ယူကရိန်းစစ်ပွဲမှာ အမေရိကန် မပါတာ သေချာလား

ယူကရိန်းစစ်ပွဲမှာ အမေရိကန် မပါတာ သေချာလား
ယူကရိန်းအမြောက်တပ်ဖွဲ့ဝင်တစ်ဦးက အမေရိကန်လုပ် M777 Howitzer အမြောက်ဖြင့် ယူကရိန်းနိုင်ငံ ဒိုးနက်ဒေသရှိ ရုရှားတို့ ယူထားသည့် နေရာများဆီသို့ ပစ်ခတ်နေပုံ (Photo:The New York Times)
ယူကရိန်းအမြောက်တပ်ဖွဲ့ဝင်တစ်ဦးက အမေရိကန်လုပ် M777 Howitzer အမြောက်ဖြင့် ယူကရိန်းနိုင်ငံ ဒိုးနက်ဒေသရှိ ရုရှားတို့ ယူထားသည့် နေရာများဆီသို့ ပစ်ခတ်နေပုံ (Photo:The New York Times)
Published 24 June 2022
နရီမင်း

ရုရှားတို့ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့သည့် သုံးလကျော်အတွင်း ဘိုင်ဒင်အစိုးရက စစ်ပွဲနှင့်ပတ်သက်၍ အကြောင်းအရာများစွာကို ပြောခဲ့ပြီးဖြစ်သည်။ ဗလာဒီမာပူတင်အနေဖြင့် ‘အာဏာ ဆက်လက်တည်မြဲနိုင်မည်မဟုတ်ကြောင်း’ သမ္မတဘိုင်ဒင်၏ ပြောကြားချက်က အစိုးရအဖွဲ့ ပြောင်းလဲရန် တောင်းဆိုမှုမဟုတ်ဟု ပေါ်ထွက်ချိန်ကဲ့သို့သော အကြောင်းအရာအချို့ကို လတ်တလော အမှတ်ရလိမ့်ဦးမည်ဖြစ်သည်။ အခြားဘက်မှ ကြည့်လျှင် ယင်းအဆိုသည် အချိန်နှင့်အမျှ ထိရှ၍လာခဲ့သည်။ မတ်လတွင် အမေရိကန်၏ရည်မှန်းချက်သည် ယူကရိန်းအား ကိုယ့်ဘာသာကာကွယ်နိုင်ရေး အကူအညီပေးရန်ဖြစ်သည်။ ဧပြီလအကုန်၌မူ ရည်မှန်းချက်မှာ ရုရှား ချည့်နဲ့သွားရေး ဖြစ်လာသည်။

သို့သော် အချက်တစ်ချက်နှင့်ပတ်သက်၍ကား အမေရိကန်အစိုးရအနေဖြင့် အလွန်မြဲမြံခိုင်မာနေခဲ့သည်။ ယင်းမှာ ယူကရိန်းအတွက် ရုရှားကို တိုက်ရန် အမေရိကန်အနေဖြင့် စစ်ပွဲအတွင်းသို့ မဝင်ရောက်ရေးဖြစ်သည်။

“နေတိုးနဲ့ ရုရှားအကြား စစ်ပွဲတစ်ပွဲဖြစ်အောင် ကျွန်တော်တို့ လုပ်မှာမဟုတ်ပါဘူး” ဟု သမ္မတဘိုင်ဒင်က မေလအကုန်တွင် The Times ၌ ပြောကြားခဲ့သည်။ “မစ္စတာပူတင်နဲ့ ကျွန်တော် သဘောမတူနိုင်သလောက်၊ သူ့လုပ်ရပ်တွေက ရက်စက်ရမ်းကားကြောင်း တွေ့ရှိသလောက် အမေရိကန်ကတော့ မော်စကိုမှာ သူပြုတ်ကျသွားအောင် လုပ်ဖို့ တော့ ကြိုးစားမှာ မဟုတ်ပါဘူး။ အမေရိကန် ဒါမှမဟုတ် ကျွန်တော်တို့မဟာမိတ်တွေ တိုက်ခိုက်မခံရသေးသမျှကာလပတ်လုံး ယူကရိန်းနိုင်ငံမှာ တိုက်ပွဲဝင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်တာမျိုး ဒါမှမဟုတ် ရုရှားတပ်တွေကို တိုက်ခိုက်တာမျိုးနဲ့ ဒီစစ်ပွဲမှာ ကျွန်တော်တို့ တိုက်ရိုက်ဝင်ပါမှာ မဟုတ်ပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

မစ္စတာဘိုင်ဒင်၏ ယူကရိန်းပေါ်လစီနှင့်ပတ်သက်၍ ချီးမွမ်းမှုနှင့် ဝေဖန်မှုများစွာတို့က ဘိုင်ဒင်၏ ဖြစ်ရပ်အလိုက် ဗားရှင်းပြောင်းမှုကို လက်ခံခဲ့ကြသည်။ သို့သော် အမေရိကန်တို့ စစ်ပွဲထဲသို့ ဝင်ရောက်လိုက်သည့်အခါ အမေရိကန်နိုင်ငံသားများအနေဖြင့် ယုံယုံကြည်ကြည် လက်ခံကြမည်ဆိုသည်ကား သေချာပါသလား။

သူတို့အနေဖြင့် စစ်ပွဲထဲသို့ မဝင်ရောက်သေးမီ သူတို့၌ စစ်ပွဲထဲဝင်ပါရန် ရည်ရွယ်ချက်မရှိပါဟု အခိုင်အမာပြောဆိုတတ်ကြောင်း အမေရိကန်သမ္မတများတွင် သမိုင်းကြောင်းရှိပါ၏။ “သူက ကျွန်ုပ်တို့ကို စစ်ပွဲထဲက ဆွဲထုတ်ထားတယ်” ဟူသည် သမ္မတ ဝုဒရောဝီလ်ဆင် ၁၉၁၆ ခုနှစ် ဒုတိယအကြိမ် ပြန်အရွေးခံချိန် ကြေညာခဲ့သည့် ကြွေးကြော်သံဖြစ်ပါသည်။ သို့သော် ဝီလ်ဆင်သည် အမေရိကန်နိုင်ငံသားများကို ပထမကမ္ဘာစစ်ထဲသို့ ဆွဲခေါ်ခဲ့သည်။ အမေရိကန်၏ စစ်ပွဲအတွင်း ဝင်ရောက်မှုကို မလွှဲမရှောင်သာအဖြစ် ဖော်ပြပြီးချိန်၌ သူ၏သမ္မတ ဒုတိယသက်တမ်း တစ်လပြည့်ရုံသာရှိသေး၏။

၁၉၆၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း သမ္မတ လင်ဒွန်ဘီဂျွန်ဆင်က “သူတို့ ကိုယ်တိုင်အတွက် အာရှလူငယ်များ တာဝန်ယူနေရသကဲ့သို့  သူသည် အမေရိကန်လူငယ်များအား နေအိမ်မှနေ၍ မိုင်ပေါင်း ကိုးထောင်၊ တစ်သောင်းဝေးသည့် နေရာများသို့ စေလွှတ်မည်မဟုတ်ကြောင်း” ကတိပေးခဲ့သည်။ သို့သော် သူကျမ်းသစ္စာကျိန်ဆိုပြီး တစ်လအတွင်း ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ၌ ဂျွန်ဆင်သည် Operation Rolling Thunder ဟု ထင်ရှားသော ဗုံးကြဲစစ်ဆင်ရေးကို အမိန့်ပေးခဲ့သည်။ ယင်းနောက်တစ်လအကြာတွင် အမေရိကန်လူငယ်များ ဗီယက်နမ်သို့ ရောက်ရှိနေတော့သည်။

နိုင်ငံသားများအား စစ်ပွဲထဲမှ ဆွဲထုတ်ထားမည်ဟု အထူးသဖြင့် ရွေးကောက်ပွဲတစ်ရပ်အတွင်း ပြောကောင်းပြောနိုင်သော မည်သည့်သမ္မတမဆို၏ ကတိသည် အသုံးမဝင်ကြောင်း ယင်းသမိုင်းက မျက်စိဖွင့်ပေးခဲ့သည်။ ပြောသည့်အချိန်၌ မှန်ကန်နေလျှင်ပင် အနာဂတ်အတွက် မည်သည့်အာမခံချက်မျှ မရှိ။

သို့သော် အနည်းဆုံးအနေဖြင့် ပထမကမ္ဘာစစ်နှင့် ဗီယက်နမ်ကိစ္စတို့၌ ‘စစ်ပွဲထဲ ရှိမနေရာမှ စစ်ပွဲထဲ ရောက်ရှိသွားသည့် အပြောင်းအလဲ’ ကို ရှင်းပြ၍ရနိုင်သေးပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ယင်းအပြောင်းအလဲဖြစ်သွားသည့် အခိုက်အတန့်ကို အတိအကျထောက်ပြနိုင်သေးသည်။ ယင်းထင်လင်းသော မျဉ်းက သမ္မတများသည် စစ်ပွဲနှင့် ဝေးဝေးနေရန် ဖြောင့်ဖြောင့်တန်းတန်း ကတိပေးတတ်ပြီး ယင်းကတိများ မတည်သည့်အခါ ပြည်သူလူထုအနေဖြင့် ပြော၍ရနိုင်သေးသည့် အဓိပ္ပာယ်ဖြစ်သည်။

သို့သော် မကြာသေးမီဆယ်စုနှစ်များအတွင်း  အထူးသဖြင့် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုများနောက်ပိုင်း၌ အမေရိကန်သည် ဖြစ်ရပ်တို့၏ ကာလစဉ်၊ ပထဝီဝင်နှင့် ရည်ရွယ်ချက်အစရှိသည်တို့၏ မရေမရာဝေ၀ါးသော နယ်နိမိတ်များနှင့်အတူ “အဆုံးမဲ့ ထာဝရစစ်ပွဲ” ပုံစံသို့ ပြောင်းလဲခဲ့သည်။ စစ်ပွဲဖြစ်ခြင်းနှင့် မဖြစ်ခြင်းအကြား ခြားထားသည့်မျဉ်းသည် အန္တရာယ်ကြီးလွန်းလောက်အောင် မှုန်ဝါးသွားပြီး တစ်ကွက်မှ အခြားတစ်ကွက်သို့ ရွှေ့လိုက်သည့် အဆုံးအဖြတ်အခိုက်အတန့်သည် ပိုမိုခက်ခဲသော တာဝန်တစ်ရပ်ဖြစ်လာသည်။

ထိုကဲ့သို့ဖြစ်လာရခြင်းမှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒရုန်းစစ်ပွဲနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကဲ့သို့ နည်းပညာတိုးတက်မှုတို့ကြောင့်လည်း ဖြစ်သည်။ ယင်းတို့က အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် အမေရိကန်ပိုင်နက်မှနေ၍ အမြဲတမ်းထွက်ခွာနေစရာမလိုဘဲ အခြားတိုင်းပြည်များတွင် ရန်သူများကို သတ်ဖြတ်ခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးပစ်ခြင်း၊ နျူကလီးယားဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အအုံများကို ချည့်နဲ့အောင်ပြုလုပ်ခြင်း အစရှိသည့် စစ်ပြုမှုလုပ်ရပ်များကို ပြုလုပ်ရန် ဖြစ်နိုင်သွားစေသောကြောင့်ဖြစ်သည်။ ၁၉၄၂ ခုနှစ်နောက်ပိုင်းမှစ၍ ကွန်ဂရက်သည် တရားဝင်စစ်ကြေညာခြင်း မပြုတော့ဘဲ စစ်ပြုခြင်းသည် သမ္မတ၏ အာဏာစက်အောက်မှ လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်လာသောကြောင့်လည်းဖြစ်သည်။ သို့သော် သမ္မတအဆက်ဆက်သည် ၂၀၀၂ ခုနှစ်တွင် ဂျော့ဒဗလျူဘုရှ်အား စစ်အင်အားအသုံးပြုခွင့်ပေးရန် အာမခံသည့် ကျယ်ပြန့်သော စစ်ပွဲဆိုင်ရာအာဏာရပ်များအပေါ် မူတည်နေခဲ့သည်။

ဥပမာအနေဖြင့် အမေရိကန်သည် ပါကစ္စတန် သို့မဟုတ် ဆိုမာလီယာတွင် စစ်ပွဲဆင်နွှဲနေသလားဟု မေးခွန်းထုတ်စရာရှိသည်။ အမေရိကန်သည် ၂၀၀၄ ခုနှစ်မှစ၍ ပါကစ္စတန်တွင် အယ်ကေးဒါး၊ အိုင်အက်စ်နှင့် တာလီဘန်စစ်သွေးကြွများကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ဆိုမာလီယာတွင် အယ်ရှာဘက်များကိုလည်းကောင်း ဒရုန်းဖြင့်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် နိုင်ဂျာနိုင်ငံတွင်လည်း စစ်ပွဲဆင်နွှဲနေသလားဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။ နိုင်ဂျာတွင် အမေရိကန်သည် တပ်ဖွဲ့ဝင်များ ချထားခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် ချုံခိုတိုက်ခိုက်ခံရသောကြောင့် အမေရိကန်စစ်သားလေးဦး သေဆုံးခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုသည် ယီမင်ပြည်တွင်းစစ်တွင် မည်သည့်အခါကမျှ တရားဝင် ပါဝင်ခဲ့ခြင်း မရှိပါ။ သို့သော် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အရပ်သားများကို အမေရိကန်လုပ် ဒုံးကျည်ထိပ်ဖူးများဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ပဲ့ထိန်းစနစ်ဖြင့် ပစ်မှတ်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ငြိမ်းချမ်းရေးမပါဘဲ ငြိမ်းချမ်းရေးကို တောင်းဆိုနေခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူအများအပြားက ယုံကြည်ရလောက်အောင် ယီမင်စစ်ပွဲ ခုနစ်နှစ်တာအတွင်း အမေရိကန်၏အခန်းကဏ္ဍသည် ကြီးမားလွန်းလှသည်။ ၂၀၁၉ ခုနှစ်၌ နှစ်ပါတီလုံးမှ အထက်လွှတ်တော်အမတ်အများစုနှင့် ယခုနှစ်တွင် ၀ါရှင်တန် ဒီမိုကရက်အမတ် ပရာမီလာဂျာယာပေါနှင့် အော်ရီဂွန်ဒီမိုကရက်အမတ် ပီတာဒီဖာဇီယိုတို့အပါအဝင် အမေရိကန် ဥပဒေပြုအမတ်များ၏ အခန်းကဏ္ဍသည်လည်း လွန်စွာကြီးမားခဲ့သည်။ - ယင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (အိုင်) အား ချိုးဖောက်မှုဟု သတ်မှတ်နိုင်သည်။ ပုဒ်မ (အိုင်)သည် စစ်ကြေညာရန်အာဏာအတွက် ကွန်ဂရက်ကို အာမခံထားပြီး ၁၉၇၃ စစ်ပွဲ အာဏာများဆိုင်ရာ ဆုံးဖြတ်ချက်အရ သမ္မတက အစပြုသော စစ်ရေးလုပ်ဆောင်ချက်ကို သဘောသဘာဝနှင့် အချိန်အစီအစဉ်တို့၌ သိသာထင်ရှားစွာ ကန့်သတ်ထားသည်။

ကန့်သတ်ချက်မျဉ်းက မည်သည့်နေရာ၌ ရှိသည်ဆိုသည်မှာ အပြည့်အဝ ရှင်းလင်းပြတ်သားခြင်း မရှိသည့်တိုင် ယင်းဥပဒေပြုအမတ်များ ကောက်ချက်ချထားသည့် အဆိုပါကန့်သတ်မျဉ်းကို အမေရိကန်သည် ယီမင်၌ ဖြတ်ကျော်ခဲ့သည်။

အမေရိကန်၏ယီမင်တွင် လုပ်ပုံကိုင်ပုံက ယခုယူကရိန်းတွင် အမေရိကန်၏ လုပ်ပုံကိုင်ပုံနှင့် များစွာဆင်တူသည်။ လွန်ခဲ့သည့်လတွင် အမေရိကန်အရာရှိများထံမှ ပေါက်ကြားမှုက အမေရိကန်သည် ရုရှားဗိုလ်ချုပ်များကို သတ်ရန်အတွက်လည်းကောင်း၊ ရုရှားစစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ရန်အတွက်လည်းကောင်း ယူကရိန်းကို ကူညီခဲ့ကြောင်း ဖော်ပြနေပြီး မစ္စတာဘိုင်ဒင်သည် ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလျံ အထောက်အပံ့ကို လက်မှတ်ရေးထိုးပေးခဲ့သည်။ ယင်းတို့ထဲမှ အများအပြားမှာ လက်နက်ကြီးများနှင့် ထောက်လှမ်းရေးသတင်း ဝေမျှခြင်းတို့ကဲ့သို့သော စစ်ရေးအထောက်အပံ့အတွက်ဖြစ်သည်။  မစ္စတာဂျာယာပေါနှင့် မစ္စတာဒီဖာဇီယိုတို့ မဲပေးခဲ့ကြသည့် ဥပဒေကြမ်းသည် စစ်ရေးအထောက်အပံ့ ဦးစားပေးဘီလျံများ၏ ထိပ်သို့ ရောက်လာသည်။ ယခုလတွင် ဘိုင်ဒင်အစိုးရအဖွဲ့သည်လည်း သဘောတရားအရ ရုရှားပိုင်နက်အတွင်းထဲထိ တိုက်ခိုက်နိုင်သော ရော့ကက်စနစ်များကို ယူကရိန်းသို့ ပေးပို့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး Hellfire ဒုံးကျည်များ တပ်ဆင်နိုင်သည့် ဒရုန်းလေးစင်းကို ယူကရိန်းအစိုးရထံ ရောင်းချပေးရန် အစီအစဉ်များရှိကြောင်း သတင်းများက ဖော်ပြသည်။

“ယူကရိန်းစစ်ပွဲမှာ အမေရိကန် ပါနေတာလား”။ နေရာချင်းလဲကြည့်မည်ဆိုပါစို့။ အမေရိကန်ဗိုလ်ချုပ်များကို သတ်ရန် သို့မဟုတ် အမေရိကန်ရေတပ်သင်္ဘောကို နှစ်မြှုပ်ပစ်ရန် ကူညီခဲ့ကြောင်း ရုရှားအရာရှိများက ဝန်ခံခဲ့သည်ဆိုပါက — ဤနေရာ၌  များစွာရှုပ်ထွေးထွေပြားသွားမည်ကို တွေ့ရှိရပေလိမ့်မည်။ အလွန်ဆုံးအနေဖြင့် ယူကရိန်းတွင် အမေရိကန်၏ လုပ်ပုံကိုင်ပုံသည် စစ်ခင်းနေခြင်း မဟုတ်ရေးချ မဟုတ်ဟု ဆိုရရုံသာရှိပေမည်။ ယခုအထိယင်းကဲ့သို့ လုပ်ပုံကို စစ်ပြုသည်ဟု ခေါ်ဆိုခြင်းမှ ရှောင်လွှဲနိုင်ခဲ့သေးလျှင် ထို့နည်းလည်းကောင်းပင် ဆက်သွားနိုင်ပေဦးမည်။ ကမ္ဘာကြီး၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ အလွန်တရာ မရေမရာဖြစ်လာနေသောကြောင့်သာ ယင်းကဲ့သို့ ဖြစ်နေရခြင်းလည်း ဖြစ်နိုင်ပါသည်။                 

Ref:NY Times

Most Read

Most Recent