုးရငွေ ချေးစာချုပ်ဘွန်းများထုတ်ရောင်း ခြင်းစသည့် လုပ်ဆောင်ချက်တို့သည်  စီးပွားရေးအဆောက်အအုံ  ပုံမှန်အခြေအနေ၌  လုပ်ဆောင်နိုင်သည့် အရာများဖြစ်သည်။ သီအိုရီ တို့သည်  “ဥုံ ပျောက်စေ” ဟူသော ၀ိဇ္ဇာဓရ နတ်ဆေးများမဟုတ်ကြပေ။  အခက်အခဲဖြစ်တိုင်း အသုံးပြုနိုင်သည်မဟုတ်။ 

“Ceteris Paribus”  ဟူသော   “အခြား အခြေအနေများ ပြောင်းလဲမှု မရှိသည့် အခြေအနေဖြစ်မှသာ” မှန်ကန်စွာ အသုံးချနိုင်ပေလိမ့်မည်။ ဥပဒေလက်နက်များကိုလည်း စျေးကွက်သဘာဝကျော်လွန်ကာ ကျင့်သုံး၍ မဖြစ်နိုင်။ ထိုသို့အသုံးပြုခဲ့ပါက တာရှည်ခံသည့် အောင်မြင်မှုမျိုး မရနိုင်သည့်အပြင် ဘေးထွက်ဆိုးကျိုးပင်ရှိလာနိုင်သည်ကိုလည်း သတိချပ်သင့်ပေသည်။

မည်သို့ပင်ဆိုဆို လက်ရှိ အခြေအနေ၌မူ မြန်မာ့စီးပွားရေး အ ဆောက်အအုံအတွင်း ဘောဂဗေဒသီအိုရီများ မျက်နှာပန်းမလှတော့ပြီ။ သီအိုရီတို့ဖြင့်ဖြင့် ဖွဲ့နွဲ့ပြောဆိုနေ၍ မရတော့။ လက်ရှိ ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်းနှင့်ပတ်သက်၍ အခြေအနေသည် စျေးကွက် သဘောတရား၊ သီအိုရီများ ကျော်လွန် စဉ်းစားရမည့်အခြေအနေများ ရှိနေသည်။  စျေးကွက်ကောလာဟလသတင်းများနှင့်အတူ စျေးကွက်ကို ယုံကြည်မှုနည်းလာခြင်း၊  မိမိတို့ပိုင်ဆိုင်ထားသည့်ငွေကြေးများ တန်ဖိုးလျော့နေမှုများကို ကာကွယ်နိုင်ရန် ဒေါ်လာများ ပိုမို ဝယ်ယူမှုရှိလာခြင်း (Hedging)၊ အခြေအနေမတည်ငြိမ်မှုအသုံးချ၍ စျေးကစားတတ်သည့်စိတ် (Speculative  Mindset) ရှိသူများ၏ အကျိုးစီးပွား အလွန်အမင်းရှာဖွေလာမှုများ၊ စျေးကွက်အတွင်း  တစ်စုံ တစ်ယောက် ပြုမှုလုပ်ဆောင်မှုကိုကြည့်၍  ဆင်ခြင်စဉ်းစားမှုမပြုတော့ဘဲ ထိုအပြု အမူအတိုင်းလုပ်တတ်သည့် သဘာဝ  (Herd Instinct) စသည်ဖြင့် ဒေါ်လာစျေးနှုန်းကို အမြင့်သို့ ပင့်တင့်စေသည့် အခြေအနေများကလည်း မျိုးစုံဖြစ်ပေါ်လျက်ရှိနေသည်။

(၁၃) သွင်းကုန်အပေါ်များစွာအမှီ ပြုနေရသော စီးပွားရေးအဆောက်အုံတစ်ခုထဲတွင် ဒေါ်လာစျေး မြင့်တက်မှုသည် တိုက်ရိုက်အားဖြင့် လည်းကောင်း၊  သွယ်ဝိုက်အားဖြင့် လည်းကောင်း နိုင်ငံသူနိုင်ငံသား အားလုံးအပေါ် သက်ရောက်မှုရှိသည်။ လူ့အဖွဲ့အစည်းအတွင်း  အနိမ့်ဆုံး အခြေအနေ၌ ဘဝရပ် တည်နေကြရသည့် ဝင်ငွေနည်းပါးသော၊ ဝင်ငွေပုံမှန်မရှိသော ဆင်းရဲနွမ်းပါးသူများသည် ယခုအချိန်ကာလမျိုးတွင် ကပ်ရောဂါအပါအဝင် ရောဂါဘယမျိုးစုံ၏ ခြိမ်းခြောက်မှု၊  လက်နက်ဘေးန္တရာယ်၊  စားဝတ်နေရေးခက်ခဲမှုတို့ကြောင့် စိတ်ဖိစီးမှုအပါအဝင် အမျိုးမျိုးသော လူမှုစီးပွားရေး သောကများကို ခံစားနေကြရသည်။ ငွေကြေးအရင်းအနှီး အမြောက်အမြားဖြင့် ရင်းနှီးလုပ်ကိုင်နေသော လုပ်ငန်းရှင်ကြီးများ သည်လည်း မှန်းဆ၍မရသော ပြည်တွင်းပြည်ပ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများအောက်တွင်  ၎င်းတို့၏လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ လမ်းစရှာရခက်ခဲနေကြလိမ့်မည်ထင်သည်။    

(၁၄) မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်းဒေါ်လာသည်သောက ပွားစေသည့် အရာဖြစ်နေလေပြီ။ ရိုးရိုးရှင်းရှင်းတွေးတတ်၊ လုပ်တတ်ဖို့လိုသည်။ ပညာရှင်တို့ထပ်ခါတလဲ သတိပေးနေသည့် ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍကို အမှန်တကယ် ဦးစားပေးအားပေးရန် ဖြစ်သည်။ ပို့ကုန်ကဏ္ဍနှင့် ချိတ်ဆက်ထားရမည်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေဖြင့် ပို့ကုန်ကဏ္ဍ အားမကောင်းမချင်း၊ အက်ဖ်ဒီအိုင် အားကောင်းကောင်းမဝင်မချင်း  နိုင်ငံခြားဒေါ်လာငွေစီးဝင်၊ စီးထွက်မှုသည် တည့်တည့်တံ့တံ ရှိမည် မဟုတ်ပေ။ ဒေါ်လာစီးဝင်စီးထွက်မှု  မတည်ငြိမ်လျှင်၊ နိုင်ငံခြားငွေကြေးစျေးကွက်သည်လည်း အတက်အကျ ပမာဏကြီးမားလျက် ထိတ်ထိတ်ပျာပျာ ဖြစ်နေပေလိမ့်မည်။  

 (၁၅) ၁၉၇၀ ပြည့်နှစ်များ၏အစပိုင်း ကာလများကတည်း ကမ္ဘာပေါ်တွင် နိုင်ငံအများကယုံကြည်စိတ်ချစွာ သုံးစွဲခဲ့သော၊ နိုင်ငံများက သီးသန့် အရန်ငွေအဖြစ် စုဆောင်းထားတတ်သော အမေရိကန်ဒေါ်လာငွေ သည် ၂၁ ရာစု အရောက်၌ အပြိုင်ပေါ်ထွက်လာသော ယူရိုငွေကြေးသစ်၊ အားကောင်းလာသော စီးပွားရေး အင်အားကြီးနိုင်ငံများကြောင့် အရေးပါသည့် အခန်းကဏ္ဍလျော့ ကျနေပြီဟု ပညာရှင်များ၊ သုတေသီများ ကောက်ချက်ချနေခဲ့ကြပြီဖြစ်သည်။ သို့သော် လက်တွေ့၌ အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ ငွေကြေး ဇာတ်ခုံပေါ်တွင် ဆက်လက်အသုံးတော်ခံနေဆဲ။ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးများသည်လည်း ယခင်ကကဲ့သို့ပင် ဒေါ်လာနှင့် ပတ်သက်နေရဆဲဖြစ်၏။ 

သေချာသည်။ မတည်ငြိမ်နိုင်သေးသည့် အမေရိကန်စီးပွားရေး။ မဝေးအနာဂတ်ကာလ၌ အမေရိကန် ဗဟိုဘဏ်၏ ဆက်လက်မြှင့်တင်လာနိုင်မည့် အတိုးနှုန်းအခြေအနေ၊ ဆက်လက်သက်ရောက်လာ နိုင်ခြေများကို  ကြိုတင်မှန်းဆကာ စိုးရိမ်တကြီးရှိနေကြလိမ့်မည်။ အမေရိကန်ဗဟိုဘဏ်၏အတိုးနှုန်း လှုပ်ရှားမှုသည် ဒေါ်လာစျေးနှုန်းကို လှုပ်ခါစေတတ်သည် မဟုတ်ပါလား။ လူမှုစီးပွားမတည်ငြိမ်သော၊ စီးပွားရေးအင်အားနည်းသော နိုင်ငံတို့ ပို၍ စိုးရိမ်နေကြပေလိမ့်မည်။

(၁၆) အားလုံးမြင်တွေ့ဖူးသော  မိုးပျံပူဖောင်းသည်  မိုးကောင်းကင်တစ်လွှား စိတ်ကြိုက်ပျံတက်သွားဖို့သာ ရှိသည်။ ထည့်သွင်းထားသော ဓာတ်ငွေ့ကုန်မှသာ မြေပြင်သို့ ပြန်လည်ကျဆင်းလာပေလိမ့်မည်။

အမေရိကန်ဒေါ်လာ ပူဖောင်းသည်လည်း မိုးပျံပူဖောင်းသဖွယ်  ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ကောင်းကင်ပေါ်တွင် မြင့်သည်ထက်မြင့်၍ ပျံတက်နေမည်လော။

ဒေါ်လာပူဖောင်းကို အောက်ဘက်သို့ပြန်လည်ဆွဲချနိုင်မည့်  စီးပွားရေးစွမ်းရည်၊ ထုတ်လုပ်မှုစွမ်းရည်၊ ပို့ကုန်စွမ်းရည် မရှိသရွေ့ ဒေါ်လာသည် မိုးကောင်းကင် အမြင့်သို့ ဆက်လက် ပျံတက်နေမည်သာ။ တစ်နေ့တစ်မျိုး မရိုးစေရအောင် ပြောင်းလဲဖြစ်ပေါ်နေသော  ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေအောက်၌ စီးပွားရေးအင်အား ကျနေသည့် အဆောက်အအုံအတွင်းရှိ စျေးကွက်အင်အားစု အားလုံးသည်လည်း သူ့အထွာနှင့်သူ ဒေါ်လာငွေ၏ဖိစီးနှိပ်စက်မှုဒဏ်ကို ဆက်၍ဆက်၍ ပို၍ပို၍  ခံစားကြရပေဦးမည် ဖြစ်ပေသတည်း။ 

Most Read

Most Recent