၂၀၂၁ ခုနှစ်၊ သြဂုတ်လကအမေရိကန်တပ်များ အာဖဂန်နစ္စတန်မြေမှ ဆုတ်ခွာသွားပြီးကတည်းက ပါကစ္စတန်နှင့် အာဖဂန်တို့ အကြား ဆက်ဆံရေးမှာ ယိုယွင်းသွားတော့သည်။
အိန္ဒိယက အာဖဂန်တာလီဘန်တို့နှင့် စာမျက်နှာသစ်တစ်ခုကိုဖွင့်ရန် လိုလားနေပြီး ယင်းသည် ရန်ဘက်ဟောင်း (ပါကစ္စတန်)၏ အကျိုးစီးပွားကို ပျက်ပြားကောင်းပျက်ပြား စေနိုင်သည်ဟု သုတေသီများက ယူဆကြသည်။ အိန္ဒိယ-တာလီဘန်ဆက်ဆံရေး တိုးတက်ကြီးထွားလာခြင်းသည် ပါကစ္စတန်အတွက် နှစ်မြို့စရာမဟုတ်ပေ။ အကြောင်းကား ပါကစ္စတန်သည် လုံခြုံရေးဆိုင်ရာစိုးရိမ် ပူပန်စရာများကြောင့် အိန္ဒိယနှင့်သင့်မြတ်သည့် အာဖဂန်အစိုးရတစ်ရပ်ကို မမြင်တွေ့လိုသောကြောင့် ဖြစ်သည်။
အာဖဂန်ကိုလက်ရှိ အုပ်ချုပ်နေသည့် တာလီဘန်အစိုးရကလည်း ကာကွယ်ရေး ကဏ္ဍအပါအဝင် အိန္ဒိယနှင့်ဆက်ဆံရေး ပိုမိုခိုင်မာလာအောင် ဆောင်ရွက်သွားလိုကြောင်းကို လတ်တလော သီတင်းပတ်များ တွင် ဖွင့်ဟထားသည်။ စစ်ရေးလေ့ကျင့်မှုများအတွက် အိန္ဒိယသို့ အာဖဂန်စစ်တပ်အမှုထမ်း များစေလွှတ်သွားရန်ရှိ၊ မရှိမေးမြန်းချက်အပေါ် အာဖဂန်ကာကွယ်ရေးဝန်ကြီး မူလာမိုဟာမက်ယာကော့က လွှတ်မည်ဟု ပြန်ဖြေထားသည်။
“အဲဒီကိစ္စက ပြဿနာရှိမယ်လို့ မထင်ဘူး။ အာဖဂန်-အိန္ဒိယဆက်ဆံရေးက အားကောင်းလာနေတော့ ဘာပြဿနာမှရှိမှာ မဟုတ်ပါဘူး” ဟုမစ္စတာယာကော့က မှတ်ချက်ပေးသည်။ ထို့ပြင် အိန္ဒိယနှင့်ပါကစ္စတန် တို့အကြား ပြဿနာများတွင် ကြားဝင်စွက်ဖက်ရန် အာဖဂန်နိုင်ငံက ဆန္ဒမရှိကြောင်းကိုလည်း ၎င်းက အသိပေးသည့်အနေဖြင့် “ကျွန်ုပ်တို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံခြားရေးမူဝါဒကို နိုင်ငံအကျိုးစီးပွားရဲ့ လမ်းပြမှုနဲ့ သွားနေတာ” ဟု ပြောကြားသည်။
မစ္စတာယာကော့သည် တာလီဘန်အဖွဲ့တည်ထောင်သူ မူလာအိုမာ၏သားဖြစ်သည်။ ဖခင်ဖြစ်သူ မူလာအိုမာသည် ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းမှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်ကို အုပ်ချုပ်ခဲ့သည့် တာလီ ဘန်အဖွဲ့ကို ဦးဆောင်ခဲ့သူ၊ ၁၉၉၆ ခုနှစ်တွင် အာဖဂန်မြေမှအိန္ဒိယကို မောင်းထုတ်ခဲ့သူပင်ဖြစ်သည်။ ထို့နောက်၂၀၀၁ ခုနှစ်တွင် အာဖဂန်ကို အမေရိကန်တပ်များ ကျူးကျော်လိုက်ပြီးနောက်မှ အာဖဂန်တွင် အိန္ဒိယတို့ ပြန်လည်ခြေချနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန ်မြို့တော် ကဘူးကို တာလီဘန်တို့ သိမ်းပိုက်နိုင်ခဲ့သော်လည်း နိုင်ငံတကာ၏ သံတမန်ရေး အသိအမှတ်ပြုမှုကို မရသည့်အတွက် နိုင်ငံတကာနှင့် ဆက်နွှယ်ချိတ်ဆက်မှုများ အားကောင်းလာ အောင် ၎င်းတို့ကြိုးစားလာကြသည်။
ကြီးမားသည့်ပေါ်လစီအပြောင်းအလဲ
ဇွန်လအစောပိုင်းမှာပင် အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာနအရာရှိများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ ကဘူးမြို့သို့သွားရောက်ခဲ့ပြီး ထိုသို့လာရောက်မှုကို နှစ်နိုင်ငံဆက်ဆံရေးအတွက် ကောင်းမွန်သည့်စတင်ခြင်း ဟု တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန် မတ်တာခီက ကြေညာသည်။
နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း တာလီဘန် နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယ၏စီမံကိန်း လုပ်ငန်းများ ပြန်လည်စတင်ရန်နှင့် အာဖဂန်တွင် အိန္ဒိယသံရုံး ပြန်ဖွင့်ရန် အိန္ဒိယကိုယ် စားလှယ်အဖွဲ့အား တောင်းဆိုခဲ့ပြီး အာဖဂန်ပို့ကုန်များအတွက် နယ်စပ်များ၊ ဆိပ်ကမ်းများ ဖွင့်လှစ်ရေးကို အိန္ဒိယဘက်ကသဘောတူခဲ့သည်ဟု တာလီဘန်အဖွဲ့ကထုတ်ပြန်ခဲ့သည်။
ယင်းအကြောင်းအရာများသည် တာလီဘန်အုပ်စု၏ ဆယ်စုနှစ်များစွာ သက်တမ်းရှိအိန္ဒိယပေါ်လစီ လုံးဝပြောင်းလဲသွားသည်ကို ဖော်ပြနေခြင်းဖြစ်သည်။
နောက်တစ်ချက်က အိန္ဒိယနှင့်ပတ်သက်ပြလိုက်ခြင်းသည် တာလီဘန်တို့အုပ်ချုပ်နေသည့်အာဖဂန်တွင် ပါကစ္စတန်၏သြဇာအရှိန်အဝါ မရှိတော့သည်ကို အချက်ပြမှုတစ်ခုလည်း ဖြစ်နိုင်သည်။ သေချာသည်က အိန္ဒိယအဖွဲ့၏ ကဘူးခရီးစဉ်ကြောင့် ပါကစ္စတန်ဘက်တွင် စိုးရိမ်စရာဖြစ်လာစေပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “ကျွန်ုပ်တို့အနေနဲ့ အဖျက်သမား နေရာကနေ ပါဝင်တာမျိုး ဘယ်သူ့ကိုမှ မမြင်ချင်ဘူး”ဟု ထုတ်ဖော်ပြောဆိုလာသည်။
သီးခြားပါကစ္စတန်အရာရှိတစ်ဦးကမူ ကဘူးတွင် အိန္ဒိယသံရုံး ပြန်ဖွင့်ရေးကိစ္စသည် ပြဿနာမဟုတ်ဟုဆိုသော်လည်း ပါကစ္စတန် နယ်စပ်ဒေသများတစ်လျှောက် အိန္ဒိယ ကောင်စစ်ဝန်ရုံးများဖွင့်ရန် လိုအပ်မှုကို သံသယဖြစ်နေသည်။
အိန္ဒိယအတွက်လည်း တာလီဘန်အုပ်စုကို လက်ခံပတ်သက်လိုက်ခြင်းက ကြီးမားသည့် ပေါ်လစီပြောင်းလဲမှုကြီး တစ်ရပ်ပင်ဖြစ်သည်။ ယခင်က အိန္ဒိယသည် တာလီဘန်အဖွဲ့ကို ပါကစ္စတန်၏ကြားခံပွဲစားဟု ယူဆကာ စွဲစွဲမြဲမြဲ ဆန့်ကျင်လာသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယသည် ယခင်က အာဖဂန်သမ္မတအက်ရှ်ရက်ဖ်ဂါနီ ဦးဆောင်သည့် အစိုးရ (လက်ရှိတာလီဘန်တို့ဖြုတ်ချထား သည့်အစိုးရ)ကို ထောက်ခံခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် မြို့တော်ကဘူးတာလီဘန်လက်အောက် ကျရောက်သွားပြီးနောက် အိန္ဒိယသည် ၎င်းတို့သံရုံးကို အလျင်အမြန်ပိတ်ကာ အိန္ဒိယအရာရှိများကို အာဖဂန်နိုင်ငံမှ ပြန်ခေါ်ယူခဲ့သည်။
အာဖဂန်နစ္စတန်အတွင်း အိန္ဒိယ၏ မည်သည့်လွှမ်းမိုးမှုမဆို ပါကစ္စတန်အတွက်တော့ ခြောက်လှန့်မှုဖြစ်စေသည်။ အိန္ဒိယသည် TTPစစ်သွေးကြွအဖွဲ့နှင့် ဘလူ့ချ်လက် နက်ကိုင်ခွဲထွက်ရေးအုပ်စုများမှတစ်ဆင့် ပါကစ္စတန်တွင် မတည်မငြိမ်ဖြစ်စေရန် အာဖဂန်မြေကိုအသုံးချနေသည်ဟု ပါကစ္စတန် ဘက်ကစွပ်စွဲလာသည်မှာ ကြာပြီဖြစ်သည်။
TTP ဆိုသည်မှာအာဖဂန်ပြည်တွင်းမှနေကာ ပါကစ္စတန်တွင် တိုက်ခိုက်မှုများ အ ကွက်ချပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ဘလူ့ချ်ခွဲထွက်ရေးအုပ်စုမှာမူ အိန္ဒိယ၏ထောက်ခံမှုဖြင့် အကျိုးခံစားနေသည့်အဖွဲ့ဟု ပါကစ္စတန်ဘက်က ယူဆသည်။
ပါကစ္စတန်၏ အကဲဆတ်မှုကို သိထားလျက်နှင့် ဘာ့ကြောင့် တာလီဘန်အုပ်စုက အိန္ဒိယနှင့်ပတ်သက်လို
ထင်ရှားသည့်အဖြေက တာလီဘန် အုပ်စုသည် (နယ်စပ်ထိန်းချုပ်ရေးကိစ္စအပါအဝင်) ပြဿနာရပ်အချို့၌ ပါကစ္စတန်နှင့် သဘောထားကွဲလွဲမှုများဖြစ်လာသည့်အခါ ပါကစ္စတန်ကို ဖိအားပေးရန်အတွက် အိန္ဒိယ ကတ်ကို ထုတ်သုံးနိုင်ရန် ဖြစ်ကောင်းဖြစ်မည်။ တစ်ဖက်တွင်လည်း တာလီဘန်တို့က ကဘူးတွင် ပါကစ္စတန်အစိုးရနှင့် TTPစစ်သွေးကြွအုပ်စုအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဆင်ပြေချောမောအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်တွင် ကဘူးမြို့ အသိမ်းခံရပြီးကတည်းက ပါကစ္စတန်နှင့် တာလီဘန်ဆက်ဆံရေးသည် ပျက်ပြားသွားပြီး ယခုနှစ်၊ ဧပြီတွင် အာဖဂန်အတွင်းရှိ TTPအဖွဲ့ပုန်းခိုရာနေရာများကို ပါကစ္စတန်ဘက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ၎င်းစစ်သွေးကြွများကိုနှိမ်နင်းပေးရန်လည်း တာလီဘန်အဖွဲ့အား ပါကစ္စတန်က မပြတ်ဖိအားပေးလာခဲ့သည်။
အိန္ဒိယဘက်မှကြည့်လျှင် အာဖဂန် (တာလီဘန်)အစိုးရသည် ပါကစ္စတန်နှင့် သင့်မြတ်သည့် အစိုးရဖြစ်ပါက အာဖဂန်တွင် အိန္ဒိယ၏မဟာဗျူဟာ အကျိုးစီးပွားများ လျော့ပါးလာစေနိုင်သည့်အတွက် တာလီဘန် အုပ်စုနှင့် ဆက်ဆံရေးအသစ် တည်ဆောက် ရန် ရွေးချယ် လိုက်ပုံရှိသည်။ယင်းကို ရန်ဘက် ပါကစ္စတန်ဘက်က သဘောမကျနိုင်ပေ။
အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးကို ပြန်ချိန်ဆရလျှင် လတ်တလောကာလများသည် အဆိုးဆုံးအဆင့်ထိ ရောက်နေပြီဖြစ်သည်။၎င်းအခြေအနေဆိုက်အောင် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာတွင်ဖြစ်သည့် မွမ်ဘိုင်းအကြမ်းဖက် တိုက်ခိုက်မှုမှအစ ၂၀၁၉ ခုနှစ်က ပါကစ္စတန်နိုင်ငံ၊ ဘလာကော့မြို့ကို အိန္ဒိယက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အဆုံး ဖြစ်ရပ်များစွာက တွန်းပို့ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပါကစ္စတန်ကိုအကြီးအကျယ် ဒေါသမီးတောက်စေသည့် လုပ်ရပ်တစ်ခုကိုလည်း အိန္ဒိယအစိုးရက ပြုလုပ်ခဲ့သည်။ ၎င်းမှာ လက်နက်ကိုင်ပုန်ကန်မှုများ ကြုံနေရသည့် ဟိမဝန္တာတောင်တန်းဒေသ ဂျမ်မူ၊ ကက်ရှ်မီးယားပြည်နယ်ကို ပြည်နယ်အဆင့်မှ ရုပ်သိမ်းကာ ဗဟိုအစိုးရမှတိုက်ရိုက်အုပ်ချုပ်မည့် ဒေသနှစ်ခုအဖြစ် ၂၀၁၉ ခုနှစ်၊ သြဂုတ်တွင် အိန္ဒိယအစိုးရက သတ်မှတ်ကြေညာလိုက်သည့်ကိစ္စဖြစ်သည်။










